မြန်မာ့တပ်မတော်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အင်အားတိုးချဲ့ရေးနဲ့ ခေတ်မီရေးကို
အပြင်းအထန် ဆောင်ရွက်ခဲ့တဲ့အတွက် အရှေ့တောင်အာရှဒေသအတွင်းမှာ ဗီယက်နမ်ပြီးရင်
ဒုတိယအင်အား အကြီးဆုံးစစ်တပ် ဖြစ်လာခဲ့ပါ တယ်။ နိုင်ငံရဲ့အဆီအနှစ်တွေကို
ဆယ်စုနှစ်နှစ်ခုကျော် ၀ါးမြိုစားသုံးပြီး ခေတ်မီတပ်မတော် တည်ဆောက်ခဲ့ပေမဲ့
ထင်သလောက်ခရီးမပေါက်နိုင်ခဲ့ပါဘူး။ စစ်အာဏာရှင် တွေဟာ တပ်မတော်ကို
လက်ကိုင်တုတ်သဖွယ် အသုံးချခဲ့တာကြောင့် ပြည်သူလူထုနဲ့ဝေးကွာလာ ခဲ့သလို စစ်အင်အားကို
ကြီးထွားလာအောင် အလောတကြီး တိုးချဲ့တာကြောင့် ကလေးစစ်သား ပြဿနာ၊ စစ်ပြေးပြဿနာ၊
ဖွဲ့စည်းပုံမပြည့်တဲ့တပ်တွေများပြားလာတဲ့ ပြဿနာ အစရှိသော ဘေးထွက် ဆိုးကျိုးတွေ
အများအပြား ရှိလာခဲ့ပါတယ်။ တပ်မတော်ရဲ့ခေါင်းဆောင်ပိုင်းက ရှေ့ကို အလောတကြီး
တိုးနေပေမဲ့ ပြဿနာ အထွေထွေတို့ကြောင့် ခေတ်မီရေးနဲ့ အင်အား တိုးချဲ့ရေးအတွက်
အလျဉ်မမီနိုင်ပဲ ဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ Building the tatmadaw , Myanmar Arm
Forces since from 1948 စာအုပ်ကိုရေးခဲ့တဲ့ ကိုအောင်မျိုးက မြန်မာ့တပ်မတော်ဟာ
ခါချဉ်ကောင် မာန်ကြီးပေမဲ့ ခါးမသန်ဘူးလို့တင် စားပြောဆိုခဲ့ဖူး ပါတယ်။
တပ်မတော်ရဲ့ခါးမသန်မှုတွေထဲက အကြောင်းအရာတစ်ခုကို ပြောရရင်တော့ တပ်မတော်က
ထွက်ပြေးသူတွေ များပြားတိုးပွားလာရခြင်းပါပဲ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ
ပြေးလေးပြေးစာရင်းဆိုပြီး နယ်မြေအလိုက် ပြုစုတင်ပြရတဲ့ အစီရင်ခံစာတစ်ခု ရှိပါ တယ်။
ပြေးလေးပြေး ဆိုတာကတော့ တပ်ပြေး၊ ရဲပြေး၊ ၀ရမ်းပြေးနဲ့ ရဲဘက်ပြေး တို့ပါ။
အဲ့ဒီပြေး လေးပြေး ထဲကလူတွေကိုတွေ့ရင် ချက်ချင်းဖမ်းဆီးနိုင်ပါတယ်။ ပြောရရင်တော့
တပ်ကထွက်ပြေးတယ်ဆိုတာ ဥပဒေ နဲ့ဆန့်ကျင်တဲ့ လုပ်ရပ်ပါ။ ဥပဒေနဲ့မညီမှန်းသိပေမဲ့
ပြေးနေကြတုန်းပါပဲ။ စစ်တပ်က ထွက်ပြေးတယ်ဆိုတော့ စစ်တပ်မှာ နေချင်စိတ်မရှိတော့လို့
ပြေးကြ တာပေါ့။ ပြေးရတဲ့အကြောင်းရင်းတွေကလည်း အမျိုးမျိုးပါပဲ။ တချို့က
အထက်အရာရှိတွေက ဖိနှိပ်လို့၊ ကိုယ်ထိ လက်ရောက် ဆက်ဆံတာတွေ ရှိလို့၊
မကျေနပ် ချက်တွေများလာလို့ ပြေးကြတယ်။ တချို့က လစာမလောက်ငှ၊ မိသားစုစားဝတ်နေရေးက
