Pages

Monday, August 12, 2013

တပ်မတော်သားအချို့ ပါဝင်သည့် ဆင်သတ်အစွယ်ဖြတ်ဂိုဏ်း ဖော်ထုတ်ရန်ကြိုးစားသည့် ငပုတောစခန်းမှူးကို ထောင်ဒဏ်အပြစ်ပေး



ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အတွင်းရှိ တရားမ၀င်သစ်ခိုးထုတ်မှုများ၊ ဆင်သတ် ဆင်စွယ်ဖြတ်ဂိုဏ်းများအား ဖော်ထုတ်ရန် အ တွက် အေးရှားဝေါလ်ကုမ္ပဏီမှ စိုက်ခင်းအလုပ်သမားသုံးဦးအား ဖမ်းဆီးစစ်ဆေးခဲ့သည့် ငပုတောမြို့မရဲစခန်းမှူးမှာ အလုပ်ကြမ်းနှင့်ထောင် ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရသည်။
 ငပုတောမြို့မရဲစခန်းမှူးရဲအုပ်စိုးမင်းသည် တောဆင်ရိုင်းများကို ခေါင်းဖြတ်သတ်ကာ ဆင်နှင့်ပတ်သက်ပစ္စည်းများ ၊တရားမ၀င်ရောင်းဝယ်ကာ လုပ်ကိုင်နေသည့် ဆင်သတ်ဂိုဏ်းအားဖော်ထုတ်နိုင်ရန် ဒေသခံတို့၏သတင်းပေးချက်အရ အေးရှားဝေါလ်ကုမ္ပဏီမှစိုက်ခင်းအလုပ် သမား (၃) ဦးအား ဖမ်းဆီးစစ်ဆေးရာတွင် ကြမ်းတမ်းစွာ ရိုက်နှက်စစ်ဆေးခဲ့သဖြင့် တိုင်ကြားခံရကာ ဇွန်လ(၂၁)ရက်က ရဲတရားရုံးဖြင့် စစ်ဆေးခံရပြီး ယ ခုကဲ့သို့ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။
အမာခံသတင်းပေးတွေက သတင်းပေးချက်ကြောင့် ငါးရံ့ချောင်းရွာ(ငပုတောမြို့နယ်)မှာနေတဲ့ မန်းထွန်းအောင်အပါအ၀င် ကုမ္ပဏီဝန်ထမ်း သုံးယောက်ကို ခေါ်ယူစစ်ဆေးခဲ့တာပါ၊ အဲဒီကိစ္စကိုကုမ္ပဏီရဲ့ စိုက်ကွက်မန်နေဂျာဒေါ်ပိုပိုက စစ်ဆေးတာမှာ ရိုက်နှက်တယ် ၊ တောစီးဖိနပ်စီး ပြီး ခြေထောက်နဲ့မျက်နှာကို ကန်တယ်ဆိုပြီး တိုင်ခဲ့တာကို အခုလိုဆုံးဖြတ်ခဲ့တာဟု ပြစ်ဒဏ်ခံခဲ့ရသူ ရဲအုပ်စိုးမင်း၏ ဇနီးဖြစ်သူ မတင်မျိုးမျိုး သိမ့် ကပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ ပြစ်ဒဏ်ချမှတ်ခြင်း(အရာရှိ) အပိုင်း(၁/ခ)၌လည်း (ပ)၇၃/၂၀၁၃ ပြည်သူပိုင်ပစ္စည်းကာ ကွယ်စောင့်ေ ရှာက် ရေး ဥပဒေပုဒ်မ၆(၁)အမှုနှင့် ပတ်သက်၍ စနစ်တကျစုံစမ်းမေးမြန်းခြင်းမရှိဘဲ ရိုက်နှက်စစ်ဆေးခဲ့သော ရဲအုပ် စိုးမင်း(လ/၂၀၅၂၆၈)အား ရှုတ်ချကာရဲမှုထမ်းခြင်းမှ အမြဲတမ်းထုတ်ပယ်ကာ အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ်နှစ်ကျ ခံစေခဲ့ ခြင်းဖြစ်သည်။
