တပ်မတော်သားများဟာ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ နိုင်ငံတကာက စွပ်စွဲကြတဲ့ အချက်အလက် တွေအထဲမှာ ပေါ်တာခေါ်ဝန်ထမ်း ချောဆွဲတဲ့ကိစ္စဟာ အဓိက ဖြစ်ပါတယ်။ ဝန်ထမ်း၊ ပေါ်တာတွေဟာ အ မှန်တကယ် ဒုက္ခဆင်းရဲ ဖြစ်ကြရသလို လက်နက်ကြီး၊ ဗုံးသီး၊ ကျည်ဆံ၊ ရိက္ခာများ တနင့်တပိုး ထမ်းရ တဲ့အတွက် ပင်ပန်းဆင်းရဲ နွမ်းနယ်လှပါတယ်။ တချို့ဖြစ်စဉ်တွေမှာ ပေါ်တာတွေဟာ မူမမှန်လို့ ထွက်ပြေးကြသလို ရက်ကြာလာလို့ ပင်ပန်းမှုဒဏ်ကို မခံနိုင်ဘဲ ထွက်ပြေး ရတာလည်း ရှိပါတယ်။ စစ်ဆင်ရေး နယ်မြေဖြစ်တာမို့ မိုင်းခင်းထားတဲ့ ဧရိယာတောကို ဖြစ်သန်းရတာကြောင့် မိုင်းနင်းမိပြီးတော့ ခြေထောက်ပြတ်၊ ဒုက္ခိတဘဝ ရောက်ခဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပေါ်တာနဲ့ စပ်လျဉ်းပြီး လူ့အခွင့်အရေး အဖွဲ့ရဲ့ စွပ်စွဲချက်တွေဟာ တချို့အပိုင်းတွေမှာတော့ ဟုတ်မှန်ပေမဲ့ တချို့အပိုင်းမှာတော့ အလွန်အကျွံ ရေးသား ထားလေရာ မဟုတ်မမှန်ကြောင်း တပ်မတော်သားတွေက တင်ပြလိုတာကြောင့် တပ်မတော် သမိုင်း ကြောင်း တလျှောက်နဲ့ လက်တွေ့ဖြစ်စဉ်များကို ရှာဖွေလေ့လာပြီး နှိုင်းယှဉ် သုံးသပ် တင်ပြသွားပါမယ်။
တပ်မတော် အနေနဲ့ ပေါ်တာများကို အရေးပေါ် စစ်ဆင်ရေးကလွဲလို့ လုပ်ထုံးလုပ်နည်းအတိုင်း အာဏာပိုင် အဖွဲ့အ စည်းတွေက ချပေးတဲ့ ပေါ်တာ အရေအတွက်ကိုသာ လက်ခံ အသုံးပြုတာကို တွေ့ရပါတယ်။ တချို့ဒေသတွေမှာ ပေါ်တာတွေတိုင်လို့ တပ်မတော်ရဲ့ စည်းမျဉ်းစည်းကမ်းအရ ဒုဗိုလ်မှူးကြီးမျိုးအောင်လို တပ်ရင်းမှူးအဆင့်ကိုတောင် တပ်ကအရေးယူ ဖြုတ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ ဒေသခံ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ငြိုငြင်မှုမခံရအောင် လူထုစည်းရုံးရေးအရ ပေါ်တာကိစ္စမှာ သတိထားကိုင်တွယ်ခဲ့တဲ့ ဖြစ်စဉ် တွေလည်း ရှိပါတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ကြိုးနီစနစ်၊ စစ်တပ်ရဲ့ ပြင်းထန်တဲ့ အထက်အမိန့်အရ မလွှဲမရှောင်သာ လုပ်ကိုင် ဆောင်ရွက်ခဲ့ရတဲ့ ပေါ်တာကိစ္စတွေဟာ အောက်ခြေအရာရှိ စစ်သည်တွေရဲ့ အပြစ်လို့ မဆိုသာဘဲ စနစ်ဆိုးရဲ့သားကောင်တွေ ဖြစ်ခဲ့ကြတာပါ။ တပ်မတော် စစ်ကြောင်းတွေမှာ လိုက် ပါနေတဲ့ ပေါ်တာဆိုတာဟာ အကြမ်းဖျင်း အနေနဲ့ အမျိုးအစား (၆) မျိုး ရှိပါတယ်။
၁။ အခြေခံရာ မြို့နယ် အာဏာပိုင် အဖွဲ့အစည်းက ကျေးရွာအုပ်စုတွေကို ခွဲတမ်းချပြီး အလှည့်ကြ လိုက်ပါရန် စီစဉ်ပေးတဲ့အုပ်စု။
