(ပုံစာအညွှန်း - တပ်သားသစ်လေ့ကျင့်ရေး သင်တန်း)
လုပ်ပိုင်ခွင့်ရ၊ နေရာရကြတဲ့ အရာရှိတွေတောင် တပ်မှာ မနေချင်တော့တဲ့အခါ ထွက်ပြေးကြတာမို့ အခြားအဆင့်တွေ ဆိုရင်တော့ ပြောဖွယ်ရာမရှိတော့ပါဘူး။ ပြုစုထားတဲ့ တချို့ စာရင်းတွေအရဆိုရင် ၂၀၀၅ ခုနှစ် အတွင်းက တပ်ပြေး (၁၃၀၅၀) ဦး၊ ၂၀၀၆ ခုနှစ်၊ မေလနဲ့သြဂုတ်လ နှစ်လအတွင်းမှာ တပ်ပြေး (၉၄၉၇) ဦး၊ ၂၀၀၈ ခုနှစ် ဒုတိယလေးလပတ် အတွင်းမှာ တပ်ပြေး (၅၀၀၀) ကျော်ရှိခဲ့ပါတယ်။ အထောက်ထားမှတ်တမ်းလုပ်လို့ ရသလောက် ကိန်းဂဏန်းအပြင် စုဆောင်းမရနိုင်တဲ့ အချက် လက်တွေရှိနိုင်တာမို့ စစ်တပ်ရဲ့ ပြုန်းတီးအင်အားဟာ အခုဖေါ်ပြထားတဲ့ ကိန်းဂဏန်းထက် များနေဖို့သာ ရှိပါတယ်။ သည်ကိန်း ဂဏန်းတွေကို ကြည့်တာနဲ့ တပ်တွင်းမှာ အောက်ခြေမကျေနပ်ချက် ပြဿနာတွေ များလှမယ်ဆိုတာကတော့ အင်မတန်စိတ်ဝင်တ စား လေ့လာဖို့ ကောင်းတဲ့ကိစ္စတခုပါ။ တစ်နှစ်တစ်နှစ်မှာ ထောင်နဲ့ချီပြီး တပ်ပြေးတွေများနေပေမဲ့ တပ်သားသစ်တွေက ထင်သ လောက်စုဆောင်းလို့မရတာမို့ ဖွဲ့စည်းပုံအင်အားပြည့်တဲ့ တပ်ရင်း/တပ်ဖွဲ့ဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့်မို့ တပ်နေ ပျော်ရေး ဆိုတာ တပ်မှူးတိုင်းအတွက် အထူးအစီစဉ်နဲ့ မဖြစ်မနေဦးထိပ်တင်ထားရတဲ့ ခေါင်းပူယုံတင်မက နေရာထိုင်ခင်းပါပူလောက်၊ ထိုင်ခုံ ပျောက်လောက်တဲ့ ကိစ္စတခု ဖြစ်နေတာပါ။ တပ်ရင်းတိုင်း တပ်ဖွဲ့တိုင်းက အထက်ကိုတင်ပြရတဲ့ မြောက်များ လှစွာသောအစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ မိမိတို့တပ်မှာ တပ်နေပျော်ရေးကို ဘယ်လိုစီစဉ်ထားကြောင်းကို တခမ်း တနား တင်ပြနိုင်ဖို့က တပ်မှူးတိုင်းရဲ့ တို့အရေးတစ်ပါးပါပဲ။ မိမိတပ်မှာ တပ်ပြုန်းတီးအင်အား (တပ်ပြေး) အရေအတွက်များလာပြီဆိုရင် တပ်မှူးတွေအဖို့ နေမထိထိုင်မသာဖြစ်လာရတဲ့ သေရေးရှင်ရေး ကိစ္စတခုဖြစ်လာရပါတယ်။
