Pages

Tuesday, August 27, 2013

တပ်အင်အားပြုန်းတီးမှုနှင့် ..... အပိုင်း (၄)


(ပုံစာအညွှန်း - ထပရ(၉၂၉)၏ တပ်သားသစ်စုဆောင်းရေးအတွက် စီစဉ်ထားမှု တင်ပြချက်)

  တပ်ပြေးအင်အားတွေ တိုးပွားလာတာဟာ တပ်မတော်ခေါင်းဆောင်တွေအတွက် ခေါင်းခဲစရာပြသနာ တစ်ရပ်ဖြစ်ပါတယ်။ တပ်က ပြေးရတာဟာ တပ်မှာနေရတာ စိတ်ညစ်လို့၊ မပျော်လို့ပြေးတာဖြစ်တယ်။ ဒါ့ကြောင့်မို့ တပ်မှာ နေပျော်အောင်လုပ်ရမယ် ဆိုပြီး တပ် နေပျော်ရေးစီမံချက်ကို ညွှန်ကြားခဲ့ပါတယ်။ အဲဒီအစီအမံတွေကတော့-

(၁) တပ်သားသစ်များအား နွေးထွေးစွာကြိုဆိုခြင်း

(၂) လူပျိုစားရိပ်သာလုပ်ငန်းမျာ

(၃) ပညာရေးမြှင့်တင်ခြင်းလုပ်ငန်းများ

(၄) ရသင့်ရထိုက်သောအခွင့်အရေးများ ဆောင်ရွက်ပေးခြင်း (လစာနဲ့ရိက္ခာတွေ အချိန်မှန်ရဖို့၊ ခွင့်ရဖို့)

(၅) ကျန်းမာရေးစောင့်ရှောက်ပေးခြင်း

(၆) ဆွေးနွေးပွဲ၊ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ပေးခြင်းနှင့် အသိပညာဗဟုသုတ တိုးပွားစေရန် စီစဉ်ပေးခြင်း

(၇) အလှူဒါန ၊ ပြိုင်ပွဲများနှင့်ပျော်ပွဲများပြုလုပ်ပေးခြင်း (၀ါဆိုသင်္ကန်းကပ်၊ အားကစားပြိုင်ပွဲ)

(၈) သက်သာချောင်ချိရေးကော်မတီဖွဲ့စည်းခြင်း စသဖြင့် ပါဝင်ပါတယ်။

လေးလပတ်အစည်းအဝေးတွေမှာ တပ်မှူးတွေက သူတို့တပ်တွေမှာ တပ်နေပျော်ရေးအတွက်စီမံချက်တွေကို ဘယ်သို့ ဘယ်ပုံ အ ကောင်အထည် ဖော်နေကြောင်း ဝေေ၀ဆာဆာမွှန်းကြပေမဲ့ တကယ်တမ်း လက်တွေ့ အကောင်အထည် ဖော်ရာမှာ အားနည်းချက် အမြောက်အများရှိပါတယ်။

တပ်တွင်းမှာ အထက်အရာရှိတွေရဲ့ အနိုင်ကျင့်မှု၊ ကိုယ်ထိလက်ရောက် ပြုမှုတွေကြောင့် မကျေမနပ်ဖြစ်ပြီး လွတ်ရာ ကျွတ်ရာ ထွက် ပြေးကြတာတွေ ရှိသလို တချို့ကတော့မပြေးခင် လက်စားချေသတ်ဖြတ်ခဲ့တာတွေလည်း ရှိပါတယ်။ မကျေမနပ် ဖြစ်လို့ အချင်း ချင်းပြန်ပစ်ခဲ့ကြတဲ့ဖြစ်စဉ်တချို့ကို ဆွဲထုတ်ပြရရင်တော့-

