Pages

Monday, September 23, 2013

သူရဦးရွှေမန်းနှင့်တွေ့ဆုံရန် ရခိုင်လူထုခေါင်းဆောင်များ ကြိုပြင်ကြပြီ


ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် ရခိုင်ပြည်နယ်မြို့နယ်များမှ လူထု ကိုယ်စားပြု ခေါင်းဆောင်များမှာ ရခိုင်အရေးနှင့်ပတ်သက်၍ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးကြမည်ဟု သိရှိရသည်။ 

ရခိုင်ပြည်နယ်မှ မြို့နယ်တစ်မြို့နယ်လျှင် လူထုကိုယ်စားလှယ်(၃)ဦးစီဖြင့် (၁၇)မြို့နယ်မှ လူထုခေါင်းဆောင် များအား ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက တွေ့ဆုံရန်ဖိတ်ကြားထားခြင်းဖြစ်သည်ဟု စစ်တွေမြို့မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။

“ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်လူထုကိုယ်စားလှယ်များနဲ့ တွေ့ဆုံပွဲပါ၊ အဓိက ဆွေးနွေးဖို့ ကတော့ ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ လျှပ်စစ်ကဏ္ဍ၊ ပြည်နယ်သယ်ယူ
ပို့ဆောင်ရေးကဏ္ဍ၊ စီပွားဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမှာပါ’’ဟု ဦးသန်းထွန်းက ပြော သည်။

ရခိုင်လူထုခေါင်းဆောင်များနှင့်တွေ့ဆုံရန် ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းမှ ရခိုင်သဟာယ အသင်းမှ တစ်ဆင့် ရခိုင်လူထုခေါင်းဆောင်များအား ဖိတ်ကြားထားခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ၂၉ရက်နေ့ ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးခန်းမ (IBC) ၌ ပြုလုပ်မည်ဟုသိရပြီး ရခိုင်ပြည်နယ်ရှိမြို့နယ်များမှ လူထုကိုယ်စားလှယ်များမှဆွေးနွေးမည့် အ ကြောင်းအရာများအတွက် ပြင်ဆင်နေကြပြီဟု သိရသည်။

ထို့အပြင် ရန်ကုန်အခြေစိုက်ရခိုင်လူမှုအဖွဲ့အစည်းများကို ဆွေးနွေးရန်ဖိတ်ကြားထားသည်ဟု သိရသည်။ ဆွေးနွေးပွဲ၌ ရခိုင်ပြည်နယ်အရေးကို အဓိကထားဆွေးနွေးကြမည်ဖြစ်သည်ဟု ဦးသန်းထွန်းက ဆိုသည်။

“ကျွန်တော်တို့က မြင်တာပေါ့နော်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ရခိုင်လူထုတွေနဲ့ တွေ့ဆုံ တာဟာ နှစ်ချက်ရှိမယ်၊ (၁)အချက်က ရခိုင်နဲ့ဘင်္ဂါလီနှစ်ဖက် ပြန်လည်သင့်မြတ်ရေးကိစ္စ ပါဝင်နိုင် သလို လျှပ်စစ် ကိစ္စကို ဆွေးနွေးနိုင်မယ်လို့ ယူဆနိုင်တယ်၊ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့က စောင့်ကြည့်ရ ဦးမှာပါ၊ ဘာတွေ ဖြစ်လာမလဲ ရလာတဲ့ အဖြေတွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ဆိုတာကိုပါ’’ဟု စစ်တွေမြို့မှ ဝါရင့်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးက ၄င်းအမြင်ကို ပြောသည်။

မြို့နယ်အလိုက်ကိုယ်စားလှယ်များအနေဖြင့်လည်း လက်ရှိရခိုင်ပြည်နယ်၏စီးပွားရေးနှင့် တည်ငြိမ်ရေး၊ တ ရားဥပဒေ စိုးမိုးရေးရခိုင်ပြည်နယ် လျှပ်စစ်ဓါတ်အားစသည့် ကိစ္စရပ်များအား ဆွေးနွေးကြမည်ဟု သိရ သည်။

ယခုတွေ့ဆုံမည့် ဆွေးနွေးပွဲမှာ ရခိုင်လူထုနှင့် ပြည်ထောင်စုလွှတ်တော် နာယကသူရ ဦးရွှေမန်းအကြား ပထမဆုံး အကြိမ် ရခိုင်ပြည်နယ်အရေးတွေ့ဆုံမည့် လူထုတွေ့ဆုံပွဲဖြစ်လာမည်ဖြစ်သည်။

Shwe Myitmakha Media Group

0 comments:

Post a Comment