မပြေလည်၊ စစ် တပ်ထဲမှာ ဆက်နေလည်း တိုးတက်လမ်းမရှိ၊ အကြောင်းမထူးတော့လို့ ပြေးကြတယ်။
တချို့ကလည်း ဦး/ ရေး/ထောက် ပြဿနာတွေ မရှင်းနိုင်လို့ ပြေးကြတယ် စသဖြင့်
အမျိုးမျိုးပါပဲ။ ရုံးသုံး စကားနဲ့ ပြောရ ရင်တော့ ခွင့်မဲ့ပျက်ကွက်၊
ခွင့်လွန်ပျက်ကွက်တွေပေါ့။ တရားဝင်ခွင့်ယူသွားပြီး ခွင့်ရက်စေ့လို့
တပ်ကိုပြန် မရောက်၊ သတင်းမပို့တဲ့သူတွေကို ခွင့်လွန်ပျက်ကွက်၊ တာဝန်ထမ်းဆောင်နေရင်း
တပ်က ထွက်ပြေးတဲ့ သူ တွေကို ခွင့်မဲ့ပျက်ကွက်လို့ ရုံးသုံးအနေနဲ့
သုံးပါတယ်။
စစ်တပ်ထဲမှာ မနေချင်တော့လို့ ထွက်ပြေးတဲ့သူတွေထဲမှာ
အခြားအဆင့်တွေရှိသလို အရာရှိတွေလည်း ပြေးကြတာပါပဲ။ အရေအတွက်အရဆိုရင်တော့
အခြားအဆင့်တွေ ပြေးတာ ပိုများပါတယ်။ ပြေးတဲ့အရာရှိ အရေအတွက် နည်းတယ်ဆိုပေမဲ့
စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၈၈ ခုနှစ်ကစလို့ အနှစ်(၂၀)ကျော် ကာလအတွင်းမှာ
စာရင်းလုပ်ယူလို့ရသလောက် တပ်မတော်အရာရှိ (၄၀၀)ကျော်လောက်
တပ်ပြေးဖြစ် သွားခဲ့တဲ့အတွက် မဆလခေတ်က တပ်ပြေးအရာရှိ အရေအတွက်နဲ့ နှိုင်းယှဉ်ရင်
များတယ်လို့ ပြော ရ ပါမယ်။ နိုင်ငံတော် အာဏာကိုပါ စစ်တပ်ကသိမ်းယူထားတဲ့
လုပ်ပိုင်ခွင့်အရှိဆုံး စစ်တပ်ခေတ် အကောင်း ဆုံးဆိုတဲ့ အချိန်မှာ ဘယ်လိုပြဿနာတွေ
အောက်ခြေတပ်တွင်းမှာ ရှိနေလဲဆိုတာ အင်မတန်စိတ်ဝင်စား
စရာကောင်းတဲ့ကိစ္စတခုဖြစ်ပါလိမ့်မယ်။
လုပ်ပိုင်ခွင့်လည်းရှိ၊ နေရာလည်းရတဲ့
အရာရှိတွေပြေးတဲ့ မြောက်များစွာသော မှတ်တမ်းတွေထဲက စိတ်ဝင်စားစရာ
ကောင်းတဲ့တချို့ကိုပြောရရင်တော့ ဆလအခွဲ (၉၆၄) က ဗိုလ်မှူးမန်ဇမုံ (ဗသက-၅၂)၊ တတက (၃)
က ဗိုလ်မှူး ၀င်းကို (အလုပ်သင်-၈)၊ လေကြောင်းကာကွယ်ရေး အရာရှိချုပ်ရုံးက
စစ်ဦးစီးမှူး (တ) ဗိုလ်ကြီးနိုင်ထွန်း (စတသ-၄၁)၊ ကက(ကြည်း)(တာဝန်)က စစ်ဦးစီးမှူး
(တ) ဗိုလ်ကြီးနေမျိုးအောင် (ဗသက-၉၇)တို့လို အလားအလာကောင်းပြီး အဆင့်မြင့်
တာဝန်ရရှိထားတဲ့ အရာရှိတွေ စစ်တပ်က ထွက်ပြေးခဲ့တာပါ။ နေပြည်တော်မှာလည်း ၂၀၁၀
ဝန်းကျင်လောက်က ကက(လျှပ်) လက်အောက်ခံ အလုပ်ရုံတပ်ခွဲတစ်ခုက တပ်မှူး
ဗိုလ်မှူးတစ်ယောက် ဆေးရုံတက်ဖို့ အကြောင်းပြပြီးပြေးလို့ ပိတ်ဆို့
ဖမ်း ဆီးခဲ့ရပါတယ်။
ဗိုလ်မှူးအဆင့် တပ်ပြေးတွေထဲက
တခြားစိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက် တခုကတော့ ဆေး ၀န်ထမ်း ညွှန်ကြားရေးမှူး
