အမေရိကန်နိုင်ငံတွင် မတော်တဆဖြစ်ရပ်တစ်ခုကြောင့် မီဂါတန် ၄ အဆင့်ရှိ
နျူကလီးယားဗုံးပေါက်ကွဲမည့် ဘေးအန္တရာယ်ဆိုးကနေ သီသီလေးလွတ်ခဲ့ကြောင်း
အစိုးရ၏ လျှို့ဝှက်အဆင့် လျှော့ချလိုက်သည့် မှတ်တမ်းသစ်အရ အတည်ပြုသိရှိရကြောင်း ဘီဘီစီသတင်းတွင် စက်တင်ဘာ ၂၂ ရက်က ဖော်ပြသည်။
၁၉၆၁ခုနှစ် ဇန်နဝါရီ ၂၃ ရက်က မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွင် Mark 39
နျူကလီးယားဗုံးနှစ်လုံး တင်ဆောင်လျက် B-52 လေယာဉ်တစ်စင်း
ပုံမှန်လေ့ကျင့်ပျံသန်းစဉ် အထိန်းအချုပ်မဲ့သွားခဲ့ရာ ဝေဟင် တွင်
ပတ်ချာလည်ဝေ့ဝိုက်နေခဲ့ကြောင်း၊ ယင်းကြောင့် နျူကလီးယားဗုံးနှစ်လုံး
အထိန်းအကွပ်မှ ပြုတ်ထွက် ကာ ဂိုးစဘောရိုဒေသသို့ ပြုတ်ကျခဲ့ကြောင်း
ဂါးဒီးယန်းသတင်းစာက ဖော်ပြသည်။ ပြုတ်ကျခဲ့သော ဗုံးနှစ် လုံးတွင်
တစ်လုံးမှာ စက်ပိတ်ထားသော်လည်း ကျန်တစ်လုံးမှာမူရန်သူပစ်မှတ်ကို
ချိန်ရွယ်ပစ်ခတ်ဟန် စစ် ရေးဆင်ထားသည့် စက်ဖွင့်လျက်သား ဗုံးဖြစ်ကြောင်း ယခု
မှတ်တမ်းကို ဦးစွာရရှိခဲ့သူ ဂျာနယ်လစ် အီရစ်ရှာလိုဆာက ဆိုသည်။
''အဲဒီဗုံးသာ ပေါက်ကွဲသွားမယ်ဆိုရင် သမိုင်းလမ်းကြောင်းဟာ
တစ်ဆစ်ချိုးပြောင်းလဲသွားမှာပဲ။ ဗုံးရဲ့ ခလုတ်လေးတစ်ချက်ကို အချိန်မီ
ပိတ်လိုက်နိုင်လို့သာ တကယ့်ကပ်ဘေးက လက်မတင်လေး လွတ်မြောက် သွားခဲ့ရတာပါ''ဟု
အီရစ်က ပြောကြားသည်။ အဆိုပါဗုံးများသည် ဟီရိုရှီးမားနှင့်
နာဂါဆာကီမြို့များကို ကြဲချခဲ့သည့် အဏုမြူဗုံးများထက် ပြင်းအား အဆ ၂၆ဝ
ပိုပြင်းသည်။
အမေရိကန်အစိုးရက မတော်တဆဖြစ်ရပ်ကိုဝန်ခံဖူးသော်လည်း
ဗုံးပေါက်ကွဲခါနီးထိ ဖြစ်ခဲ့သည်ကိုမူ ပြည်သူသို့ အသိပေးခြင်းမရှိခဲ့ကြောင်း
သိရသည်။
(ဘီဘီစီ)
0 comments:
Post a Comment