၂။ စစ်ဆင်ရေးကြီး အထူး ပြုလုပ်ဖို့၊ ရန်သူအခြေစိုက် စခန်းကြီးတွေကို တိုက်ခိုက်ဖို့၊ တပ်မအလိုက် ချီတက်ရန်သုံးဖို့ မြို့နယ်အဆင့်သာမက ခရိုင်၊ တိုင်းနှင့်ပြည်နယ်၊ မြို့ပေါ်ကျောင်း၊ ရုံး၊ အစိုးရ ဝန်ထမ်းတွေပါမကျန် (Volunteer) စေတနာ လုပ်အားပေးလို့ခေါ်တဲ့ အုပ်စု။
၃။ ရှေ့တန်း စစ်ဆင်ရေးတွေမှာ မြို့နယ်က လက်လှမ်းမမှီတဲ့အတွက် လှုပ်ရှား စစ်ကြောင်းမှူးများက ကျေးရွာဥက္ကဋ္ဌများနှင့် တိုက်ရိုက် ထိတွေ့ပြီး နှစ်ဖက် ရုံးထောက်ခံစာများနဲ့ အလှည့်ကျ လဲလှယ် စီစဉ်ပေးတဲ့စနစ်နဲ့ အုပ်စု။
၎။ မြို့နယ် ကျေးရွာဥက္ကဋ္ဌတွေရဲ့ အစီအစဉ် မဟုတ်ဘဲ အရေးပေါ် ကြုံရင်ကြုံသလို စစ်ကြောင်းတွေက မြို့ပေါ်ရထား ဘူတာရုံနဲ့ သဘောင်္ဆိပ် အပါအဝင် ရှေ့တန်းနယ်မြေ လယ်တောနဲ့ လမ်းကြောင်းတွေဆီမှ ချောဆွဲလာတဲ့အုပ်စု။
၅။ ပြစ်မှုကြွေးကို ချွေးနဲ့ဆပ်မည် ဆောင်ပုဒ်နဲ့အညီ ပြစ်ဒဏ်ကို လျော့ပေါ့ခံစားလိုပါက ဖြစ်စေ၊ ပြစ်ဒဏ် လွတ်ငြိမ်းခံရခါနီးဖြစ်စေ၊ အကျဉ်းထောင်များမှ အကျဉ်းသားများအား စီစဉ်ပေးတဲ့အုပ်စု။
၆။ အခကြေးငွေ ရယူလိုလို့ သီးခြား မိမိဆန္ဒအရ လိုက်ပါတဲ့ ကြေးစားပေါ်တာဆိုပြီး အမျိုးအစား (၆) မျိုး ရှိပါတယ်။
တချို့ မြို့နယ် (ပါတီကောင်စီ၊ မဝတ၊ မယက) တွေဟာ ပေါ်တာကို လိုအပ်တာထက်ပိုပြီး စုဆောင်း ထား တတ်ကြပါတယ်။ တဖန် မိုးရာသီ နီးလာပြီ ဖြစ်လို့ လယ်လုပ်နိုင်ဖို့ တချို့မိသားစုတွေဟာ ပေါ်တာကြေး ငွေကို ထည့်ဝင်ကြပြီး ကင်းလွတ်ခွင့် တောင်းကြပါတယ်။ အစားထိုးလိုက်မဲ့ သူကို ငှားထည့်ကြပါတယ်။ ဒီနေရာမှာ အခကြေးငွေနဲ့ စစ်ဆင်ရေး တခါလိုက်သွားရင် ဈေးနှုန်း ဘယ်လောက်ဆိုပြီး ပေါ်တာ Specialist (ကြေးစားပေါ်တာ) တွေလည်း ပေါ်လာပါတယ်။ မြို့နယ်အဖွဲ့တွေက အဲဒီ ကြေးစားပေါ်တာတွေကိုဘဲ ငှားရမ်းပြီး စစ်ကြောင်းထဲ ထည့်ပေးရတာလည်း ရှိပါတယ်။
ဒါပေမဲ့ ပေါ်တာတွေက မိမိတို့ လိုက်ပါရမဲ့ စစ်ကြောင်းဟာ နယ်မြေခံတပ်ဆိုရင်တော့ အသာတကြည် လိုက်ပါကြပေမဲ့ တပ်မတပ်တွေ တခြားနယ်ဘက်က အကြောင်းမသိတဲ့ တပ်တွေဆိုရင်တော့ မလိုက်ချင်ဘဲ ထွက်ပြေးကြသလို ပေါ်တာခကို စဉ်းစားချင့်ချိန် ဈေးဆစ်ကြပါတယ်။ ကြေးစား ပေါ်တာတွေမှာ တချို့က သစ္စာရှိကြကာ သတ်မှတ် အချိန်ကာလ နှစ်ပတ်တန်သည်၊ တစ်လတန်သည် နေပေးကြပေမဲ့ တချို့ကတော့ ထွက်ပြေးပြီး ကြိုတင်ပေးထားတဲ့ ငှားရမ်းခ အသားတင် ရတာမို့ နောက်တခါ တခြားတပ်မှာ ပြန်လိုက်ကာ ဝင်ငွေအတော့်ကို ဟန်လှပါတယ်။ တချို့မြို့နယ် အာဏာပိုင် အဖွဲ့အစည်းတွေကတော့ တပ်မတော်ရဲ့ အရှိန်အဝါသုံးပြီး မလိုအပ်ဘဲ ပြည်သူလူထုအပေါ် ဖိအားပေး ပေါ်တာဆွဲတာမျိုး၊ ပေါ်တာခငွေကို အလွဲသုံးစား လုပ်တာမျိုးလည်း ရှိပါတယ်။
အပိုင်း (၂) ကို ဆက်လက်တင်ပြ ပေးသွားပါမယ်ခင်ဗျား။
Credit....photayokeking
0 comments:
Post a Comment