တပ်မတော်သည် အာဏာသိမ်းမှုများ နှင့်အတူ နိုင်ငံရေးတွင် ပါဝင်လာသည်။ လွတ် လပ်ပြီးခေတ်နိုင်ငံရေးတွင် နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများသည် အားနည်းချည့်နဲ့ခဲ့သည့်အလျောက် တို့ဗမာ အစည်းအရုံးကို အခြေပြု ဖွဲ့စည်းခဲ့သော တပ်မတော်ကို အားကောင်းကျစ်လစ်သော အမျိုးသား နိုင်ငံရေးတပ်ဦး ဖြစ်လာစေခဲ့သည်။ ပထမ ပါလီမန်ခေတ် ခေါင်းဆောင်များသည် စစ်ဗိုလ်ချုပ်များကို နိုင် ရေးအာဏာ မြည်းစမ်းစေကာ လူမွေးခဲ့ခြင်းကလည်း တပ်မတော်၏ နိုင်ငံရေးအပေါ် သြဇာ သက်ရောက်နိုင်မှုကို လမ်းချဲ့ပေးသကဲ့သို့ ဖြစ်စေခဲ့သည်။လွတ်လပ်ပြီးခေတ် အစိုးရသည် ပြည်တွင်းစစ်နှင့် ပက်ပင်းတိုးကာ ရန်ကုန်အစိုးရ ဖြစ်သည်မှစ၍ တပ်မတော်၏ သြဇာသည် တရိပ်ရိပ် မြင့်တက်လာခဲ့သည်။ ဖဆပလ ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးဟု ကြွေးကြော်ခဲ့သော်လည်း တန်းတူရည်တူ နိုင်ငံရေး ဆွေး နွေး ပွဲများကို နောက်တန်းပို့ခဲ့ကြပြီး အာဏာကို ထိန်းကျောင်းနိုင်ရန် တပ်မတော်ကို တစ်စိတ်တစ်ဒေသ အားဖြင့် နိုင်ငံရေးဇာတ် သွင်းခဲ့ကြသည်။ ထို့ကြောင့် လွတ်လပ်ရေး ရပြီးကတည်းက တပ်မတော်ကို ပရော် ဖက်ရှင်နယ် ဖြစ်ရေးထက် အာဏာနိုင်ငံရေးကို အထောက်အပံ့ ဖြစ်ရေးကို ပိုမိုအသားပေး ခဲ့ကြသည်ဟု သုံးသပ်နိုင်သည်။
၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရသည် ပါတီများ၏ ချည့်နဲ့မှု၊ အစိုးရနှင့် လွှတ်တော်တို့၏ ညံ့ဖျင်းမှု၊ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၏ အားနည်းမှုတို့ကို အကြောင်းပြုလျက် ပေါ်ပေါက်လာခဲ့သော အကြိုအာဏာသိမ်းမှု၏ ပြယုဂ်ဖြစ်သည်။ ဖဆပလ အစိုးရသည် အမျိုးသား သွေးစည်းညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးပါတီများ ညီ ညွတ်ရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို စနစ်တကျ ချဉ်းကပ်ဖော်ဆောင်ရန် ပျက်ကွက်ခဲ့သည့်အပြင် တပ်မတော်၏ နိုင်ငံရေး ဆန်လာမှုကိုလည်း ထိန်းညှိနိုင်ခြင်း မရှိခဲ့သည်ကို တွေ့ရ သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တပ်မတော်သည် တော်လှန်ရေး ကောင်စီအနေဖြင့် ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေကို ဖျက်သိမ်းပြီး ပထမဆုံးအကြိမ် အာဏာသိမ်းယူ ခဲ့သည်မှစ၍ တပ်မတော် နိုင်ငံရေးကို အပြည့်အ၀ ရုပ်လုံးပေါ်စေခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် လွှတ်တော်တို့တွင် တပ်မတော်သား ကိုယ်စားလှယ်များ ပထမဆုံး ပါဝင်ခဲ့သည်။၁၉၈၈ ခုနှစ် စက်တင်ဘာလ တပ်မတော် အာဏာသိမ်းမှု နောက်ပိုင်း အထူးသဖြင့် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တောင်ပြိုကမ်းပြို အနိုင်ရမှု နောက်ပိုင်း၊ တပ်မတော်သည် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ထမ်းဆောင် နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်ဟူသော အချက် အား ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ထည့်သွင်းခြင်းဖြင့် တပ်မတော် နိုင်ငံရေးကို ဆက်လက် အသက် သွင်းခဲ့သည် ဟုလည်း သုံးသပ်နိုင်သည်။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို သင်ခန်းစာယူပြီး တပ်မတော် သည် အစိုးရနှင့် လွှတ်တော်များတွင် ခန့်အပ်ခံ ကိုယ်စားလှယ်များ နေရာရရှိနိုင်ရေးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ထည့်သွင်းဖော်ပြခဲ့သည်။
အစိုးရနှင့် လွှတ်တော်များ၌ တပ်မတော်သားကိုယ် စားလှယ်များ ပါဝင်ခြင်းသည် တပ်မတော်နှင့် နိုင်ငံ ရေး ပါတီများအကြား အပြန်အလှန် ယုံကြည်မှု အပိုင်းတွင် အားနည်းချက်များ ရှိနေသည်ကို ဖော်ပြနေ သကဲ့သို့ တပ်မတော်၏ ပရော်ဖက်ရှင်နယ် မဖြစ်မှုကိုလည်း ဖော်ပြနေသည်။မြန်မာ့နိုင်ငံရေး အပြောင်း အလဲတွင်တပ်မတော်သည် တိုင်းရင်းသား ပါတီများ အပါအ၀င် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများနှင့်အတူ အဓိကနေရာတွင် ရှိနေသည်။ နိုင်ငံရေး ကင်းရှင်းသော ခေတ်မီပရော်ဖက် ရှင်နယ် တပ်မတော် တည်ဆောက်ရေးကို စတင်အုတ်မြစ်ချရန် လက်ရှိကာလသည် အသင့်တော်ဆုံး ဖြစ်သည်။ တပ်မတော်ကို ပရော်ဖက်ရှင်နယ် ပြုမှုသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသားပြန် လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးတို့နှင့် ဆက်စပ်နေပြီး တပ်မတော်ကို ပရော်ဖက်ရှင်နယ်ပြုမှုနှင့် နိုင်ငံရေး အပြောင်းအလဲများ ဟန်ချက်ညီညီ ဖြစ်ပေါ်တိုးတက် နိုင်မှသာ မြန်မာ့နိုင်ငံရေး အနာဂတ်ခရီးသည် ဖြောင့်ဖြူးသာယာတည်တံ့နိုင်မည် ဖြစ်သည်။တပ်မတော်ကို ပရော်ဖက်ရှင်နယ်ပြုရေးနှင့်ပတ်သက်၍ သီးခြားစီမံချက် တစ်ရပ်ကို တပ်မတော် အရာရှိကြီးများ၊ ပြည် တွင်း၊ ပြည်ပပညာရှင်များ၊ ကျွမ်းကျင်သူများ၊ စောင့်ကြည့် လေ့လာသူများ ပါဝင်စေလျက်၊ ရေးဆွဲနိုင်ရန် လိုအပ်သည်။
အဆိုပါ စီမံချက်သည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စီမံချက်နှင့် ဟန်ချက်ညီရန် လိုအပ်သည့် နည်းတူ အတိုင်းအတာ တစ်ခုအထိ ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးရန်လည်း လိုအပ် သည်။ တပ်မတော်ကို ပရော်ဖက်ရှင်နယ်ပြုရေးတွင် နိုင်ငံတကာ အကူအညီ အထောက်အပံ့များ ရရှိနိုင် ရေးသည် အရေးကြီးသကဲ့သို့ အဆိုပါ အကူအညီ အထောက်အပံ့များနှင့် ပတ်သက်၍ မီဒီယာများမှတစ်ဆင့် ပြည်သူလူထုကို အမြဲမပြတ် အသိပေးနိုင်မည်ဆိုလျှင် ပြည်သူလူထု နှင့်တပ်မတော်အကြား ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်ရေးအတွက် အတိုင်းအတာ တစ်ခုအထိ အ ထောက်အကူ ဖြစ်စေလိမ့်မည်ဟု ယူဆသည်။မြန်မာ့သမိုင်းတွင် တပ်မတော်က အာဏာသိမ်းယူ ခဲ့မှုများ တွင် တိုင်းပြည်၊ ပြည်သူလူထုနှင့်တပ်မတော်တို့သာ အဓိက နစ်နာခဲ့သည်ကိုလည်း မပြတ်နှလုံး သွင်းသင့် သည်။ အနာဂတ် မြန်မာ့နိုင်ငံရေး လမ်းကြောင်းတွင် နိုင်ငံရေး ပြဿနာများ၊ အကြပ်အတည်းများ၊ စိန်ခေါ်မှုများ ကို နိုင်ငံရေး နည်းလမ်းနှင့်အညီ၊ စားပွဲဝိုင်း ဆွေးနွေးပွဲများ ကျင်းပအဖြေရှာသည့် နည်းလမ်း ကို ကျင့်သုံးခြင်းဖြင့် တိုင်းပြည်၊ ပြည်သူလူထုနှင့်တပ်မတော်တို့ကို နစ်နာစေနိုင်မည့် အာဏာသိမ်းမှုများကို ရှောင်ကြဉ်သင့်သည်ဟု ထင်မြင်မိပါသည်။
