တောင်ဥက္ကလာပမြို့နယ် ဇီဇဝါ ဥယျာဉ်အိမ်ရာရှိ နေအိမ်တစ်လုံးတွင် ကျပ်သိန်းငါးရာကျော် တန်ဖိုးရှိ စိန် ထည်လက်ဝတ်လက်စားနှင့် တန်ဖိုးကြီးစာချုပ်စာတမ်းများ ပျောက်ဆုံးမှုကြောင့် ဖခင်က သမီးအရင်း နှစ်ဦး ကို စက်တင်ဘာလ ၁၆ ရက်နေ့က အမှုဖွင့် တိုင်တန်းထားကြောင်း တောင်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အသက် ၆၃ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ ဦးတင်လှအောင် အထက်တန်းရှေ့နေ အငြိမ်းစားသည် ဇနီးနှင့်အတူ အမေရိကန် ပြည်ထောင်စုရှိ သမီးအကြီးဆုံးထံ သွားရောက်လည်ပတ်ရန် နေအိမ်ကို သော့ခတ်၍ ခြံဝင်း သော့ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက် နေ့က ယင်းဥယျာဉ်အိမ်ရာ လုံခြုံရေးမှူးထံ အပ်နှံခဲ့ကာ အဆို ပါညတွင် အသက် ၂၀ ဝန်းကျင် ရှိ အငယ်ဆုံးသမီးဖြစ်သူ မခင်နန်းထက်အောင် ရောက်ရှိလာကာ ခြံသော့ ကို တောင်းယူသွားပြီး နောက်ပိုင်းရက် များတွင် ဧည့်သည်များ ခေါ်ဆောင်ကာ ဝင်ထွက် သွားလာခဲ့ ကြောင်း အဆိုပါ ဥယျာဉ်အိမ်ရာ လုံခြုံရေးမှူး ဦးစိုးဝင်းက ပြောကြားသည်။
ယင်းနောက် ၁၀ လခန့်အကြာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် နေအိမ်ပိုင်ရှင် ဦးတင်လှ အောင် ပြန်လည်ရောက်လာချိန် နေအိမ်တွင်းရှိ သိန်းငါးရာကျော် တန်ဖိုးရှိ စိန်ထည် လက်ဝတ်လက်စား နှင့် တန်ဖိုးကြီး စာချုပ်စာတမ်းများ ပျောက်ဆုံးနေသဖြင့် မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ပြီးမှသာ မိမိတို့ သိရှိ ရကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
"ပိုင်ရှင်ရဲ့ သမီးအရင်းက ခြံသော့ လာတောင်းလို့ ပေးလိုက်တာ။ သူ့ဆီမှာက အိမ်သော့ရှိပြီးသား ဆိုတော့ ဝင်လို့ရတာပေါ့။ လုံခြုံရေးဂိတ်ဝ မှာလည်း နေ့စဉ် လူဝင်လူထွက်စာရင်း ရှိပြီးသားပါ" ဟု ၄င်းက ရှင်းပြ သည်။
နေအိမ်၌ မိဘနှစ်ပါးမရှိခိုက်တွင် သမီးနှစ်ဦးက အိမ်၊ ခြံ၊ မြေအကျိုးဆောင် များခေါ်ကာ အိမ်အ ရောင်းအဝယ် ပြုလုပ်ပြီး အိမ်၊ ခြံ၊ မြေအကျိုးဆောင် ခြောက်ဦးထံမှ တစ်ဦးလျှင် စရန်ငွေကျပ် သိန်းနှစ် ထောင်စီ ယူဆောင်သည်ဟု ကြားသိရကာ လချုပ်ဖြင့် ငှားရမ်းထားသော ပါဂျဲရိုးယာဉ် ကို ပြန်လည် မအပ်ခဲ့ခြင်းကြောင့် ယာဉ်ပိုင်ရှင်က ၄င်းတို့နှစ်ဦးကို လိုက်လံ စုံစမ်းနေသည်ဟု ကြားသိရကြောင်း ယင်း ဥယျာဉ်အိမ်ရာ နေထိုင်သူများထံမှ သိရှိရသည်။
"အမေရိကန်က သမီးဆီကို သွားတယ်လို့ပဲ ကျွန်တော်တို့က သိရတာ။ ဒါပေမဲ့ ရဲစခန်းအမှုဖွင့် တိုင်စာမှာက ထိုင်းမှာ ဆေးသွားကုတယ်လို့ ကြားတယ်။ အိမ်တွင်းရေးကိစ္စ ဆိုတော့ ကျွန်တော်တို့က ဝင်မပတ်သက်ဘူး" ဟု ယင်းအိမ်ရာရှိ အိမ်ပိုင်ရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ ပစ္စည်းပျောက်ဆုံးမှု တိုင်ကြားသူတွင် သမီးလေးဦး ရှိပြီး ယခု အမှုဖွင့် တိုင်ကြားခံရသည့် သမီးငယ် နှစ်ဦးသည် ၂၀၀၉ ခုနှစ်နောက်ပိုင်း ယင်းအိမ်ရာတွင် နေထိုင်ခြင်း မရှိကြောင်း လုံခြုံရေးများ ထံမှ သိရှိရသည်။
သမီးအရင်းနှစ်ဦး ဖြစ်သူ မခင်နန်းထက်အောင်နှင့် မခင်ထက်အောင် တို့ကို ဇီဇဝါအိမ်ရာ၏ အိမ်ဂရမ် မူရင်းနှင့် ဝယ်ယူစာချုပ် မူရင်းနှင့်အတူ အခြားမြို့နယ် များတွင် ဝယ်ယူထားသော ကျပ်သိန်း ၅၁၁ သိန်းခန့် ရှိသော ဂရမ်မူရင်းခုနစ်ခု၊ စိန်ထည် ခုနစ်မျိုး၊ ကျောက်မျက်ရတနာ သုံးမျိုး၊ ရွှေထည်ပစ္စည်း ၁၀ မျိုးနှင့် ဒေါ်လာ ၃၀၀၀ တို့ကို ယူဆောင်သွားသည် ဟုဆိုကာ အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
အဆိုပါ အမှုကို (ပ) ၃၄၁/၁၃၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း ယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly
0 comments:
Post a Comment