(၁) ခလရ (၂၈) က ဗိုလ်သန့်ဇင်ကြူး ဦးစီး ခွဲရုံး(၂)စု ၊ မော်ဖိုးကေ စစ်ဆင်ရေး ခြေကုပ်မှာ အခြေစိုက်တုန်း (၂၆-၅-၂ဝဝ၄) ရက် နေ့မှာ ကိုယ်ပိုင်အမှတ်၊ တ/၈၁၉၁၁ ဒုတိယတပ်ကြပ် နီအောင် ကသူကိုင်ဆောင်တဲ့ အမ်အေ-၁၁၊ သေနတ် နံပတ်(အေ-၁ဝဝ၁၅ဝ၅) နဲ့ ပစ်ခတ်ခဲ့လို့ကြည်း ၃၂၆၅၅၊ ဗိုလ်သန့်ဇင်ကြူးရဲ့ နဖူးတည့်တည်ကို (၂)ချက် ထိမှန်၊ ဦးခေါင်းကြေမွ၊ ဘယ်/ညာ ရင် အုံ(၁)ချက်စီ၊ ညာပေါင်ရင်း၊ညာခြေသလုံးနှင့် ချက်အထက် (၁)ချက်စီ ထိမှန်သေဆုံး၊ ကိုယ်ပိုင်အမှတ်၊ ၉၁၃၇၂၈တပ်ကြပ်သန်းထိုက်စိုးရဲ့ ဦးခေါင်းကြေမွ၊ ဘယ်မျက်ခမ်း ဘယ်နားထင်၊ ဘယ်နို့အုံ(၁)ချက်စီ ထိမှန်သေဆုံး၊ ကိုယ်ပိုင် အမှတ်၊တ/၂၈၁၁၄၈ တပ်သားရဲဇင်နိုင်ရဲ့ ညာလက်မောင်း ထုတ်ချင်းပေါက်၊ ဘယ်လက်ပြင်နောက်ကျော၊ ဘယ်နံရိုး၊ ညာလက် ညှိုး၊ ဘယ်တံတောင်ဆစ်(၁)ချက်စီ ထိမှန်သေဆုံးခဲ့ပါတယ်။

(၂) ခမရ(၁၀၁) မှ ဗိုလ်မှူးဝင်းတင့်ဦးစီး စစ်ကြောင်း(၂)နဲ့ တပ်ခွဲ (၂) ခွဲဟာ ၂ဝဝ၄ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်မှာ အခြေပြုရာ က ရင်ပြည်နယ်၊ နဘူးတံခွန်တိုင်မှ နယ်မြေရှင်းလင်းရေးအတွက် ထော့ကိုကိုးကို ချီတက်ရွှေ့ပြောင်းခဲ့ပြီး စစ်ကြောင်း(၂)နှင့်ခွဲရုံး(၄)စုက တစ်နေရာ ၊ဗိုလ်ဝေဖြိုးဦးစီး ခွဲရုံး(၄)စုဟာ တစ်နေရာစီ ဖြန့်ခွဲအခြေပြုခဲ့ပါတယ်။ ဗိုလ်ဝေဖြိုး ဦးစီးတဲ့ ခွဲရုံး(၂)စုမှ တပ်ခွဲ တပ်ကြပ်ကြီးစံအေးမောင်ဟာ ကင်းတာဝန်ကျ ကိုယ်ပိုင်အမှတ်၊ ၈၅၅၈၁၄၊ တပ်ကြပ်အောင်ကောင်းရဲ့ကင်းတာဝန်ချိန် စေ့သွား တာမို့ တ- ၁၇ဝ၁၈ဝ တပ်သား မျိုးဝင်းအောင်နဲ့ ကင်းချိန်းပေး ခဲ့ပါတယ်။ တပ်ကြပ်ကင်းချိန်းပေးပြီး ခွဲရုံးကိုပြန်အလာ လမ်းတစ် ၀က်မှာ စောစောက ကင်းစောင့်ခဲ့တဲ့နေရာကို လှည့်ပြန်သွားပြီး တပ်သားမျိုးဝင်းအောင်ကို အမ်အေ (၁၁) နဲ့ပစ်သတ်ခဲ့ပါတယ်။ သေနတ်သံကြားလို့ တပ်ခွဲရုံးအဖွဲ့တွေက အပြေးအလွှားရောက်လာပြီး ဖမ်းဆီးဖို့ကြိုးစားပေမဲ့ တပ်ကြပ်အောင်ကောင်းက သေနတ် ပြောင်းကို ပါးစပ်ထဲ ငုံပြီး ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။

