အထက်ချင်းတွင်း ဒေသ၏ မြို့တော်တစ်ခု ဖြစ်သော ဟုမ္မလင်းမြို့၌ စက်တင်ဘာ ၇ ရက် ည ၇ နာရီခွဲခန့်က မြို့နယ်ပြည်သူ့ အားကစား ကွင်းအတွင်းရှိ ပွဲကြည့်စင်ပေါ်တွင် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းကို နောင်ပကျစ် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက တွေ့ရှိခဲ့သည်ဟု လက်ရွေးစင် ဘောလုံးသမား တစ်ဦးထံက သိရသည်။
''သေဆုံးနေသူ အလောင်းက ပွဲကြည့် စင်ပေါ်မှာ ပက်လက် အနေအထားနဲ့မြင်တွေ့ရပါတယ်'' ဟု ၎င်း ဘောလုံးသမားက ဆက်လက် ပြောကြားခဲ့သည်။ ထိုအရပ်သို့ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိ လာပြီး သေဆုံးသူနှင့် ပတ်သက်၍ သတင်း အချက်အလက်များကို ပတ်ဝန်းကျင်၌ စုံစမ်းစစ်ဆေးခဲ့ရာ သေဆုံးနေသူသည် မော်လိုက်မြို့နေ ကိုအောင်လင်း အသက် ၄၇ နှစ်ဆိုသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ မှတ်တမ်းရယူခဲ့သည်။
၎င်းသေဆုံးနေသူမှာ မူလကပင် ကျန်းမာရေး ကောင်းမွန်သူတစ်ဦး မဟုတ်ကြောင်းကိုလည်း အမှုလိုက် ရဲများက ထင်မြင် ယူဆခဲ့ကြကြောင်း သိရသည်။
သေဆုံးသူသည် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမှ ရှာဖွေစိစစ်၍ မတွေ့ခဲ့ရသော်လည်း မည်သည့် အတွက် ကြောင့် သေဆုံးခဲ့ရသည်ကို ဆက်လက်၍ စစ်ဆေး ဆောင်ရွက်နိုင်ရန် ဟုမ္မလင်းမြို့မ ရဲစခန်းမှ သေမှုသေ ခင်း အမှတ်စဉ် (၁၅/၂ဝ၁၃) အရ အမှုဖွင့်ပြီး ရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဦးက ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုနေ့က ဟုမ္မလင်းမြို့နယ် နောင်ဆန်းကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၏ သတင်း ပေးပို့ချက် များအရ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ချင်းတွင်း မြစ်ကြောင်း အတွင်းမှ ပုပ်ပွနေသည့် အမျိုးသား တစ်ဦး၏ အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရ သေးသည်ဟု ဆိုသည်။ ပုပ်ပွ၍ သေဆုံးနေသော အလောင်း မှာ ဟုမ္မလင်းမြို့နယ် နောင်ဆန်းကျင် ကျေးရွာနေ ဦးဥာဏ်သိန်း အသက် ၅၅ နှစ် ဆိုသူဖြစ်ကြောင်း ရဲစခန်းမှ မှတ်တမ်းများ ရယူထားကာ သေမှုသေခင်း အမှတ်စဉ် (၁၄/ ၂ဝ၁၃)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Ref.....mmforward
0 comments:
Post a Comment