ပြစ်ဒဏ်ချမှတ်ခံရသူရဲအုပ်စိုးမင်းအား ထောင်ကြီးချုပ်ဖြင့် ချုပ်နှောင်ထားစဉ် မီဒီယာအချို့မှ သွားရောက်မေးမြန်းရာ ၄င်းမှ ဆင်များအသတ်ခံ ရခြင်းနှင့် ပတ်သက်၍ ဒဏ်ရာရရှိမှုကို စစ်ဆေးရာတွင် ဆင်သတ်ဂိုဏ်းများသည် ဖောက်ထွင်းဒဏ်ရာရရှိသည့် နေရာအားလှီးဖြတ်၍ ဆင်ကို ပစ်ခတ်ခဲ့သော ကျည်ဆန်ကိုထုတ်ယူကာ ဖျောက်ဖျက်လေ့ရှိကြောင်း၊ ကျည်ဆန်နှင့် သေနတ်ကို ပဲခူးတောင်ငူစသည့် စစ်လက်နက်ထုတ် သည့်နေရာများမှ ငှားရမ်းရယူနိုင်ပြီး ဆင်သတ်မှုတွင် တပ်မတော်သားအချို့ ပါဝင် ပတ်သက်နေသဖြင့် အမှုတွဲမှ ဖယ်ရှားထားသည်ဟု ထုတ်ဖော်ပြောကြားထားသည်။
ငပုတောမြို့နယ်အတွင်းယမန်နှစ်က ဆင်သတ်ဆင်စွယ်ဖြတ်မှုများကြောင့် ယမန်နှစ်ကဆင်ကိုးကောင်အထိ ခေါင်းဖြတ်အသတ်ခံရသည့်အပြင် ဆင်များမှာလည်း လူနေတောရွာများသို့ ၀င်ရောက်ခဲ့သဖြင့် လူ၂၀ထက် မနည်းသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။
တောဆင်များကို လိုက်လံသတ်ဖြတ်နေသည့်အဖွဲ့များမှာ ပုသိမ်-မော်တင်ကားလမ်းမကိုအသုံးပြု၍ လနှင့်ချီကာတောတောင်များထဲတွင် ရွေ့ လျားစခန်းချနေကြောင်း၊ လက်ဆွဲလွှစက်များ (ဟန်းစော/ချိန်းစော)များဖြင့် သစ်ခွဲအဖွဲ့များသည် လည်း ရွေ.လျှားစခန်းချလျှက် သစ်များထုတ် လုပ်နေသည်ကို မြို့နယ်အဆင့်သာရှိသော သစ်တောနှင့်ရဲဝန်ထမ်းများအနေဖြင့် ထိန်းမထားနိုင်ကြောင်း၊ ထို့ကြောင့်မည်သည့်အခါမှ စိုက် မည်မသိသော ရော်ဘာစိုက်ခင်းအမည်ခံကုမ္ပဏီများအား စစ်ဆေးသင့် ကြောင်း ဒေသခံများကလည်း သဘာဝ ပတ်ဝန်း ကျင်နှင့် သစ်တောရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်အထိ တိုင်ကြားထားကြောင်း သိရသည်။
 “ဆင်တွေကို စီးပွားဖြစ်လိုက်သတ်နေတဲ့အဖွဲ့တွေက ပရာဒိုလိုကားကောင်းတွေနဲ့ရောက်လာကြပြီး သူတို့လုပ်ငန်း လုပ်မယ့်တောထဲ အ၀င် လမ်းတွေကို ရွာသားတွေမ၀င်နိုင်အောင် သစ်ပင်လှဲကြက်ခြေခတ်ထားကြတယ်၊ အဲ့ဒီအမှတ် အသားကို မြင်ရဲ့သားနဲ့ဝင်တဲ့သစ်ခုတ်ဝါးခုတ် ရွာ သားတွေကို အသက်အန္တရာယ်ရန်ရှာခံရတာတွေတောင်ရှိတယ်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
ဆင်နှာမောင်းမှာ တန်ဖိုးရှိပြီးဆင်ခွာကို ဆောင်ထားပါက ပယောဂကင်းကြောင်း၊ ဆင်အရေပြားကိုပြာချပြီး ယားနာကုသရာ၌ အသုံးပြုနိုင်သလို ဆင်မြီး၊ဆင်နားရွက်စသည့် ဆင်တစ်ကောင်လုံးတန်ဖိုးရှိပြီး ဆင်စွယ်မှာ ပိုပြီးတန်ဖိုးအရှိဆုံးဖြစ်ကြောင်းနှင့် တစ်စုံလျှင်ကာ လပေါက်ဈေ ကျပ်သိန်း(၁၀၀၀)ခန့်ရှိနေကြောင်း၊ ငပုတောမြို့နယ်၊ဆင်ဝိုင်းရွာမှဆင်လုပ်သားတစ်ဦးကပြောသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်၍ မတ်လအတွင်းက ကျင်းပခဲ့သော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင်လည်း ငပုတောမြို့ နယ် မဲဆန္ဒနယ်ကိုယ်စားလှယ်က တောဆင်ရိုင်းများ လူကိုသတ်နေခြင်းနှင့်ဆင်များကို လူက သတ်နေခြင်းများ ဖြစ်ပေါ်နေသည်ကို အထူးစီမံ ချက်များဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန် အဆိုတစ်ရပ်တင်သွင်းခဲ့သည်။
ခေါင်းဖြတ်ခံနေရတဲ့ဆင်ကိုတွေ့လို့ အမှုဖွင့်စစ်ဆေးခြင်းတွေ ပြုလုပ်တော့ တောစပ်ရွာအနီးက ပြည်သူတစ်ချို့မှာ ခေါင်းဖြတ်ဆင်သတ်ခြင်းရဲ့ ယာယီတရားခံပေါင်း များစွာသာဖြစ်နေပြီး အချုပ်ခန်းထဲသို့ ရောက်ရှိနေကြသည်ကိုလည်း တွေ့မြင်နေရပါသည်ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ ငပုတောမြို့နယ်မဲဆန္ဒနယ်ကိုယ်စားလှယ်ဦးအေးကြည်က အဆိုတင်သွင်းခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၂စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော ရှားခဲအင်းပြဿနာ၌ ရွာသားနှစ်ဦး သေဆုံး သည်အထိ ပစ် ခတ်ခဲ့ရာတွင် တာဝန်ရှိသူရဲဝန်ထမ်းများနှင့်ပြီးခဲ့သည့် ဇွန်လအတွင်းက ရွှေထည်ပစ္စည်းများ ပျောက်ရာတွင် မသင်္ကာအမျိုးသမီးတစ်ဦးအား လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးသည်အထိ စစ်ဆေးခဲ့သော ရဲဝန်ထမ်းများကို အရေး ယူခြင်းအား တိတိကျကျမထုတ်ပြန်သေးခင် ဆင်သတ်ဂိုဏ်းဖော်ထုတ်ရန် ကြိုးစားသည့် ရဲအရာရှိ တစ်ဦးကို ပြင်းထန်စွာ အပြစ်ပေးခဲ့သဖြင့် ဆင်သတ်၈ိုဏ်သားများ ပိုမိုလက်ရဲဇက် ရဲဖြစ်လာနိုင်ကြောင်း ငပုတော မြို့ခံအချို့ကဝေဖန်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ(၅၀၀၀)ခန့်သာ ကျန်တော့ပြီး ယခုကဲ့သို့ဆင်များကို စည်းကမ်းမဲ့သတ်ဖြတ် နေမှုကြောင့် မကြာမီမြန် မာ့ဆင်ပျောက်ကွယ်သွားနိုင်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ငပုတောမြို့နယ်မှာ သစ်တောပြုန်းတီးမှု အများဆုံးမြို့နယ်ဖြစ်ပြီး မြို့ နယ်အတွင်း သစ်တောမြေ(၄၂၂၁၄၂)ဧကရှိရာ အစိုးရနှင့်ပုဂ္ဂလိကတို့မှ အစားထိုးစိုက်ပျိုးမြေ (၁၃၀၃၃)သာရှိသေးသဖြင့် စုစုပေါင်း စိုက်ပျိုးမြေ ဧက(၂၄ ဒဿမ ၇၁%)ခန့်သာ အစားထိုးစိုက်ပျိုးနိုင်သေး သောကြောင့် သစ်တောပြုန်းတီးမှုမှာ ၇၅ ရာခိုင်နှုန်းကျော်ရှိနေသည်ဟု သစ်တော ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

0 comments:

Post a Comment