Pages

Wednesday, September 11, 2013

သီပေါမြို့ရှိ နတ်နန်းတွင် ထွေအုပ်စာရေးများ ထားရှိမှု ဒေသခံများ မကျေနပ်


  ရှမ်းပြည်နယ် သီပေါမြို့ရှိ ရှေးဟောင်း နတ်နန်းအတွင်း ထွေ/အုပ်စာရေးမများ ထားရှိမှုအတွက် ဒေသခံ အချို့မှ ဘ၀င်မကျ ဖြစ်နေကြကြောင်း သေသခံများအချို့က ပြောကြသည်။

“တကယ်ဆို ဒါနန်းထိန်းတွေရဲ့ အလုပ်ပါ။ နတ်နန်းကောင်းအောင်ပြင်ဖို့လည်း နန်းထိန်းတွေရဲ့ တာဝန်ပါ။ ဒီလိုမျိုး ထွေ/အုပ်က စာရင်းစစ်နေတာမျိုးကတော့ သိပ်အဆင်မပြေလှဘူး”ဟု နန်းထိန်းမိသားစုဝင်တစ်ဦး က ပြောသည်။
အဆိုပါထွေ/အုပ်စာရေးများသည် တစ်ရက်လျှင် နှစ်ယောက်ကျ အလှည့်စီ စာရင်းကောက်ရန် ထားရှိပေး ခြင်းဖြစ်ကာ ကန်တော့ပွဲ အရေအတွက် စာရင်းသာ မှတ်ရပြီး ရရှိသော ငွေကြေးအား နတ်နန်း ကော်မတီမှ တဆင့် နတ်နန်းအတွက် ဖွင့်ထားသော ငွေစာရင်းထဲသို့ ထည့်ပေးရကြောင်း သိရသည်။

“ကျမတို့က ထွေ/အုပ်စာရေးတွေပါ။ ဒီလိုမျိုး နတ်နန်းကို လာပြီးတော့ စာရင်းစစ်ရတာမျိုးကိုလည်း မလုပ် ချင်ကြပါဘူး။ ကိုယ့်ဒေသလည်းဖြစ်၊ ကိုယ့်လူတွေလည်း ဖြစ်နေတော့ မျက်နှာ နာနေရတယ်။ အထက်လူ ကြီးက တာဝန်ပေးလို့ လုပ်နေရတာပါ။ ကျမအလှည့် ဆိုရင်တော့ မစောင့်ဘူး။ လူငှားပဲ ထည့်လိုက်တယ်”ဟု ထွေ/အုပ်စာရေးမ တစ်ဦးက ပြောသည်။

၎င်းနတ်နန်းများမှ တစ်ရက်လျှင်ပုံမှန် ကုန်ကျငွေမှာ (၁၃၂၀၀)ကျပ်ရှိပြီး မကိုက်ကြကြောင်း ကျန်အလှူ ငွေများကို ထွေ/အုပ်မှ စာရင်းဖြင့် နန်းထိန်းကော်မတီသို့ ပေးဆောင်ရသောကြောင့် စာရင်းချုပ်ပါက တစ်ခါ တရံတွင် ငွေစိုက်ရသည်အထိ ရှိလာကြောင်း နန်းထိန်းများက ပြောသည်။

“နန်းထိန်းကလည်း နန်းထိန်းအလုပ်လုပ်၊ ထွေ/အုပ်စာရေးကလည်း ထွေ/အုပ်စာရေး အလုပ်လုပ်ပေါ့။ အခုဟာက စာရေးမတွေလည်း စိတ်မသက်သာသလို နန်းထိန်းတွေလည်း ဘ၀င်မကျဘူး။ ညှိနှိုင်းပြီး သွား ရင်လည်း သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးကနေတဆင့် ဆောင်ရွက်ပေးလို့ ရတာပဲ။ ဒီကိစ္စက ဒေ သခံ အချို့လည်း ဘ၀င်မကျကြဘူး”ဟု လူမှုရေးအသင်းအဖွဲ့မှ လူငယ်တာဝန်ခံတစ်ဦး ကပြောသည်။

အဆိုပါကိစ္စအတွက် သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူးအား မေးမြန်းရာတွင် စာရေးမများ ထားရှိပေးရခြင်းမှာ နန်းအတွက် တစ်နှစ်တာရရှိငွေ အမောက်အား သိရှိနိုင်ရန်ဖြစ်ကြောင်း စာရင်းသာ ကောက်ယူခြင်းဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာအား ထွေ/အုပ်မှ ရယူခြင်းမရှိကြောင်း၊ အဆိုပါ နတ်နန်းမှာ ရှမ်းပြည်နယ်တစ်ခုလုံး၏ အထင်ကရ နတ်နန်းတစ်ခုဖြစ်လာသော်လည်း နတ်နန်းအား ပြင်ဆင် မွမ်းမံနိုင်ရန်အတွက် ယင်းငွေအား နတ်နန်း ကော်မတီဖွဲ့၍ ထားရှိရခြင်းဖြစ်ပါကြောင်း နတ်နန်းအတွက် အလှူခံပုံးမှရငွေ၊ လက်တော်မှ ရငွေ (ဓါးအစွပ်နေရာတွင် ငွေစက္ကူအား ကန်တော့ပုံစံ ပြုလုပ်၍ လှူဒါန်း ကြသည့်ငွေ)၊ ပွဲထိုးရာမှ ရငွေ၊ စသည်တို့အား ဘဏ်စာရင်းဖွင့်ကာ ထားရှိပေးထားပြီး နတ်နန်းအား ပြန် လည်ပြုပြင်နိုင်ရန်အတွက်သာ ဖြစ်ကြောင်း၊ ယခုအခါတွင် နတ်နန်းမှာ အလွန်စည်ကားလာသဖြင့် နန်း ထိန်းလုပ်လိုသူ များပြားလာကာ အမျိုးမျိုးတိုင်တန်းကြခြင်းသာ ဖြစ်ကြောင်း၊ စာရေးမများအားလည်း တစ် နှစ်အထိ ဆက်လက် ထားရှိမည်ဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာ ရယူလိုခြင်းကြောင့် မဟုတ်ဘဲ နတ်နန်း အတွက်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။
အဆိုပါနတ်နန်းမှာ အုန်းဘောင်ခေတ် သီပေါစော်ဘွား ကိုးဆက်မြောက်၏ ညီဖြစ်သူ ပေါပန်သည် တုံစင့် ဘိုးဘိုးကြီးအဖြစ် ဒေသအား စောင့်ရှောက်လျက် ရှိကြောင်း သက်ဝင်ယုံကြည်ကြသည်ဟု တုံစင့်နတ်နန်း ကျောက်စာအရ သိရှိရသည်။

စိုင်းကံသာ (လားရှိုး)

Ref..themyanmaage 

0 comments:

Post a Comment