(၃) နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ နပခနယ်မြေ၊ ပလက်ဝမြို့နယ်မှာ အသတ်ခံခဲ့ရတဲ့ ကြည်း-၃၅၇၆၅၊ ဗိုလ်ကြီး ထက် အောင်ထွန်း (စတသ အပတ်စဉ်-၄၅)ရဲ့ ဖြစ်စဉ်ပါ။ လက်အောက်ငယ်သားတွေကို ကိုယ်ထိလက်ရောက် ထိုးတြိတ်တတ်၊ နှိပ်ကွပ် တတ်တဲ့ အရာရှိတစ်ဦးရဲ့ နိဂုံးပေါ။ ဖြစ်စဉ်က ဒီလိုပါ။ ၂၀၁၀ ပြည့်နှစ်၊ မေလ (၁၆) ရက် နေ့မှာ ရှေ့တန်းခမရ(၂၃၂)၊ တပ်ခွဲ (၂)၊ တပ်စု (၁)မှ ဗိုလ်ကြီးထက်အောင်ထွန်း ဦးစီးတဲ့ တပ်စုရုံးနဲ့တပ်စိတ် တစ်စိတ် (အရာရှိ ၁+ အခြားအဆင့် ၉ ဦး) ဟာ ပလက် ၀မြို့နယ်၊ မြိတ်ဝကျေးရွာအနီးမှာ ယာယီအခြေပြုနေခဲ့ပါတယ်။ ခမရ (၂၃၂) ရဲ့ ယာယီတပ်ရင်းမှူးကတော့ ဗိုလ်မှူးကျော်မိုးဟိန်းဖြစ်ပါတယ်။ မနက်ပိုင်းတန်းစီချိန်မှာ ဗိုလ်ကြီး ထက်အောင်ထွန်းဟာ စစ်သည်များကို ဆဲဆိုကြိမ်းမောင်းခဲ့ပါတယ်။အထက်အကြီး အကဲများကို ပြုကျင့်ရမဲ့ကျင့်ဝတ် (၁၀) ပါးထဲက (၅) ပါးကို ရအောင်ကျက်ထားကြ၊ မရတဲ့ကောင် ပါးရိုက်ခံရမယ်လို့ ကြိမ်းမောင်း ခဲ့ပါတယ်။ ဒီ့အရင်ကလည်း စစ်သည်တွေကို ထိုးတြိတ်ရိုက်နှက်မှုတွေ လုပ်ခဲ့ဖူးပါတယ်။

နေ့လည်ပိုင်းမှာ ဗိုလ်ကြီးထက်အောင်ထွန်းနဲ့ ကပ-၆၃၄၉၇၃၊ တပ်စု တပ်ကြပ်ကြီးမင်းညိုတို့ဟာ မြိတ်ဝကျေးရွာ ရယကစာရေး ဦး သံလုံးရဲ့အိမ်မှာ စကားသွားပြောကြပါတယ်။ တပ်ကြပ်ကြီးမင်းညိုကတော့ နေသိပ်မကောင်းတာမို့ ဦးညိုလုံးအိမ်ရှေ့က ကွပ်ပျစ် လေးမှာ လှဲနေခဲ့ပါတယ်။ အဲ့အချိန်မှာ တပ်စုဆေးစစ်သည် တ-၁၁၆၅၃၇၊ ဒုတပ်ကြပ် မိုးအောင်ဟာ ဦးညိုလုံးရဲ့ခြံနောက်ဖေးပေါက် က၀င်လာပြီး ဗိုလ်ကြီးထက်အောင်ထွန်း ရှေ့တည့်တည့် (၁၅) ပေ လောက်အရောက်မှာ ရပ်၊ သူကိုင်လာတဲ့ အမ်အေ (၁၁) နဲ့ အတွဲလိုက် ပစ်သတ်ခဲ့ပါတယ်။ ဗိုလ်ကြီး ထက်အောင်ထွန်းကို ကျည် (၁၂) တောင့် ထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့ပါ တယ်။ အိမ်ရှေ့မှာ လှဲနေတဲ့ တပ်ကြပ်ကြီး မင်းညိုကိုလည်း သေနတ်နဲ့ချိန်ပြီး စခန်းကို ပြန်ခေါ်သွားခဲ့ပါတယ်။ စခန်းရောက်တော့ တပ်ကြပ် သန်းအေးက စစ်သည်တွေကိုစုရုံးပြီး “ငါတို့တော့ တို့ကိုနှိပ်စက်နေတဲ့ ဗိုလ်ကြီးဆိုတဲ့ ကောင်ကို ပစ်သတ်လိုက်ပြီ။ ဘယ် သူငါတို့နောက်လိုက်မလဲ” လို့ မေးပါတယ်။ တပ်စုတပ်ကြပ်ကြီးမင်းညိုနဲ့ တပ်စုဆက်သွယ်ရေးစစ်သည် ကပ-၇၅၁၆၁၄၊ တပ်ကြပ် ကျော်ကျော်တို့က မလိုက်လိုကြောင်း ညင်းဆန်တဲ့အတွက် ကြိုးနဲ့တုတ်ပြီး စခန်းထဲမှာ ထားခဲ့ပါတယ်။