မဆလခေတ်မှာ မြန်မာ့အသံအပါအ၀င် ၀ါဒဖြန့်ချီရေးတွေနဲ့ ၀ါဒဖြန့်ခဲ့တာတွေကြောင့် လူငယ်လူရွယ်တွေဟာ တိုင်းပြည် ကိုကာ ကွယ်ဖို့၊ ယောက်ျားဆန်ကြောင်းပြဖို့ စသဖြင့်အကြောင်းကြောင်းတွေ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ တပ်မတော်အတွင်းသို့ ၀င် ရောက်အမှုထမ်းသူတွေ ရှိခဲ့ပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း မှာတော့ ယုံကြည်ချက်အရ ၀င်ရောက်စစ်မှုထမ်းသူတွေ တော်တော်ရှားလာပါတယ်။ တနည်းဆိုရရင် လူထုကို ဖိနှိပ်မှုမှာအသုံးချခံခဲ့ရတဲ့အတွက် တပ်မ တော်အပေါ် လူထုရဲ့ကြည်ညိုမှု၊ ယုံကြည်မှုလျော့သွားတာလို့လဲ ပြောလို့ရပါလိမ့်မယ်။ ခုနောက်ပိုင်းစစ်တပ်ထဲဝင် တယ်ဆိုတာ မှာလည်း ယုံကြည်ချက်တွေ၊ ခံယူချက်တွေကြောင့် ၀င်လာတဲ့သူက အရေအတွက်နည်းပြီး အဆွယ် ကောင်းလို့၊ အတင်း စည်း ရုံးခံရလို့၊ ဘာလုပ်ရမှန်းမသိလို့၊ အနေအစားချောင်မယ် ထင်လို့၊ အရပ်ထဲမှာနေမဖြစ်မယ့်ပြဿနာ ပြစ်မှု တစ်ခုခုရှိလို့စသဖြင့် အကြောင်းရင်းတွေနဲ့ ၀င်လာကြတာများပါတယ်။ စစ်တပ်ထဲ ရောက်လို့ ထင်သလိုမဖြစ်၊ အနေအစား မချောင်တဲ့အပြင် တပ်စိပ်မှူး၊ တပ်စုမှူးအစရှိတဲ့ အထက်က လူတွေရဲ့ အဆူအဆဲနဲ့ ကိုယ်ထိလက်ရောက် ထိုးတြိတ်တာတွေ၊ တရားလက်လွတ် အနိုင်ကျင့် ခံရတာတွေနဲ့ ကြုံရ၊ စစ်ဆင်ရေးတွေမှာ ငတ်ငတ်ပြတ်ပြတ် ပင်ပန်းတာတွေကြုံရ၊ စစ်ဆင် ရေးမရှိလည်း လယ်စိုက်ရ၊ မွေးမြူ ရေးလုပ်ရ၊ ဖက်ထိပ်လုပ်ရ၊ ရတဲ့လစာနဲ့သုံးတာနဲ့ မလောက်ငှတော့ ကြွေးတွေတင်၊ ကြာတော့ စိတ်ညစ်ပြီး တပ်ပြေးတွေ ဖြစ်ကုန် ကြပါတယ်။
အဓိကပြဿနာကတော့ အဆမတန်တိုးချဲ့လိုက်တဲ့ တပ်အင်အားကို အဆင့်တန်းမှီအောင် ကျွေးမွေးဖို့၊ လူလိုသူလိုနေရဖို့ ထောက် ပံ့နိုင်တဲ့ ဖူလုံရေးအစီအစဉ် ညံ့ဖျင်းလွန်းမှုပါ။ တပ်ရိက္ခာတွေကလဲ မဆလခေတ်နဲ့ နှိုင်းယှဉ်လို့မရအောင် နည်းပါးလာတဲ့အပြင်၊ တပ် မတော်ကအစဉ်အဆက် ထိန်းသိမ်းခဲ့တဲ့ ရဲဘော်ရဲဘက်စိတ်က တပ်မှူး၊ တပ်ရင်းမှူးတွေမှာ မရှိတော့တာက အောက်ခြေ အခြား အဆင့်တွေ တပ်တွင်းမှာ နေလို့မဖြစ်အောင် အနေအစားကြပ်လာရတဲ့ ပြဿနာပါ။ အတုမြင်အတတ်သင်ဆိုသလို အဆင့်ဆင့် ကိုယ့်အိတ်ထဲပဲ ထည့်၊ ကိုယ်ကျိုးပဲရှာတတ်လာတဲ့ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းမှုကလည်း ရှိလာပါတယ်။ တပ်မှူး ၊တပ်ရင်းမှူးတွေဖက်က ကြည့်ရင်လည်း ချောင်လှတာတော့မဟုတ်ပါ။ အစဉ်အဆက်က တပ်မှူးတွေကိုယ်တိုင် တိုက်ရိုက် ကိုင်တွယ် စီမံခွင့်ရခဲ့တဲ့ တပ်ရင်းရန်ပုံငွေလို ကိစ္စမျိုး၊ လုပ်ပိုင်ခွင့်မျိုးတွေကို အထက်က ထိပ်တန်းအရာရှိတွေက စုပုံယူထားပြီး တပ် တွင်းပြဿနာတွေကိုတော့ ကိုယ်ဘာသာရှင်းနေရတာမို့ တပ်ကိုစေတနာထား၊ ကိုယ်ကျင့်တရား အတော်သင့် ကောင်းမွန်တဲ့ တပ် မှူးတွေဆိုရင်လည်း အတော်လေးခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်ရပါတယ်။ တပ်ဆောင်ပုဒ်အတိုင်း ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေ ပါတာပဲ လိုချင်တယ်ဆိုတဲ့ အထက်အမိန့်အရ မဖြစ်စလောက်တပ်ရန်ပုံငွေကိုသုံးပြီး တပ်နေပျော်ရေးကို ကိုယ်ထူကိုယ်ထ မဖြစ် နိုင်တာတွေလုပ်နေရတာပါ။ နောက်ဆုံးတော့ အရင်လူတွေလုပ်ခဲ့သလိုပဲ မိုးခါးရေကို ခါတော်မှီသောက်၊ ရနိုင် တဲ့နည်းနဲ့ငွေရှာတဲ့ လမ်းကို လိုက်ရတော့တာနဲ့ပဲ အဆုံးသတ်ရပါတော့တယ်။ တပ်မှူးတော်တော်များများကလဲ တပ်ထဲဝင်တာ တပ်အတွက်ငွေရှာနေ ရတာမို့ ကုမ္ပဏီမန်နေဂျာနဲ့ပိုတူနေတာကို စိတ်ပျက်ကြပါတယ်။ တရားမ၀င်တဲ့ နည်းလမ်းနဲ့တပ်အတွက်ငွေရှာရင်း ကိုယ့်အတွက် ပါအပိုရှာ တတ်လာတာကတော့ မဆန်းလှပါဖူး။ နောက်ဆက်တွဲအနေနဲ့ကတော့ ငွေရနိုင်တဲ့လုပ်ငန်းတွေကို တပ် တွင်းမှာတင်မက တပ်ရင်းအခြေစိုက်တဲ့ ပတ်ဝန်းကျင်လူထုဆီကပါ မဖြစ်မနေရှာလာရတဲ့အတွက် လူထုကို နှိပ်စက်တဲ့တပ်ဖြစ် လာရ၊ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျ အကြည်ညိုပျက်ရတဲ့ အခြေအနေ ရောက်လာပါတော့တယ်။ သည်လိုနဲ့အကျိုးဆက်က တပ်သားသစ် စုဆောင်း ရေးမှာ ခက်ခဲလာပြီး မုန့်လုံးစက္ကူကပ်တဲ့ တပ်အင်အားပြုန်းနီးမူဇာတ် တပတ်ပြန်လည်လာတာပါ။
