လွန်ခဲ့သော ခုနှစ်လခန့် ပန်းတနော်မြို့နယ် ခနွဲကဘိုကျေးရွာမှ ၊ ရေလုပ်သား ၂၄ ဦးကို၊ ထိုရွာတွင်နှစ်နှစ် ဆယ် ခန့် အင်းလုပ်ငန်း လုပ်ကိုင်လာသူ အင်းသူကြီး ဦးကျင်ငြိမ်းက ငါးခိုးဖမ်းမှု ဟု တရားစွဲခဲ့သည်။ အမှန် တကယ်ဖြစ်စဉ်မှာ အင်းသူကြီးကိုယ်တိုင်က အိုင်ပက်ငါးဖမ်းခွင့် မရှိသော ဆည်ချအင်းကို စက်များဖြင့် ရေ ပက်ပြိး ငါးဖမ်းသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး က ရောင်းချသော သမန်းလိုက်ခွင့် ကဒ် တကဒ်ကို ငါးရာ ကျပ် ပေးဝယ်ပြီး ရွာသား ရေလုပ်သားများက အင်းသူကြီး ပြောင်စင်အောင် ရေပက် ငါးရှာဖမ်းဆီးအပြီး ကြွင်းကျန်ရစ်သော ငါးလေး များကို လိုက်ရှာ စားသောက်ရသည်။
ငါးဖမ်းခွင့် ကဒ်ပြားလည်ပင်းမှာဆွဲပြီး ငါးကန်ပတ်လည် အစောင့်ချထားသော ရဲတပ်ဖွဲ့ အင်အား ရာဂဏန်း မျှ အရှေ့တွင် ငါးဖမ်းခဲ့ကြခြင်းဖြစ်သည်။ ခုနှစ်လမျှ ကြာသော ယနေ့ အခါတွင် အင်းလေလံများ ပြန်ဆွဲ ရတော့မည်။
အင်းသူကြီးသည် အင်းလေလံ စနစ်ကို ကန့်ကွက်နေကြသည့် ရွာသားများကို အပြင်လောကတွင် ထားခြင်း ထက် အချုပ်တွင်း ထားခြင်းက ငြိမ်သက်မည်ဟု ထင်ပုံရသည်။ ငါးခိုးဖမ်းမှုဖြင့် တရားစွဲသည်။ ရဲက ဖမ်းဆီး အချုပ်ထဲ ထည့်လိုက်သည်။ ဆည်ချအင်းကို ပက်သည့် အင်းသူကြီးကိုကျ မည်သူမှ အရေးမယူ။
ရေလုပ်သားများကို ဖမ်းဆီးပြိး သုံးရက်မြောက်သည့် နေ့ သြဂုတ်လ ၂ ရက်နေ့တွင် အမှုဖွင့်ထား သည်များကို ရုပ်သိမ်းကြောင်း စာတင်သည်။ ယခု ရေလုပ်သားများ အဖမ်းခံထားရသည်မှာ တလပြည့် လေပြီ။
ကျနော်က သက်ဆိုင်ရာ ပန်းတနော်မြို့နယ်မှူးနှင့် ပန်းတနော် ဥပဒေဆိုင်ရာ တာဝန်ရှိသူတို့ကို ယခုလို သွားရောက်မေးမြန်းခဲ့သည်။ ဥပဒေ အရာရှိက အမှုလာဖွင့်သွားပြီး သူပိတ်ခိုင်းတိုင်း အမှုကို ပိတ်လို့ မရဘူး ဟု ဆိုသည်။
အမှုဖွင့်ဖို့ အင်မတန် လွယ်သလောက် ဖမ်းဆီးအချုပ်ထဲထည့်ရန် အင်မတန်လွယ်သလောက် နိုင်ငံသား များကို ပြန်လွှတ်ပေးဖို့ကျ အဆင့်ဆင့်ခွင့်ပြုချက် တင်နေရသော တရားဥပဒေနှင့် တရားစီရင်ရေး စနစ် သည် ကျေးလက်လူတန်းစား ဆင်းရဲမွဲတေမှုကို ဖြစ်ပေါ်နေစေသော အဓိက တရားခံဖြစ်သည်ဟု ယနေ့ ကျနော် ပြောခဲ့ပါသည်။
မြို့နယ် ဥပဒေ အရာရှိက သူ့ လုပ်ပိုင်ခွင့် အရ ဆက်လက် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ပြန်လည် ဖြေကြားသော အခါ အချုပ်ထောင် အတွင်းဝယ် မျက်နှာငယ်စွာဖြင့် လက်ထိပ်တန်းလန်း အချုပ်သားတို့ မျက်နှာများ၊ အဖမဲ့ အမိမဲ့ ဘ၀ဖြင့် အပြင်လောကတွင် လူမဆန်စွာ နေထိုင်စားသောက်နေရသော အဖမ်း ခံ ရေလုပ်သားတို့ ၏ သားသမီးများ မျက်နှာကို မြင်ယောင်မိသည်။
ဆင်းရဲမွဲတေမှု လျော့ချ ပပျောက်ရေး ဟု ဆိုနေသူတို့ သိစေဖို့ ယနေ့ ကျနော် သွားရောက်မေးမြန်းခဲ့သော တရားရုံး အတွင်းမှ ဖြစ်စဉ်များ အား ယခု ဗီဒီယို ဖိုင်ဖြင့် တင်ပြ လိုက်ပါသည်။
http://youtu.be/Vwsk7s0N-_M
Credit...နေမျိုးဇင်
0 comments:
Post a Comment