ဒီ့နောက် စစ်သည် (၆) ယောက်ဟာ မြိတ်ဝရွာသား (၅) ယောက်ကို အထမ်းသမားခေါ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက်ပုချေ ရွာဘက်သို့ ထွက်ခွာသွားခဲ့ပါတယ်။ ထွက်ပြေးသွားတဲ့စစ်သည်တွေကတော့-

(၁) ကပ-၇၅၁၅၈၄၊ တပ်ကြပ်သန်းအေး

(၂) တ-၁၁၆၅၃၇၊ ဒုတပ်ကြပ်မိုးအောင် (တပ်စုဆေးစစ်သည်)

(၃) တ-၂၂၁၈၇၅၊ ဒုတပ်ကြပ်ဇော်ဇော်ဟန် (တပ်စုဆက်သွယ်ရေးစစ်သည်)

(၄) တ-၂၂၁၇၄၃၊ ဒုတပ်ကြပ်မောင်မောင်နိုင်

(၅) တ-၄၀၁၃၃၆၊ တပ်သားဇော်မင်းဦး

(၆) တ-၄၂၃၁၄၈၊ တပ်သားဆန်းဝင်း တို့ဖြစ်ပါတယ်။

သူတို့နဲ့အတူပါသွားတဲ့လက်နက်ခဲယမ်းတွေစာရင်း အတိအကျကတော့-

(၁) ၉-မမ ပစ္စတို (၁) လက်

(၂) အမ်အေ(၃) – (၂) လက်

(၃) အမ်အေ (၁၁) – (၅) လက်

(၄) အမ်အေ (၁၂) – (၁) လက်

(၅) အမ် (၇၉) – (၁) လက်

(၆) ဘီအေ (၁၀၀) – (၁) လက်

(၇) XD-D6M-1 ဆက်သွယ်ရေးစက် (၁) လုံး

(၈) ၉ -မမကျည် – (၁၈) တောင့်

(၉) ၅.၅၆ ကျည် – (၁၆၈၀) တောင့်

(၁၀) အမ် (၇၉) ဗုံးသီး – (၂၀) လုံး

(၁၁) ဘီအေ (၁၀၀) ဗုံးသီး – (၁၂) လုံး

(၁၂) ဘီအေ (၉၁) လက်ပစ်ဗုံး – (၉) လုံး

(၁၃) အမ် (၁၄) ပလတ်စတစ်နင်းမိုင်း – (၉) လုံး တို့ဖြစ်ပါတယ်။

စခန်းမှာ ထမင်းချက်တာဝန်ကျတဲ့ တ-၂၆၃၄၃၀၊ ဒုတပ်ကြပ်မင်းလွင်ကတော့ ဦးသံလုံးအိမ်ဘက်မှာ သေနတ်သံတွေ ကြားက တည်းက အခြေအနေ မကောင်းဘူးဆိုတာသိလို့ ထွက်ပြေးသွားပြီး ဘုန်းကြီးကျောင်းထဲမှာ ၀င်ပုန်းနေပါတယ်။ ပုန်ကန် သူစစ်သည်တွေ ထွက်သွားပြီးတော့မှ မြိတ်ဝရွာမှ ကျောင်းအုပ်ဆရာကြီးဦးကျော်ရှိန်နဲ့ရွာလူကြီးတွေကိုခေါ်ပြီး စခန်းထဲမှာ ကြိုးချည် ခံရထားတဲ့ စစ်သည်နှစ်ဦးကို ကြိုးဖြည်ပေး၊ ရှေ့တန်းခမရ (၂၃၂) ကို ဆက်သားနဲ့ အကြောင်းကြားခိုင်းရပါတယ်။ မြိတ်ဝ ကျေးရွာကို နပခ၊ စစ်ဗျူဟာ (၁)၊ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစံလွင် လာရောက်ပြီး အမှုစစ်ဆေးခဲ့ပါတယ်။ ထွက်ပြေးတဲ့ စစ်သည်တွေကတော့ တက်ပုချေရွာမှတဆင့် ALP (ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ) ထံဝင်ရောက်ခိုလှုံသွားခဲ့ပါတယ်။