တပ်အင်အား ပြုန်းတီးမူကိုလေ့လာရင် မြင်သာထင်သာရှိတဲ့ကိစ္စက တပ်ပြေးများတဲ့တပ်အမျိုးအစားတွေပါ။ တိုက်ရခိုက်ရနဲ့ ပင်ပန်း ကြမ်းတမ်းတဲ့ ခြေလျင်/ခြေမြန်တပ်က ပြေးတဲ့သူတွေများပြီး အနေအစားချောင်ပြီး အောက်ဆိုက် ၀င်ငွေကောင်းတဲ့ ဆောက် လုပ်ရေး အင်ဂျင်နီယာတပ်၊ ထောက်ပို့တပ်လိုမျိုးကတော့ တပ်ပြေးနည်းပါတယ်။ အနေ အစား ချောင်တဲ့တပ်ဆိုပေမဲ့လည်း ပြေးတဲ့ သူတွေ အနည်းနဲ့အများတော့ရှိပါတယ်။ တမြန်နှစ်က တပ်မတော်ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးရဲ့ လေးလ ပတ်အစည်းအဝေးမှာ ဆိုရင် ထပရ(၁၂၁) က တပ်ပြေး (၆၂) ယောက်၊ ထပရ (၄၂၄) က တပ်ပြေး (၃၃) ယောက်၊ ထပရ (၆၂၆) က တပ်ပြေး (၃၄) ယောက်၊ ထပရ (၇၂၇) က တပ်ပြေး (၄၁) ယောက်၊ ထပရ (၉၃၅) က တပ်ပြေး (၄၀)၊ ထပရ (၉၂၉) က တပ်ပြေး (၂၂) ယောက်၊ ထပရ (၉၃၂) က တပ်ပြေး (၁၂) ယောက် စတဲ့ စံချိန်တင်လောက်တဲ့ တပ်ပြေးစာရင်းတွေတက်လာလို့ တပ်မှူးတွေအကုန်လုံး စံချိန်တင်လောက်အောင် အဆဲခံလိုက်ရတယ်လို့ဆိုပါတယ်။
တပ်ရင်းတွေမှာ စစ်သားတွေ ထွက်ပြေးကြမှာစိုးလို့ အကြောင်းမရှိပဲ အပြင်ထွက်ခွင့်မပြုဖို့ တပ်ရင်းဂိတ်တွေမှာ စည်းကမ်း ထုတ်ထားရပါတယ်။ ဒါတင်မက နေပြည်တော်စစ်ရုံး၊ တပ်ရင်းတစ်ခုမှာဆိုရင် တပ်ရင်း မိသားစုတွေအတွက် တစ်ပတ်နှစ်ကြိမ် ဈေး လိုက်ပို့ပေးတဲ့ ဈေးကားကို တပ်ရင်းမှူးကိုယ်တိုင်ပဲဖြစ်ဖြစ်၊ တပ်ရင်းမှူး မအားရင် အနည်းဆုံးတပ်ခွဲမှူးတွေ လိုက်လိုက်လာပြီး ရဲ ဘော်တွေနဲ့အတူ ဈေးကားလိုက်လေ့ရှိပါတယ်။ “သြော်၊ ဒီအရာရှိတွေက ရဲဘော်တွေကိုအတော်ဂရုစိုက်သားပဲ” လို့ အပြင် ဗန်းယူဆရပေမယ့် တကယ့်အကြောင်းရင်းက ဈေးကားနဲ့ ဈေးလိုက်ဝယ်တဲ့ ရဲဘော်သုံးယောက်ပြေးတာက စပါတယ်။ နောက်ထပ် ပြေးရင် ယာယီတပ်ရင်းမှူး/ ဗိုလ်မှူးကနေ ဒုဗိုလ်မှူးကြီးဖြစ်ဖို့ ဆားဗစ်ထိမယ်လို့ အထက်ကကြိမ်းတာမို့ ဈေးကားလိုက်စောင့်ရတဲ့ တပ်မှူးတဦးဖြစ်လာတာပါ။ တပ်ပြင်ပမှာ လုံခြုံရေးဆောင်ရွက်ဖို့ စေလွှတ်ရင်း ထွက်ပြေးသွားတတ်တာမို့ အဲဒီ့တပ်မှူးဟာ သူ့တပ် က အပြင်လုံခြုံရေးယူရရင်တောင် ထွက်မပြေးဘူး ယုံရလောက်တဲ့သူတွေ၊ သူ့ရဲ့အတွင်းလူတွေကိုသာ ရွေးချလွန်းလို့ သူ့နားက လူ တွေလဲ အတော်ညည်းကြရပါတယ်။ အခြားအဆင့်တွေပဲ ပြေးတာမဟုတ်ပါဘူး။ ခမရ (၃၅၃) က ကြည်း-၅၆၀၈၆ ဗိုလ်မျိုးမင်းသိန်း၊ ကြည်း-၄၂၀၅၃ ဗိုလ်ကြီးချမ်းမြေ့အောင် တို့လို လုံခြုံရေးသွားယူရင်း၊ တပ်ပြင်ခဏထွက်သွားရင်း ထွက်ပြေးသွားတဲ့ အရာရှိတွေ လည်း ရှိပါတယ်။ အဲဒါက တပ်ပြေးကိစ္စမှာ တပ်မှူးတွေရဲ့မသေးလှတဲ့ ပြသနာကို ပြောချင်တာပါ။
တပ်ပြေးကိစ္စနဲ့ပက်သက်လို့နေပြည်တော်မှာရှိတဲ့ ထူးခြားတဲ့ပြသနာ တခုကတော့ တပ်ရင်းတစ်ခုကနေ စစ်သား (၂) ယောက် ထွတ်ပြေးပြီး တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်ကြီးဆီက ငွေပြန်ညှစ်တဲ့ဇာတ်လမ်းပါ။ ဖြစ်ခဲ့တာကတော့ ထောက်/ပို့ လက်အောက်ခံ တပ်တစ်ခုပါပဲ။ တပ်သားနှစ်ယောက်က ထွက်ပြေးပြီးမှ ပိုက်ဆံမရှိတော့လို့ တပ်ရင်းမှူးဆီ ဖုန်းဆက်ပြီး “ပိုက်ဆံ(၃) သိန်းလွှဲပေး၊ မပေးရင် ဗိုလ်မှူးတို့ ပိုက်ဆံတွေ ဘယ်လိုဘုံး နေလဲဆိုတာ နိုင်ငံခြား ရေဒီယိုတွေဆီ ဖုန်းဆက် ပြောပစ်လိုက် မယ်” လို့ခြိမ်း ခြောက်လို့ ရဲတွေကို ပိုက်ဆံပေးပြီး တပ်ရင်းမှူးကိုယ်တိုင် ထောင်ချောက်ဆင် လိုက်ဖမ်းခိုင်းရတဲ့ အဖြစ်မျိုးရောက်ခဲ့ပါတယ်။ ဖြစ် ချင်တော့ပြေးတဲ့သူတွေက တပ်တွင်းမှာရှိစဉ်က တပ်ရင်းမှူးရဲ့ တိုးတိုးတိတ်တိတ်ငွေရှာကွက်တွေမှာ ခိုင်းဖူးတဲ့အနီးကပ် တပည့်တွေဖြစ်နေခဲ့တာကြောင့် အခုလို ဖြစ်ရတာလို့ အတွင်းစကားတွေက ဆိုပါတယ်။ တပ်ရင်းအားလုံးရဲ့ထုံးစံအရတော့ တပ်က ထွက်ပြေးတဲ့ တပ်ပြေးတွေကို ဖမ်းမိလို့ စစ်ခုံရုံးတင်တဲ့အခါမှာ တပ်ကအရာရှိတွေရဲ့ ပေါ့လျော့မှု၊ တပ်တွင်းဆင်းရဲကျပ်တည်း မှုကြောင့် ပြေးရတာမဟုတ်ကြောင်း စစ်ခုံရုံးအစီရင်ခံစာမှာ ထည့်ရေးရပါတယ်။ ဒါမှ အရာရှိတွေက အင်မတန်တော်လျှက်နဲ့၊ တပ်ရင်းမှာလည်း အင်မတန် ပြည့်စုံအောင် တပ်နေပျော်ရေးအစီစဉ်တွေ စီစဉ်ပေးပါလျှက်နဲ့ တပ်ပြေးတွေက စိတ်ဓာတ်ပျော့ညံ့လို့ ပြေးရတာပါလို့ လူကြီးတွေ ဖတ်လို့ကောင်းအောင်၊ ကျန်တဲ့အရာရှိတွေဆီကို အပြစ်ပုံမကျအောင် ရေးရပါတယ်။
တပ်ပြေးနဲ့ပတ်သက်တဲ့ တပ်တွင်းစစ်တရားရုံးအစီရင်ခံစာကို ဖေါ်မြူလာအရ ပြန်ရေးရရင်-
