Pages

Wednesday, August 14, 2013

အပြုံးချိုချိုနဲ့ ပြည်သူလူထုရဲ့ အလိုကိုတပ်ချုပ် လိုက်ပါနိုင်ပါစေ

နအဖခေတ်က ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို TV မင်းသားလို့ လူတချို့က မှတ်ချက်ပြုကြသလို ယနေ့ အစိုးရသစ် လက်ထက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း စစ်တပ်နဲ့နီးစပ်သူများက အမေရိကန်နဲ့ ဗြိတိန်စစ်တပ်က ရုပ်ချောနုပျို ငယ်ငယ်ရွယ်ရွယ် ဗိုလ်ချုပ်တွေနဲ့ တူတယ်လို့ “မွှန်း” ဆိုကြပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အသက်အရွယ် ၅၀ ကျော်လာသည့်တိုင် အောက်ဒိုးတွေမှာ မျက်မှန်တပ်ဆင်မှု မရှိသေးတာရယ်၊ တချို့စစ်ဗိုလ်တွေလို ဗိုက်ရွဲပြီး ရုပ်ရင့်ထော်တဲ့ ပုံစံမျိုးနှင့် မတူတာကြောင့် သူ့အသက်အရွယ်နဲ့ လက်ရှိ ရာထူး နှိုင်းယှဉ်လိုက်ရင် နုပျိုတယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ချစ်ကြည်ရေး ခရီးစဉ်တွေမှာ တခြားနိုင်ငံတွေက ဗိုလ်ချုပ်ကြီးတွေနဲ့ နှိုင်းယှဉ်လိုက်ရင် စကာင်္ပူနိုင်ငံ စစ်ဦးစီးချုပ်ကလွဲလို့ ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေကဖြင့် ရုပ်ရင့်ထော်တဲ့သူတွေ များနေပါတယ်။ သူကရုပ်နုနေတာကြောင့် မျက်မှန် တပ်ထားတဲ့ သူ့ရဲ့ဇနီး ဒေါ်ကြူကြူလှကတောင် ပိုရုပ်ရင့်နေသလို အသက်ကြီးနိုင်တယ်လို့ ယူဆစရာ ရှိနေပါတယ်။ ဒီလို ရုပ်ရည်နုပျိုတဲ့ တပ်ချုပ်တစ်ယောက် တပ်မတော်သားများအတွက် စိတ်ကောင်း နှလုံးကောင်းများ (ရှိနိုင်/မရှိနိုင်) ဆိုတာကို ဗေဒင် နက္ခတ် ကျွမ်းကျင်သူများအား မေးကြည့်ရင်တော့ ကောင်းမယ်လို့ တပ်မတော် အရာရှိတစ်ဦးနဲ့ စကားမစပ် တွေ့ဆုံခဲ့စဉ်က စဉ်းစား ပြောဆိုခဲ့ဖူးပါတယ်။ အဲဒီလို စိတ်ကူးရုံသာ ရှိသေး တိုက်တိုက်ဆိုင်ဆိုင်ပင် တပ်ချုပ်ရဲ့ အခြေအနေကို အခုလို သုံးသပ်ချက် ပေးပို့လာပါတယ်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုပ်ချောသလောက် စိတ်ကြမ်းတာဗျ၊ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ဝေလွင်ကိုဆိုရင် ကလေးလေးတစ်ယောက်လို တပ်ချုပ်က မာန်မဲ ကြိမ်းမောင်းတာဗျ။ လေးလပတ် အစည်းအဝေးဆိုရင် ခွေးနဲ့တောင် နှိုင်းတယ်။ စစ်ထောက်ချုပ်က (D.S.A – 18) က ဆိုတော့ တပ်ချုပ်ထက် စီနီယာ တစ်ပတ်စဉ်စောတော့ ရှက်တာပေါ့ဗျ။ တပ်ချုပ်က M.E.C နဲ့ စစ်ထောက်ပိုင်းဆိုင်ရာတွေမှာ အလိုမကျမှုတွေများတယ်။ အရေးထဲ လွှတ်တော်မှာ အမေးခံရတဲ့ တပ်က သိမ်းဆည်းမြေနေရာ ကိစ္စတွေဆိုရင် အသည်းအသန် လုပ်ရတာဗျ။ တချို့မြေတွေဆိုရင် တပ်မှူး၊ တိုင်းမှူးတွေက မပေးချင်ကြဘူး။ လုံလောက်တဲ့ ပိုင်ဆိုင်မှု အမည်ပေါက် တပ်ပိုင်မြေလုပ်ဖို့ ပျက်ကွက်နေတာ ရှိတယ်လေ။ တချို့နားမလည်လို့ လိုက်မလုပ်သေးတာရှိတာမို့ တပ်ချုပ်က စစ်ထောက်ချုပ်ကို ထုတာပေါ့။ တပ်က သိမ်းဆည်းပြီးရင် အမည်ပေါက်ဖြစ်ဖို့ သက်ဆိုင်ရာ မြေစာရင်း ဦးစီးဌာနတွေနဲ့ညှိပြီး အခွန်ဆောင်တာလို့ ဘာတို့ ဆက်လုပ်ရတယ်လေ။ တချို့မြေတွေကိုဆိုရင် လျော်ကြေးငွေပေးထားသလား မပေးထားဘူးလား ဆိုတာလည်း ရှိတယ်။ ဗြောင်းကို ဆန်နေတာဘဲဗျာ”။