ဒါကတော့ တပ်က လက်နက်နဲ့ထွက်ပြေးခဲ့တဲ့ ကိစ္စတွေထဲက ရှားရှားပါးပါးကံကောင်းသွားခဲ့တဲ့ကိစ္စပါ။ ဒီလိုပဲ ကရင် ပြည်နယ် တွင်းမှာ လှုပ်ရှားတဲ့တပ်တွေထဲက လက်နက်နဲ့လွတ်မြောက်ထွက်ပြေးသွားနိုင်သူ တချို့လည်း ရှိခဲ့ဖူးပါတယ်။ တကယ်က နယ်စပ် ကတပ်တချို့က စစ်သည်တွေရဲ့ မိသားစုဝင်တွေဟာ စားဝတ်နေရေးခက်ခဲလွန်းလို့ အထက်အရာရှိနဲ့ညှိပြီး ထိုင်းဖက်မှာ အခကြေး ငွေနဲ့ ပြောင်းချိုး၊ တောင်ယာစိုက်နဲ့ ကိုယ့်မိသားစုဝမ်းရေးကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းနေခဲ့တာတွေရှိတာမို့ အဲသလိုတပ် တွေအတွက်တော့ ထိုင်းဖက်ကိုလမ်းပေါက်နေခဲ့တာက ကြာခဲ့ပါပြီ။ တပ်ကထွက်ပြေးပြီး ထိုင်းနိုင်ငံထဲမှာ တောင်ယာလုပ်၊ ပြောင်း ချိုးနေတဲ့သူတွေ အမြောက်အများ ရှိသလို မဟာချိုင်နဲ့ ထိုင်းတောင်ပိုင်းဒေသက ရေလုပ်ငန်းတွေမှာလည်း မြန်မာစစ်တပ်က တပ် ပြေးတွေ အများအပြား ရှိပါတယ်။ ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသတစ်ခုတည်းမှာတင် မြန်မာစစ်တပ်မှ တပ်ပြေး (၂၀၀၀) ကျော်ရှိ တယ်လို့ သတင်းဌာနတွေက ဖော်ပြခဲ့ဖူးပါတယ်။ နယ်စပ်အနီးမှာ လှုပ်ရှားနေတဲ့ တပ်တွေအဖို့တော့ ပြသနာတွေ၊ မကျေနပ် ချက်တွေရှိလာတဲ့ အခါ တဖက်နိုင်ငံထဲဝင်ပြေးသွားဖို့က သူတို့အတွက် သိပ်ခက်ခဲတဲ့ကိစ္စ မဟုတ်တော့ပါ။ မြန်မာပြည်အရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်း ဒေသတွေမှာ အခြေစိုက်တဲ့တပ်တချို့မှာလဲတရုတ်နိုင်ငံထဲထိဝင်သွားနိုင်တဲ့ တပ်သားတချို့ ရှိခဲ့ဖူးပါတယ်။ ၂၀၀၅ ခုနှစ်၊ မတ်လ ၂၉ ရက်က ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မှာအခြေစိုက်တဲ့ လကတ (၂၀၀၁) က စစ်သည် (၂၄) ဦး၊ လက်နက် (၂၂) လက်နဲ့ ခွင့်မဲ့ပျက်ကွက်တုံးက မီဒီယာတွေမှာပါခဲ့လို့ လူသိများခဲ့ပါတယ်။ လေတပ်က ရဟတ်ယာဉ်တွေပါသုံးပြီး ထပ်ချပ်လိုက်လို့ တိုက်ပွဲတွေဖြစ်ပြီး တပ်ပြေး (၁၈) ယောက်ကျဆုံး၊ (၄) ယောက် ဖမ်းမိပြီး စစ်ခုံရုံးတင် သေဒဏ်ပေးခံရပါတယ်။ (၂) ယောက်ဘဲ SSA-တောင်ပိုင်း သူပုန်အဖွဲ့ဆီ ရောက်သွားပါတယ်။ တပ်ပြုန်းတီးအင်အားပြသနာဟာ တပ်မတော်မှာ အောက်ခြေထိ လက်တွေ့ ပြောင်းလဲတဲ့ အပြောင်းလဲတစ်ခုမဖြစ်မချင်းရှိနေဦးမယ့် ပြသနာတရပ်ပါ။



Credit.....မိုးဇေငြိမ်း

0 comments:

Post a Comment