(အမှတ်(-)ခြေမြန်တပ်ရင်းမှ ပြန်တမ်းဝင်အမှတ်၊ ကြည်း—ဗိုလ်ကြီး (တပ်ရေးဗိုလ်ကြီး/ တပ်ခွဲမှူးပေါ့) အား မှန်ကန်စွာထွက်ဆိုရန် သတိပေးပြီးနောက် ထွက်ဆိုသည်မှာ- ၎င်းစစ်သည်သည် (-)ရက်နေ့(-)နာရီ အချိန်ခန့်မှစ၍ အထက်အရာရှိတစ်ဦးဦး၏ ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ မိမိသဘော ဆန္ဒအလျောက် ခွင့်မဲ့ပျက်ကွက်ခဲ့ရာ (၂၁)ရက်ကျော်လွန်သည် အထိ ပြန်လည် အဖမ်းခံခြင်း၊ ဖမ်းဆီးရမိခြင်း မရှိသဖြင့် (-) ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးခုံရုံး ထိုင်၍ တပ်ပြေးကြေညာခဲ့ပါသည်။ ကျွန်တော်တို့တပ်တွင် တပ်နေပျော်စေရေးစီမံချက်ပါအတိုင်း ဘောလုံးကွင်း၊ ကြက်တောင်ရိုက်ကွင်းများ၊ ဘိလိယက်ခုံများ၊ ဘော်လီဘောကစားကွင်းများ၊ ပိုက်ကျော်ခြင်းကွင်း၊ တပ်ရင်း သက်သာဆိုင်များ စီစဉ်ဆောင်ရွက်ပေးထားပြီး၊ လူပျိုစစ်သည်စားရိပ်သာတွင် စားသောက်ရေး အဆင်ပြေစေရန်အတွက် စားရိပ်သာကြီးကြပ်မှု ကော်မတီဖွဲ့စည်း၍ တစ်လလျှင်တစ်ကြိမ် အထူးနေ့လည်စာစားပွဲများ စီစဉ်ဆောင်ရွက် ပေးထားပါသည်။ ထိုသို့ စီစဉ်ဆောင်ရွက် ပေးထားသော်လည်း တပ်သား ———– သည် စည်းကမ်းနှင့် စနစ်တကျထားရှိမှုအပေါ် လိုက်နာနိုင်ခြင်းမရှိဘဲ စိတ်ဓါတ်ပျော့ညံ့ပြီး စစ်သားစိတ်လျော့ပါးကာ တပ်မတော်တွင် ဆက်လက်တာဝန်ထမ်းဆောင်လို စိတ်မရှိခြင်းတို့ကြောင့် ခွင့်မဲ့ပျက်ကွက်ရခြင်းဖြစ်ပါသည်။”) လို့ အရာရှိတွေမှာ အပြစ်မရှိကြောင်း ပေါ်လွင်အောင် ရေးရပါတယ်။
တပ်ပြေးအများစုကတော့ လက်နက်မဲ့နဲ့ပြေးကြပေမဲ့ ရှေ့တန်းကနေ ပြေးကြရင်တော့ လက်နက်ပါယူပြီး ပြေးကြတာ များပါတယ်။ လက်နက်ပါယူပြေးရတဲ့အကြောင်းရင်းကတော့ လိုက်ဖမ်းတဲ့သူတွေ နောက်ကလိုက်လာရင် ပြန်အဖမ်း မခံရအောင် ကာကွယ် နိုင်ဖို့နဲ့ တပ်ကနေထွက်ပြေးပြီး နီးစပ်ရာရန်သူတွေဆီ ၀င်ရောက်ခိုလှုံတဲ့အခါ လက်နက်ပါ ပါလာတော့ မျက်နှာပန်း လှတဲ့အတွက် ကြောင့်ပဲဖြစ်ပါတယ်။ စစ်သားတစ်ယောက် လက်နက်ပါယူပြီး ရန်သူဆီ ခိုလှုံသွားတယ်ဆိုရင် အဲ့ဒီတပ်က အရာရှိတွေလည်း မချောင်ပါဘူး။ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်နဲ့ ဆားဗစ်ထိနိုင်၊ စစ်တရား ရုံးရောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ရှေ့တန်းမှာ ထွက် ပြေးတဲ့ တပ်ပြေးတွေကို လိုက်ဖမ်းရင် အသေရရ၊ အရှင်ရရ လက်နက်ပြန်ရရင်ပြီးရောဆိုပြီး ဒလန်မန်းကြမ်းလိုက်ဖမ်းကြတာမို့ ကိုယ့်တပ်ကလူတွေရဲ့ လက်ချက်နဲ့ပဲ အသက်ပျောက်ခဲ့ရတဲ့ စစ်သည်တွေ မနည်းလှပါဘူး။ တလောကတုန်း ဖြစ်ပွားခဲ့တဲ့ ကချင် ပြည်နယ်နဲ့ ရှမ်း(မြောက်) တိုက်ပွဲတွေမှာလည်း တပ်ကထွက်ပြေးတဲ့ စစ်သည်တွေ အသတ်ခံရတဲ့ သတင်းတချို့ထွက်လာခဲ့ပါတယ်။
အဲသည်လို ကိုယ့်တပ်က လက်ချက်နဲ့ပဲ အသက်ပေးလိုက်ရတဲ့တပ်ပြေး ဖြစ်စဉ်တွေအကြောင်းပြောရရင် ၂၀၀၄ ခုနှစ် တုန်းက ကရင်ပြည်နယ် စစ်ဆင်ရေးတစ်ခုမှာ တပ်ကနေထွက်ပြေးရင် နောက်ကလိုက်ဖမ်းသူတွေရဲ့ လက်ချက်နဲ့ သေကြေခဲ့ရတဲ့ တပ်ပြေး ဖြစ်စဉ်တချို့ရှိခဲ့ပါတယ် ။ ၂၀၀၄ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှာ မာနယ်ပလော၊ မဲသဝေါ၊ မဲလနယ်မြေ၊ ပွိုင့်-၁၂၄၈ စစ်ဆင်ရေး ခြေကုပ်စခန်းမှာ အခြေပြုထားတဲ့ ခမရ (၃၃၈)မှ ဗိုလ်ထင်ဇော် ဦးစီးတဲ့ ခွဲရုံး (၂) စု ကနေ စစ်သည် (၃) ယောက်ဟာ လက်နက် တွေယူပြီး ထွက်ပြေးသွားကြပါတယ်။ အဲဒီစစ်သည်တွေကတော့ (၁) ကိုယ်ပိုင်အမှတ်၊ ၄၉၃၉၄၈ တပ်ကြပ်ကြီး ခင်စိုး၊ အမ်-၇၉ (၁) လက်၊ သေနတ်နံပတ် (၁၁၅၈၃၆)၊ ၄ဝမမဗုံးသီး (၁၅)လုံး ဘီအေ(၉၁)လက်ပစ်ဗုံး (၁)လုံး။ (၂) ကိုယ်ပိုင်အမှတ်၊ ၉၇ဝ၈၅၇၊ တပ်ကြပ် ဦးတင်ချေ၊ အမ်ဂျီ-၃ စက်လက်(၁)လက်၊ သေနတ်နံပတ် (၄၁၂၄၈)၊ ကျည်ခါးပတ် (၅)ခု၊ ၇.၆၂ကျည် (၂၅ဝ)တောင့်၊ ဘီအေ (၉၁)လက်ပစ်ဗုံး (၁)လုံး။ (၃) ကိုယ်ပိုင်အမှတ်၊ တ-၂၅၈၆၈ဝ၊ တပ်သား ခင်မောင်လှိုင် အမ်အေ- ၁၁(၁)လက်၊ သေနတ်နံပတ် (အေ-၁ဝဝ ၃၃၅၁ ) ကျည်အိမ်(၂)ခု၊ ၅.