Pages

Monday, September 23, 2013

တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လူထုဆန္ဒအတိုင်းလုပ်ဆောင်ဖို့ ၃ ပြည်နယ်ဆွေးနွေးပွဲတွင် RCSS/SSA တင်ပြ


ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (သျှမ်း-ကယား-မွန်)ဆွေးနွေးပွဲတွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ /သျှမ်းပြည်တပ်မတော်ဘက်မှ နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ အချက် ၄ ချက်တင်ပြခဲ့ကြောင်း စုံစမ်းသိရှိ ရပါသည်။



“ ၁- နိုင်ငံရေးဆွေးနွေးပွဲမှာ စည်းလုံးညီညွတ်ခြင်းနဲ့ ယုံကြည်ခြင်းဟာ အရေးကြီးကြောင်း၊  ၂- အစိုးရ ဘက်က အိမ်ရှင်အဖြစ် ပြုလုပ်မှာဖြစ်တဲ့အတွက် စိတ်ရှည်လက်ရှည်ထားပေးဖို့၊   ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင် ဖို့အတွက် ခွင့်ပြုပေးဖို့ ၊ ၃- ပြည်ထောင်စု စစ်စစ်ဖြစ်ဖို့အတွက် တိုင်းရင်းသားများအားလုံးပါဝင်တဲ့ အစိုးရ တရပ်ဖြစ်ဖို့ ၊ တိုင်းရင်းသားရေးရာဝန်ကြီးထားရှိဖို့ နဲ့ ၄- တိုင်းရင်းသားအားလုံးပါဝင်တဲ့ တန်းတူအခွင့် အရေးရှိတဲ့ အုပ်ချုပ်ရေးပိုင်းကို ဝင်မစွက်ဖက်တဲ့  ပြည်ထောင်စုတပ်မတော်ဖြစ်အောင် ကြိုးပမ်းဖို့ အစရှိ အ ချက် ၄ ချက်ပါရှိပါတယ်” ဟု RCSS က ပြောဆိုပါသည်။ 



RCSS/SSA ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေးက RCSS/SSA ၏ အမြင် သဘောထား ၃ ချက်နှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အချက် ၄ ချက်ကို  တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ 



အစည်းအဝေး ဒုတိယရက်ဖြစ်သော စက်တင်ဘာလ ၂၃ ရက်တွင် ဗိုလ်မှူးချုပ်ပေါင်ခေးက RCSS/SSA ၏ အမြင်သဘော ထားများ တင်ပြခဲ့ခြင်းဖြစ်ပါသည်။



“ တယောက် တဖွဲ့တအုပ်စုတည်းကနေ တိုင်းပြည်အုပ်ချုပ်တာမျိုးမဖြစ်အောင်ပေါ့နော်။ အဲလိုအုပ်ချုပ် နေတဲ့ ကျနော်တို့ နိုင်ငံက သူများတွေထက်နောက်ကျတယ်။ အရင်တုန်းက ကျနော်တို့နောက်မှာနေတဲ့  မ လေးရှား၊ စင်္ကာပူ ၊ထိုင်း၊ တရုတ်နိုင်ငံတွေဟာ အခု ကျနော်တို့နိုင်ငံထက် အဆပေါင်းများစွာ ဖွံ့ဖြိုးနေ ကြပြီလေ။ ဒါ ဖွံ့ဖြိုးတိုးတက်အောင်ဆိုရင် ပြည်သူလူထုရဲ့ အမြင်သဘောထားအတိုင်း ဆောင်ရွက်မှသာ တိုးတက်မှာဖြစ်ပါတယ် ဆိုတာ တိုင်းပြည်တည်ဆောက်ရာမှာ အသုံးပြုဖို့ အကြံပေးမှုတွေလည်း တင်ပြခဲ့ပါ တယ် ” ဟု ဆွေးနွေးပွဲတက်ရောက်သည့် ဗိုလ်မှူးချုပ်ပေါင်ခေးက်ပြောပြပါသည်။ 



သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုကျင်းပသော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း သျှမ်း-ကယား-မွန် ပြည်နယ်အဆင့် ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၁ မှ ၂၃ အထိ တောင်ကြီးမြို့တွင် ကျင်းပခဲ့ပါသည်။



၁- ဒီမိုကရေစီ ၂-ဖက်ဒရယ် ၃- ငြိမ်းချမ်းရေးနှင့် ၄- ဖွဲ့စည်းပုံပြင်ဆင်ရေးဟူသည့် ခေါင်းစဉ် ၄ ခုဖြင့် ဆွေး နွေးသွားခဲ့သည်ဟု သိရပါသည်။



ဆွေးနွေးပွဲ တတိယနေ့  ၂၃ စက်တင်ဘာ ယနေ့တွင်ဆွေးနွေးခဲ့သည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များမှာ ၁) ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဗိုလ်မှူးကြီး ခွန်သူရိန် ၂) သျှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီမှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစဝ်ယွန်းပိုင် ၃) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် မှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခွန်တင်ထွဋ် ၄) သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) မှ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စိုင်းအွန် ၅) ငြိမ်းချမ်းရေး ဆွေး နွေးရေး အကျိုးဆောင်အဖွဲ့ Peace-talk Creation Group (PCG) မှ ဦးခပရာခွန်းအောင်နှင့် ဦးအင်ရှန်းဆန်အောင် ၆) တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (WGEC) မှ အဖွဲ့ဝင် ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်း စဉ် အယ်ဒီတာချုပ် ဦးခွန်စိုင်း ၇) မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ၏ Ceasefire Negotiation & Implementation Program မှ အစီအစဉ်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ၈) Care Myanmar မှ ကျားမတန်းတူညီမျှရေး အကြံပေး နန်းဖြူဖြူလင်း တို့ပါဝင်ကြောင်း SNLD ၏ ဖေ့စ်ဘုခ်သတင်းစာမျက်နှာ တွင်ဖော်ပြ ထားပါသည်။



SNLD မှကမကထပြုသည့် အဆိုပါ ယုံကြည်မှုတည်ဆောက်ခြင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂၀၁၂ နှောင်း ပိုင်းက ရန် ကုန်မြို့တွင် (သျှမ်းပြည်အတွင်း) ပထမအကြိမ်၊ ယခုနှစ် မတ်လတွင် လားရှိုးမြို့တွင် (သျှမ်း-ကယား) ဒုတိယအကြိမ် နှင့် ယခုအခါ (သျှမ်း- ကယား- မွန်) ဟူ၍ တတိယအကြိမ်မြောက်ပြုလုပ်ခဲ့ပါသည်။


သျှမ်းသံတော်ဆင့်


0 comments:

Post a Comment