Pages

Sunday, September 1, 2013

ကလေးမြို့ ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံသုံးပစ္စည်းများ စွန့်ပစ်မှု စနစ်တကျရှိရန် လိုအပ်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံသုံးပစ္စည်းများစွန့်ပစ်ရာတွင် ကြွပ်ကြွပ် အိတ်မည်းများဖြင့် ထည့်သို၍ မြို့နယ်စည်ပင်သာယာအမှိုက်ကား သယ်ဆောင်နိုင်ရန် ဆောင်ရွက်ထားရှိ သော်လည်း မြို့နယ်စည်ပင်သာယာအမှိုက်သိမ်းသည့်ကား အချိန်မီရောက်လာမှုမရှိခြင်း၊အချို့ အမှိုက်များ ပြန့်ကျဲပြီး ပတ်ဝန်းကျင်သို့ အနံ့ဆိုးများ မခံမရပ်နိုင်အောင် ထွက်ရှိနေကြောင်းသိရသည်။
 
“ဆေးရုံစွန့်ပစ်အမှိုက်တွေကို အိတ်တွေနဲ့ထည့်ပြီး စွန့်ပစ်ထားတာပါပဲ။ ဒါပေမယ့်ဆေးရုံသုံးပစ္စည်း၊ အနာ ဂွမ်လိပ်တွေ၊ ဆေးရုံသုံးအပ်တွေ၊ ပိုက်တွေ၊ကလေးမွေးလူနာတွေရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ဟိုရက်ပိုင်းတုန်း က ဆို ရင်သားလျှောကျတဲ့ကလေးငယ်လေးတောင် ပါလာသေးတယ်ဆိုတော့ ဒီဘက်မှာ ပုပ်စော်တွေ နံနေ တယ်။အခုလည်း ဒီဆေးရုံအပေါက်ဝမှာပုပ်စော်နံနေတာ လေးငါးရက်ရှိပြီ။ အဖြေမပေါ်သေးဘူး နောက်ပြီး ခက်နေတာကဆေးရုံသုံးပစ္စည်းစွန့်ပစ်တဲ့နေရာကစားသောက်ဆိုင်တွေ၊ဈေးဆိုင်တန်းတွေနေရာမှာ လာစွန့်ပစ်နေတာပါ။ စည်ပင်သာယာကလည်း ဆေးရုံသုံးစွန့်ပစ်ပစ္စည်း အမှိုက်တွေကို ကလေးမြို့လယ်က ဥပုသ်ချောင်းဘေးမှာ စွန့်ပစ်နေတယ်” ဟု ကလေးဒေသခံတစ်ဦးက ပြောသည်။
 
ကလေးမြို့တွင် အစိုးရပြည်သူ့ဆေးရုံကြီးတစ်ရုံ၊ တပ်မတော် စစ်ဆေးရုံတစ်ရုံ၊အခြားပုဂ္ဂလိက ဆေးရုံကြီး များ၊ ဆေးခန်းများ အများအပြားရှိနေရာ ဆေးရုံသုံးစွန့်ပစ်ပစ္စည်းမျိုးစုံတို့ကို စနစ်တကျ စွန့်ပစ်ရန် လိုအပ် နေသည်။ ယခုအခါ သက်ဆိုင်ရာ ကလေးမြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများကို ထုတ်ပိုး စွန့်ပစ်မှုရှိသော်လည်း စည်ပင်သာယာ အမှိုက်သိမ်းသူများ၏ အချိန်မှန်ဆောင်ရွက်မှုမရှိခြင်း၊ အမှိုက်အိတ် များ ဖောက်ဖျက်ရှာဖွေယူငင်မှုများရှိနေခြင်းနှင့် သုံးစွဲပြီး ဆေးထိုးအပ်ပိုက်များ ပြန့်ကျဲနေခြင်းတို့ကြောင့် မလိုလားအပ်သော အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် အချိန်မီ ၀ိုင်းဝန်းထိန်းသိမ်းရန် လိုအပ်နေ ကြောင်း သိရသည်။
 
Ref..The Light of Mandalay

0 comments:

Post a Comment