၅၆ကျည် (၁ဝ၅)တောင့်၊ ဘီအေ(၉၁) လက်ပစ်ဗုံး(၁)လုံး တို့ပဲဖြစ်ပါတယ်။ အဲဒီ့စစ်သည်တွေကို လိုက်လံဖမ်းဆီးပေမဲ့ မမိခဲ့ပါဘူး။ ဒီတော့ ကိုယ့်လူကိုယ်နိုင်အောင်ထိန်းကြ၊ မထိန်းနိုင်လို့ လက်နက်နဲ့ တပ်ပြေးမှု (လက်နက်ဖြင့်ခွင့်မဲ့ပျက်ကွက်ပေါ့) ဖြစ်ရင် ဖြစ်တဲ့တပ်ကအရာရှိတွေနာမယ်လို့ တပ်မမှူး၊ ဗျူဟာမှူးတွေက ကြိမ်း မောင်း ပါတော့တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်တစ်နေ့မှာပဲ ရတခဒေသအတွင်းမှာပဲ လက်နက်နဲ့ တပ်ပြေးမှု ထပ်ဖြစ်ခဲ့ပါတယ်။ ရတခ ကွပ်ကဲမှုအောက်မှ စစ်ဆင်ရေးဝင်နေတဲ့ ရှေ့တန်းတပ်မ (၇၇) လက်အောက်ခံ၊ ခမရ(၁၀၆) မှ စစ်ကြောင်း (၂) ဟာ ကော့ကော်၊ မဲပလဲ၊ ထီးချရားဒေသ (မပည အင်န်-၇၇၃၄၄၁ အနီး) မှာ အခြေပြုထားတုန်း ၂၀၀၄ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှာ တပ်ခွဲ (၂)က စစ်သည်နှစ်ဦး လက်နက်တွေယူဆောင်ပြီး တပ်က ထွက်ပြေးသွားခဲ့ပါတယ်။ ထွက်ပြေး သွားတဲ့ စစ်သည်တွေက ကိုယ်ပိုင်အမှတ်၊ တ/၂၃၇ဝ၆၇ တပ်သား အောင်ဆန်းဦး၊ အမ်အေ-၁ (၁)လက်(အက်ဖ်-ဝ၂၅၄၈၂)၊ ကျည်အိမ် (၃)ခု၊ ၅.၅၆ကျည်(၁၅ဝ) တောင့်နှင့် ကိုယ်ပိုင်အမှတ်၊ တ-၂၈၁၆၈၂ တပ်သား ဖြိုးမောင်မောင်၊ အမ်အေ-၁(၁)လက် (အက်ဖ်-ဝ၂၅ ၈၁၃) ကျည်အိမ်(၃)ခု၊ ၅.၅၆ကျည်(၂ဝဝ)တောင့်တို့ ဖြစ်ပါတယ်။
အဲ့ဒီတုန်းက ခမရ (၁၀၆) စစ်ကြောင်း(၂) ရဲ့ စစ်ကြောင်းမှူးက ဗိုလ်မှူး ခင်မောင်သန်း ဖြစ်ပြီး တပ်ခွဲမှူးကတော့ ဗိုလ်ကြီးလှမိုး (ဗသကအပတ်စဉ် -၈၇) ပါ။ အထက်က ကြိမ်းမောင်းထားပြီး နောက်နေ့ပြေးတာဆိုတော့ ဗျူဟာရုံးနဲ့ တပ်မကလည်း ဖိအားပေးလာတာကြောင့် နယ်မြေအတွင်း ကွက်ပြည့်နင်းပြီး တပ်ပြေးတွေကို တရကြမ်းလိုက်ရှာ ပါတော့တယ်။ ဧပြီလ (၉) ရက် နေ့မှာတော့ တောင်စွန်းရွာနားမှာ တပ်ပြေးစစ်သည် (၂) ယောက်ကို တွေ့ခဲ့ကြောင်း ရွာသားအချို့ဆီက သတင်းရတာမို့ ၀ိုင်း ၀န်းပိတ်ဆို့ရှင်းလင်းပါတယ်။ တောင်စွန်းရွာအနောက်ဘက်က တောင်ကြောနားမှာ တပ်ပြေးစစ်သည် (၂)ဦးနဲ့ရင်ဆိုင်တွေ့ပြီး ပြန်လည်အဖမ်းခံဖို့ ငြင်းဆန်တာကြောင့် အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။
(ဆက်ပါဦးမည်)
Credit....မိုးဇေငြိမ်း
0 comments:
Post a Comment