Pages

Monday, September 9, 2013

ချင်းပြည်နယ်တွင် တောင်ပြိုမှုကြောင့် ရွာနှစ်ရွာပြောင်းရွှေ့ရမည်


  ချင်းပြည်နယ်ဖလမ်း မြို့နယ်တွင်တောင်ပြိုမှုကြောင့် ရွာနှစ်ရွာ ပြောင်းရွှေ့ရမည်ဖြစ်ပြီး လာမည့်အောက်တို ဘာလကုန်တွင် အပြီးပြောင်းရွှေ့ရမည်ဖြစ်သည်ဟု ချင်းပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်ငြိမ်း က မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်တွင် ယင်းရွာများ၌ အစောင့်များသာကျန်ရှိနေပြီး အောက်တိုဘာလကုန်ခန့်တွင် အိမ်များကို ပါတတ်နိုင်သလောက် သယ်ယူ၍အပြီး ပြောင်းရွှေ့ရမည်ဖြစ်သည်။

ပြောင်းရွှေ့ရမည့်ကျေးရွာများမှာ ဖလမ်းမြို့နယ်အတွင်းရှိ လိုင်ဇိုးရွာနှင့် ဇာလိုင်ရွာများဖြစ်ပြီး ဖလမ်းမြို့နှင့် ခုနစ်မိုင်ကျော် ကွာဝေးသည့် လုံပီးကျေးရွာသို့ ရွာလုံးကျွတ်ပြောင်းရွှေ့မည် ဖြစ်သည်ဟုလည်းဦး ကျော်ငြိမ်းက ပြောသည်။

တောင်ပြိုမှုကြောင့် လိုင်ဇိုးရွာတွင်လူနေ အိမ်ခြေငါးလုံးပျက်ဆီးခဲ့သည်။ ပြောင်းရွှေ့ရမည့် လိုင်ဇိုးရွာတွင် အိမ်ခြေ ၈၄ အိမ်ရှိပြီး ဇာလိုင်ရွာတွင် ၈၇ အိမ်ရှိသည်။

ဦးကျော်ငြိမ်းက “မြေတွေက ပက်ကြားအက်နေတာ စိုးရိမ်ဖို့ကောင်းတယ်၊ ဒေသခံတွေတော့ဖလမ်းဘက်ကို အကုန်ရွှေ့ပြောင်း နေထိုင်ကြတယ်၊ရွာစောင့်အနေနဲ့တစ်ရွာကို ငါးဦးလောက်ပဲ ရှိတော့တယ်၊” ဟု ပြော သည်။

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်၂၃ရက်က မြေပြိုမှုကြောင့် လိုင်ဇိုးရွာနှင့် ဇာလိုင်  ရွာများ ရွာလုံးကျွတ်ပြောင်းရွှေ့ခဲ့ရပြီး ချင်းပြည်နယ်အတွင်းရှိ နေရာ ၄၀ ခန့်လမ်းပိတ်ဆို့မှုများ၊ လမ်းပျက် ဆီးမှုများ ရှိခဲ့သည်။

ပြောင်းရွှေ့ရွာများရှိ နေအိမ်များ ပြန်လည်ထူထောင်နိုင်ရန် တစ်အိမ်လျှင်ငွေကျပ် တစ်သိန်းနှုန်းဖြင့် ပြည် နယ်အစိုးရက ပေးအပ်ခဲ့ရာ လက်ရှိတွင် အိမ်ငါးလုံးစာအတွက်သာ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ကျန်အိမ်ထောင် စုများအတွက် အလှုငွေများ အကူအညီပေးရန် ပြည်နယ်တစ်ခုလုံးသို့ မေတ္တာရပ်ခံထားသည်ဟုလည်း ဦးကျော်ငြိမ်းကပြောသည်။

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမော်က လက်ရှိတွင် ရွာလုံးကျွတ်ပြောင်း ရွှေ့နေထိုင်သူများ အတွက် ဖလမ်းမြို့နယ်ရှိ လုံပီးကျေးရွာတွင် မြေကွက်သစ်များ ရိုက်နေပြီး သောက်သုံးရေ ရရှိစေရန်လည်း ဆောင်ရွက် သွားမည်ဟုပြောသည်။

၎င်းက “သောက်သုံးရေအတွက် စမ်းချောင်းသုံးလေးခုကနေ ရေပိုက်သွယ်ဖို့ရှိတယ်၊ နွေရာသီအတွက် လိုင် ဘားဆည်က ရေသွယ်ယူဖို့ တစ်မျိုးစဉ်းစားရမယ်။” ဟု ပြောသည်။

Ref........mizzima

0 comments:

Post a Comment