ဖိလစ်ပိုင်လုံခြုံရေးတပ်များနှင့် ဖိလစ်ပိုင် တောင်ပိုင်းမြို့တော် ဇမ်ဘိုအန်ဂါ၏ နယ်မြေငါးခုကို အပိုင်စီးထား သော မွတ်ဆလင် သူပုန်များကြား တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားရာ အိမ်များ မီးလောင်ကျွမ်းနေခဲ့ကြောင်း မျက်မြင် သက်သေများက အင်္ဂါနေ့တွင် ပြောကြားသည်။ မီးသတ်တပ်ဖွဲ့များ မီးငြိမ်းရန် ဝင်ရောက်မည် ကိုလည်း ချောင်းမြောင်း ပစ်ခတ်သူများက ပစ်ခတ်တားဆီးကြောင်း ရိုက်တာသတင်းဌာန မျက်မြင်တစ်ဦး က ပြောကြားသည်။
တနင်္လာနေ့တွင် လက်နက်ကြီးများ စွဲကိုင်ကြသည့် မွတ်ဆလင် သေနတ်သမားများရာနှင့်ချီ၍ ဇမ်ဘိုအန်ဂါ ၏ ကမ်းခြေပိုင်း ခရိုင်များသို့ ဆင်းလာခဲ့ပြီး ဓားစာခံ ၃၀ ကိုဖမ်းဆီး ခေါ်ဆောင်ထားကာ ၎င်းတို့၏အလံကို လွှင့်ထူရန်နှင့် လွှတ်လပ်သော ပြည်နယ်တစ်ခုအဖြစ် ကြေညာရန် မြို့တော်ခန်းမသို့ ချီတက်ရန်ပြင်ဆင်ပြီး ဖြစ်ခဲ့သည်။
သို့သော် လုံခြုံရေး တပ်မများက ၎င်းတို့ မြို့လယ်သို့ ရောက်ရှိမသွားစေရန် တားဆီးခဲ့ပြီး ရေတပ်တစ်တပ် သည်လည်း စစ်ကူရန် လာရောက်ကြသည့် အနီးအနားနယ် ဘယ်လီဆန်နှင့် ဂျိုလိုမှ ရာချီသော တိုက်ခို်က် ရေး သမားများကို ပင်လယ်တွင်း တိုက်ပွဲတစ်ခု ဆင်နွဲကာ တားဆီးခဲ့ရကြောင်း ရေတပ်ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
“ဇမ်ဘိုအန်ဂါကို ဦးတည်ပြီး လှေစီးလာကြတဲ့ တိုက်ခိုက်ရေးသမားတွေကို ကျွန်တော်တို့ ပင်လယ်တွင်း ကင်းလှည့် တပ်နဲ့တွေ့တော့ ကျွန်တော်တို့ တပ်သားတစ်ဦး ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ဘက်က (၇)ယောက် ရလိုက်တယ်” ဟု ရေတပ်ဗိုလ်မှူးကြီး ဂျာရက်ဖက်ဘစ်က သတင်းထောက်များ အား ပြောကြားသည်။
ကျောင်းများ၊ ဈေးဆိုင်များနှင့် ရုံးများကို ပိတ်ထားရဆဲဖြစ်ကာ သူပုန်များ ဝင်ရောက်ခြင်းသည်လည်း ဒုတိယမြောက်ရက် ဖြစ်လာကာ ကူးတို့သင်္ဘော၊ လေကြောင်း ဆက်သွယ်မှုများကိုလည်း ရပ်ဆိုင်း ထားရသည်။
လုံခြုံရေး အရာရှိများက သူပုန်များသည် ၁၉၉၆ ခုနှစ်အတွင်း အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရခဲ့ပြီး မင်ဒါနာအို ကျွန်းပေါ်တွင် မွတ်ဆလင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုကို အုပ်ချုပ်နေသော မိုရို အမျိုးသား လွတ်မြောက်ရေး ရှေ့ပြေး(MNLF)သူပုန်တပ်ဖွဲ့၏ တပ်ခွဲတစ်ခု ဖြစ်ကြောင်း ပြောကြားသည်။
ငြိမ်းချမ်းရေး သဘောတူညီမှုအပြီး တက္ကသိုလ်ပါမောက္ခဟောင်း နာမစ်ဆူအာရီ ဦးဆောင်သည့် တပ်ခွဲ တစ်ခုသည် တပ်ဖွဲ့အတွင်းမှ ခွဲထွက်ကာ အစိုးရသည် သဘောတူညီမှုကို အပြည့်အဝ ဖော်ဆောင်ခြင်း မရှိကြောင်း စွပ်စွဲ ပြောကြားခဲ့သည်။
မီဆူနာရီသည် မိုရိုအစ္စလာမ္မစ် လွတ်မြောက်ရေး ရှေ့ပြေးတပ်ဖွဲ့ လွန်ခဲ့သည့်နှစ်က လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုကိုလည်း ဆန့်ကျင်ခဲ့သည်။ ၎င်းစာချုပ်သည် မိုရိုတပ်ဖွဲ့အား ပိုမိုအားကောင်းသည့် နိုင်ငံရေးအင်အားရရှိစေပြီး သဘာဝသယံဇာတများကို ပိုမိုထိန်းချုပ်ခွင့်ရသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသစ် တစ်ခုရရှိသည့် သဘောတူညီချက်ဖြစ်သည်။ ဖိလစ်ပိုင်တောင်ပိုင်းတွင်ဖြစ်ပွားနေသည့် နှစ်လေးဆယ်ကြာ ပဋိပက္ခသည် လူပေါင်း တစ်သိန်းနှစ်သောင်းခန့် သေဆုံးစေခဲ့ပြီဖြစ်ကာ လူနှစ်သန်းခန့် နေရာမှရွှေ့ပြောင်းခဲ့ ရပြီး သဘာဝသယံဇာတများ ကြွယ်ဝသည့် ကက်သလစ် ဘာသာဝင်များ အဓိက နေထိုင်ကြသည့် နိုင်ငံ တွင် လူဆင်းရဲများ၏ တိုးတက်မှုကို တုံ့ဆိုင်း နေစေခဲ့သည်။ လွန်ခဲ့သည့်နှစ်က ချုပ်ဆိုခဲ့သည့် စာချုပ်သည် စီးပွားရေးပြန်လည်ရှင်သန်ရေး မျှော်လင့်ချက်များကို အားပေးခဲ့သည်။
Ref......မြန်မာ့ခေတ်
0 comments:
Post a Comment