အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ စက်တင်ဘာ ၈ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတရာသဘောတူညီမှု မရခဲ့ကြောင်း UNFC ၏ပြောရေးဆို ခွင့်ရှိသူ နိုင်ဟံသာကပြောသည်။
ယခုဆွေးနွေးပွဲတွင် နှစ်ဖက်အပြန်အ လှန်အမြင်ဖလှယ်သည့် သဘောသာရှိပြီး “သဘောတူညီချက် ဆုံး ဖြတ်ချက်တွေ ချတဲ့အဆင့်မျိုး တစ်ခုမှမရဘူး” ဟု သူကဆိုသည်။ “ဒါပေမဲ့ နားလည်မှုတော့ ပိုရှိလာတယ်” ဟုလည်း နိုင်ဟံသာ က ယခုဆွေးနွေးပွဲကို မှတ်ချက်ပြုသည်။
လာမည့် အောက်တိုဘာလကုန်တွင် နေပြည်တော်၌ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ၀န်ကြီးဦးအောင်မင်းက ဖိတ်ခေါ်ခဲ့သော်လည်း UNFC ဘက်မှလက်မခံသေးကြောင်း ၎င်းက ဆက်ပြော ခဲ့သည်။
ယခုချင်းမိုင်ဆွေးနွေးပွဲတွင် အစိုးရ၏ငြိမ်းချမ်းရေးအဖွဲ့ဘက်မှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်ကမ်းလှမ်းခဲ့ပြီး UNFC ဘက်မှ လက်ရှိအပစ်ရပ်ရေးဆွေးနွေးပြီးသားဖြစ်သည့် အဖွဲ့များသည်ပြည်ထောင်စု အဆင့်အထိ လက်မှတ်ထိုးပြီးဖြစ်သဖြင့် တပ်နေရာချထားရေးနှင့် နိုင်ငံရေးအရ ဆွေးနွေးရန် လိုအပ်ကြောင်း ပြန်လှန်ဆွေးနွေးခဲ့သည်ဟု ဆွေးနွေးပွဲတွင်ပါဝင်သူများက ဆိုသည်။
“တချို့အဖွဲ့တွေက အပစ်အခတ် လက်မှတ်ထိုးပြီးပြီဆိုပေမဲ့ တိုက်ပွဲပေါင်းရာနဲ့ချီ ဖြစ်နေတယ်။ အဲဒီလိုမျိုး ကျွန်တော် တို့ မဖြစ်စေချင်ဘူး။ တပ်နေရာချထားရေး၊ တပ်လှုပ်ရှားခွင်တွေ၊ တပ်ဘက်ဆိုင်ရာနားလည်မှု အခိုင်အမာ ရှိဖို့လို တယ်။ ဒါမှ ထိုးဖို့သင့်တယ်။ အပစ်ရပ်တယ်ဆိုတာက ဒီအတိုင်းရပ်နေဖို့မဟုတ်ဘူး။ နိုင် ငံရေးအရဆွေးနွေးဖို့ဖြစ်တယ်။ ရှေ့ ဆက် နိုင်ငံရေးဆွေးနွေးဖို့ အခြေအနေတွေ၊ နားလည်မှုတွေ ရှိဖို့လို တယ်” ဟု နိုင်ဟံသာက ၎င်းတို့ ဘက်မှအမြင်ကိုရှင်းပြသည်။
ယခုဆွေးနွေးပွဲတွင် အစိုးရဘက်မှ ၀န်ကြီးဦးအောင်မင်း၊ လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ငြိမ်းချမ်း ရေး စင်တာမှ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဦးညိုအုန်းမြင့်၊ ဒေါက်တာ မင်းဇော်ဦးတို့ အပါအ၀င်ခုနစ်ဦး တက်ရောက်ဆွေးနွေး ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့ဖြင့်ဖွဲ့စည်းထားသော UNFC ဘက်မှ KIO အတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဗိုလ်မှူးကြီး ဂျီးနောင်၊ မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှပဒို မန်းမန်း၊နော်စီဖိုးရာစိန်၊ ကရင်နီတိုးတက် ရေးပါတီမှ ခူးဦးရယ်၊ ဦးအောင်ဆန်းမြင့်၊ PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဦးခွန်မြင့်ထွန်း၊ SSPP မှ စ၀်ပိန်ဖတို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
လေ့လာသူများအဖြစ် ဂျပန်လူမှုရေး အသင်းအဖွဲ့ဖြစ်သည့် နိပွန်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှ ဒု-ဥက္ကဌ ကိုမျိုးဝင်း၊ မဆူးပွင့်တို့ တက် ရောက်ခဲ့ကြသည်။
အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့က UNFC နှင့် နောက်တစ်ကြိမ်ဆွေးနွေးမှုကို ရန်ကုန်မြို့၌ပြုလုပ်ရန် ဖိတ်ခေါ် ထားသော်လည်း UNFC ဘက်မှ အဖြေမပေးသေးကြောင်း နိုင်ဟံသာကပြောသည်။
ဖနိဒါ
Ref...မဇ္ဈိမ
0 comments:
Post a Comment