တကယ်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း ဗေဒင်နက္ခတ်၊ ကိုင်ရိုရဲ့ ဂဏန်းဗေဒင်၊ ယတြာ အစီအမံများကို ယုံကြည်လွယ်သူ ဖြစ်တယ်လို့ သိရပါတယ်။ သူတပ်ချုပ် ဖြစ်ကာစ မြန်မာနိုင်ငံရဲ့ တောင်ပိုင်းအစွန် (မြိတ်/ ထားဝယ်) ဧရိယာရှိ ဘုရားတစ်ဆူမှာ သူ့ရဲ့ Power တက်စေဖို့ ကိုးကွယ်သူ ဆရာရဲ့ လမ်းညွှန်ချက်အရ ဘုရားထီးတော် သွားတင်သေးတယ်လို့ သိရပါတယ်။ တပ်ချုပ်ရဲ့ စရိုက်လက္ခဏာနဲ့ စပ်လျဉ်းလို့ ဤ၀က်ဘ်ဆိုဒ်ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဗိုလ်သိုးထိန်းအား ထပ်မံ မေးမြန်းခဲ့ပါတယ်။

“ညီလေး၊ အလုပ်များနေလို့ မတွေ့ဖြစ်တာ ကြာပြီနော်။ တပ်ချုပ်ရဲ့ စိတ်နေ သဘောထားအကြောင်းနဲ့ ဂဏန်းဗေဒင် ယုံကြည်တယ်ဆိုလို့ စာဖတ်ပရိသတ်များ သိရှိအောင် ပြောပြပေးပါဦး”

“အကိုကြီး တပ်ချုပ်ရဲ့စိတ်က မူမမှန်ဘူးဗျ။ ဘယ်အချိန် စိတ်ကောင်းဝင်နေတယ်။ ဘယ်အချိန် စိတ်ထဖောက်နေမှန်း မှန်းရခက်တယ်။ လူပုစိတ်တိုလို့ ပြောရမလား။ စိတ်တိုတော့ လူဖြောင့်လို့လည်း ပြောလို့ရပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့အချိန်မှာ အရင် စစ်အာဏာရှင်တွေရဲ့ အရိပ်ဆိုး မပါအောင် စစ်တပ်အနေနဲ့ ပါးပါးနပ်နပ် နေတယ်ဗျ။ တပ်မတော်နေ့မိန့်ခွန်း အပါအ၀င် နိုင်ငံတကာနဲ့ ဆက်ဆံရေးတွေကိုလည်း ထိန်းထိန်းသိမ်းသိမ်း ပြောဆို လုပ်ကိုင်သွားတာ တွေ့ရတယ်။ ကျွန်တော့် သူငယ်ချင်းတွေ စစ်ရုံးမှာရှိတာမို့ သူတို့ကတော့ တပ်ချုပ်ဟာ D.S.A ကျောင်းအုပ်ကြီး ဘ၀တုန်းကလို ကြမ်းနေတုန်းဘဲလို့တော့ ပြောတယ်။ ဘယ်လောက် အရေးကြီးကိစ္စဘဲဖြစ်နေနေ သူ့ရဲ့ အရိပ်အကဲကို မှန်းကြည့်နေရ ချိန်ဆနေရတာ မလွယ်လို့ စိတ်မောဖို့ ကောင်းတယ်လို့ ဆိုပါတယ်။ သူဂဏန်းဗေဒင် ယုံကြည်လွန်းတာ ပြောဦးမယ်။ ကျွန်တော်တို့ ရုရှားသွားဖို့ ဘာသာစကားသင်တန်း မေမြို့မှာ တက်ခဲ့ရတယ်လေ။ အဲဒီအချိန်မှာ D.S.A ကျောင်းအုပ်ကြီး ဖြစ်နေတဲ့ တပ်ချုပ်က တစ်နေ့မှာ ကျွန်တော်တို့ကို ခန်းမထဲ ရုတ်တရက်သွင်းတယ်။ D.S.A – 46 က ကျောင်းဆင်းရမယ့်ရက်ဟာ Dec 19 ရက် ဖြစ်လေရာ တပ်ချုပ်ရဲ့ အပတ်စဉ်ကလည်း D.S.A – 19 ဖြစ်တာကြောင့် အဲဒီလို တိုက်ဆိုင်ခဲ့လို့ တပ်ချုပ် ဧကန်ဖြစ်ကာ ထိပ်ဆုံးကို ရောက်မယ်လို့ သူကိုးကွယ်တဲ့ဆရာက ဟောပေးလိုက်ကြောင်း အူမြူးဝမ်းသာ ပြောပြကာ ခေါ်ကြွားခဲ့တာ ဖြစ်တယ်။ စာဖတ်ပရိတ်သတ်များ ပြန်လေ့လာလို့ရအောင် ဒီဝက်ဘ်ဆိုဒ်မှာ တင်ပြခဲ့တဲ့ ကျွန်တော့်ရဲ့ဆောင်းပါး ကျွန်တော်သိတဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အကြောင်းကို ပြန်ညွှန်းပေးလိုက်ပေါ့ဗျာ။ လေးစားပါတယ် အကိုကြီး” လို့ ပြောသွားခဲ့ပါတယ်။


Ref..photayokekin.org

0 comments:

Post a Comment