၁၉၆၂ ခုနှစ် မတ်၊ အာဏာသိမ်းယူမှုကြောင့် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံများတွင်တစ်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလ အာဏာသိမ်းယူမှုကြောင့် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ)၀င် နိုင်ငံများတွင် ဗီယက်နမ်နိုင်ငံ၊ လာအို နိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့၏ နောက်သို့ရောက်ခဲ့ရသည်။ အဆိုပါ ဖြစ်ရပ်နှစ်ခုကို ဆက်စပ် သုံးသပ်လျှင် အာဏာသိမ်းမှုကြောင့် နစ်နာသူများမှာ တိုင်းပြည်၊ ပြည်သူလူထုနှင့်တပ်မတော်သာ ဖြစ်သည်မှာ ထင်ရှားသည်ဟု မှတ်ယူနိုင်ပါသည်။၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် တပ်မတော်မှ အာ ဏာသိမ်းယူမှုကို ပြန်လည်သုံးသပ်လျှင် ၁၉၈၈ ခုနှစ် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင် နိုင်ငံရေး ပြဿနာများ၊ နိုင်ငံရေး စိန်ခေါ်မှုများ၊ နိုင်ငံရေး အကြပ်အတည်းများကို နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေးညှိနှိုင်း အဖြေရှာရန် ပျက်ကွက်ခဲ့ခြင်း၊ စိတ်ဝင်စားမှု မရှိခဲ့ခြင်းတို့သည် အဓိက အကြောင်း အရင်းများ ဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရသည် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် များ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် တရားဝင်နိုင်ငံရေး စားပွဲဝိုင်း ဆွေးနွေးပွဲများ ကျင်းပခဲ့ခြင်း မရှိသည့် အပြင် နိုင်ငံရေး အပြောင်းအလဲများ၊ နိုင်ငံရေး လမ်းကြောင်းများကို တစ်ဖက်သတ် ဆုံးဖြတ်၊ အတည်ပြု ပုံဖော်ခဲ့ပြီး အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များ၏ နေရာနှင့် သြဇာကို ထိန်းချုပ်နိုင်ရန် အားထုတ်ခဲ့ သည်။ ထို့ကြောင့် ခုတ်ရာရှရာတစ်ခြား၊ အနာနှင့် ဆေးတစ်ခြား ဖြစ်ခဲ့ရပြီး နိုင်ငံရေးအရ အားလုံးပါဝင် သောအဖြေရှာမှုသည် ပျောက်ဆုံးခဲ့ရသည်။ နိုင်ငံရေး ပြဿနာများကို စားပွဲဝိုင်းများတွင် ဆွေးနွေးညှိနှိုင်း အဖြေရှာသော ယဉ်ကျေးမှုထွန်းကားရေး၊ တပ်မတော်ကို ပရော်ဖက်ရှင်နယ် ပြုရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့သည် အပြန်အလှန် ဆက်စပ်လျက် ရှိနေသည်။
လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် အခရာကျနေသော လွှတ်တော် များတွင် နှစ်ဆယ့်ငါးရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်များ ခန့်အပ်မှုကိုပြင်ဆင်၊ လျော့ချနိုင်ရေး သည်လည်း တပ်မတော်ကို ပရော်ဖက်ရှင်နယ်ပြုမှု လုပ်ငန်းစဉ်နှင့် ဆက်စပ်နေသည်။ တပ်မတော် အနေ ဖြင့် အဆင့်ဆင့် ပရော်ဖက်ရှင်နယ်ဖြစ်လာလျှင် တပ်မတော်နှင့် နိုင်ငံရေးပါတီများအကြား ယုံကြည်မှုနှင့် နားလည်မှုသည်လည်းတဖြည်းဖြည်း မြင့်တက်လာမည် ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်များတွင် တပ်မ တော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်း လျော့ချရေး လုပ်ငန်းစဉ်သည် တပ်မတော်ကို ပရော်ဖက်ရှင်နယ် ပြုမှုနှင့် ဟန်ချက်ညီနေရန် အထူးလိုအပ်သည်ဟု ထောက်ပြလိုပါသည်။ နိုင်ငံရေးပါတီ များ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် နိုင်ငံရေး ခေါင်းဆောင်များသည်လည်း ကိုယ်တိုင်ပရော်ဖက်ရှင်နယ် ဖြစ်ရေးကို မျက်ခြေမပြတ်သင့်ကြောင်း ဆော်သြလိုပါသည်။နိုင်ငံရေး ပါတီကောင်းများ၊ နိုင်ငံရေး သမား ကောင်းများ ဖြစ်ရေးကို စနစ်တကျ ချဉ်းကပ်အကောင်အထည် ဖော်ရမည့်အပြင် အပြောင်းအလဲနှင့် လိုက် လျောညီထွေ ဖြစ်စေရန် မိမိကိုယ်ကို အရည်အသွေး တည်ဆောက်ရေး ကိုလည်း အာရုံစိုက်သင့်ကြောင်း တိုက်တွန်းလိုပါသည်။
နိဂုံးအချုပ်အားဖြင့်ဆိုသော် မြန်မာ့နိုင်ငံရေး အနာဂတ်တွင် တိုင်းပြည်၊ ပြည်သူလူထုနှင့်တပ်မတော်ကို နစ်နာစေသော အာဏာသိမ်းမှုများထပ်မံမဖြစ်ပေါ်စေရေး ပြင်ဆင်ဆောင်ရွက်ရာတွင် တပ်မတော်ကို ပရော်ဖက်ရှင်နယ် ပြုရေးသည် အရေးကြီး သကဲ့သို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို အကောင်အထည်ဖော်မည့် နိုင်ငံရေး အစီအစဉ်သည်လည်း တပ်မတော်ကို ပရော်ဖက်ရှင်နယ်ပြုရေး စီမံချက်နှင့် ဟန်ချက်ညီညီ ဖြစ်ပေါ်တိုးတက်ရန် အထူး လိုအပ် သည်။
ထိုမှတစ်ဆင့် နိုင်ငံရေး ပါတီများနှင့် တပ်မတော်အကြား ယုံကြည်မှုနှင့် နားလည်မှု ပိုမိုရရှိနိုင်ရေးကို စနစ်တကျ ချဉ်းကပ်ပုံဖော်သင့်သည်။ အနာဂတ်တွင် နိုင်ငံရေး ပြဿနာများ၊ စိန်ခေါ်မှုများ၊ အခက်အခဲများ၊ အကြပ်အတည်းများကို ကြုံတွေ့ရတိုင်း ဆွေးနွေးပွဲ နည်းလမ်းကိုသာ ကျင့်သုံးဖြေရှင်းသင့်ပြီး တပ်မတော် အနေဖြင့် အာဏာသိမ်းသည့် နည်းလမ်းကို ရှောင်ကြဉ်သင့်ကြောင်းနှင့် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး ခေါင်းဆောင်များကလည်း တပ်မတော်၏ အာဏာသိမ်းမှုကို မည်သည့်နည်းနှင့်မျှ အားမပေးသင့်ပါကြောင်း ထပ်လောင်း ဆော်သြလိုပါသည်။ တပ်မတော်မှ အာဏာသိမ်းယူခြင်းဖြင့် နိုင်ငံရေး အဆိုးသံသရာ တစ်ပတ်ပြန်မလည်စေရေးတွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများနှင့် တပ်မတော်တို့ကိုပရော်ဖက်ရှင်နယ် ပြုမှုသည်လည်း အလွန်အရေးကြီးသည်ဟု ထင်မြင်မိသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ တပ်မတော်နှင့် တပ်မတော် ခေါင်းဆောင်များသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ဟန်ချက်ညီညီ၊ အံဝင်ခွင်ကျ ပါဝင်ကြခြင်းဖြင့် အပြောင်းအလဲများ အဆင်ပြေ ချောမွေ့ရေးကို များစွာအထောက်အကူ ပြုနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
(ဆောင်းပါးရှင်- ဒေါက်တာရန်မျိုးသိမ်း)
Eleven Media Group
0 comments:
Post a Comment