အဖြစ်တာဝန်ယူဖူးတဲ့ ဗိုလ်မှူးချုပ်ကျော်ညွန့်ရဲ့ သမီး ကြည်း-၁၉၆၆၆၊
ဗိုလ်မှူး ဒေါ်ထက်ထက်ညွန့် နိုင်ငံခြားမှာ ဘွဲ့လွန်သွားတက်ရင်း ပြန်မလာတော့လို့
စစ်ပြေးကြေညာခံရတာပါ။ အဲသည်လိုမျိုး နိုင်ငံခြားကို စေလွှတ်ပြီး ပြန်မလာတော့တဲ့
ဆေးတပ်က အလားတူအရာရှိ အမျိုး သမီးတွေလည်း ရှိဖူးပါတယ်။ တချို့ အရာရှိတွေ တပ်က
ပြေးတာကတော့ အလုပ်နဲ့ပက်သက်တဲ့ကိစ္စတွေနဲ့ အခြားပြစ်မူမြောက်တဲ့ ပြဿနာတွေကြောင့်ပါ။
အလုပ်သင် (၁၀) ကဆင်းတဲ့ ကြည်း – ၁၈၀၅၈၊ ဗိုလ်ကြီး အောင်စိုးမြင့်ကတော့
အမှုတွေများပြီး မရှင်းနိုင်တော့လို့၊ အရေးယူ ထောင်ကျခံရမှာ ကြောက်ပြီး
ထွက် ပြေးပါတယ်။ သူ့အမှုတွေကလည်း အတော်များပါတယ်။ ခမရ (၁၀၆) မှာ တာဝန်ထမ်းဆောင်တုန်း
ကျေးသီးမြို့နယ်၊ ဟာဝမ်ရွာက ကျောင်းဆရာမလေး မနန်းအင်ကို အဓမ္မပြုကျင့်ဖို့ကြံစည်မှု၊
မူးယစ်မှု၊ သီ ပေါမြို့၊ မန်ပန်ရွာက ဦးပုကျန်တောင်ရဲ့ လက်စွပ်တစ်ကွင်းနဲ့
ရွှေနားတောင်းတစ်ဖက်ကို ခိုးမှုမှာ သက်သေ ခံပစ္စည်းကို အတုလုပ်ပြီးတင်ပြမှု၊ စစ်ပြေးမှု
အစရှိတဲ့အမှုတွေကို စစ်နေတုန်းမှာပဲ ထွက်ပြေးသွားခဲ့ပါတယ်။ အဲသလို စစ်တပ်က ပြေးလို့
စစ်ပြေးကြေညာလိုက်တဲ့ အရာရှိတွေထဲမှာ ထူးထူးခြားခြား တစ်ယောက် ကတော့ ကက (ဆေး)မှာ
စစ်ဦးစီးမှူး (တ) တာဝန် ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးနိုင်ဝင်းပါပဲ။ ထူးထူးခြားခြား
ဆိုတာတော့ သူက ရွှေပါရမီတောရဆရာတော် အရှင်စန္ဒာဓိကရဲ့ ညီ ဖြစ်နေလို့ပါ။
ဗိုလ်ကြီးနိုင်ဝင်းဟာ က က(ဆေး)မှာ တာဝန်ထမ်းဆောင် နေစဉ် ၂၀၀၆ ခုနှစ်၊ ဖေဖော်
ဝါရီလအတွင်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စရှိလို့ ပျဉ်းမနားကိုသွားရာကနေ
ပြန်မရောက်လာတော့ပဲ ခွင့်မဲ့ပျက်ကွက်တာခဲ့မို့
တပ်ပြေးဖြစ်သွား ခဲ့ပါတယ်။
တပ်ကပြေးကြတဲ့အရာရှိတွေထဲမှာ ရုရှားက မဟာဘွဲ့တွေ
သွားယူလာကြတဲ့ အရာရှိတွေ လည်း ပါပါတယ်။ ရုရှားပြန် တပ်ပြေး အရာရှိတွေထဲက တိတိကျကျ
ပြောရရင်တော့-
(၁) ကြည်း-၃၁၅၂၆၊ ဗိုလ်ကြီးထွန်းရဲအောင်၊ စတသအပတ်စဉ် (၄၁)၊
(ရုရှားမှ မဟာအင် ဂျင်နီယာနှင့်နည်းပညာဘွဲ့ရ)၊ စစ်တက္ကသိုလ်တာဝန်ထမ်းဆောင်စဉ်ပြေး၊
(၂) ကြည်း-၃၃၄၉၉၊ ဗိုလ်ကြီးဇော်ဇော်အောင်၊ တနတအပတ်စဉ် (၃)၊ (ရုရှမှ
မဟာအင်ဂျင်နီယာ နှင့်နည်းပညာဘွဲ့ရ)၊ တနတတွင်တာဝန်ထမ်းဆောင်စဉ် ထွက်ပြေး၊
(၃)
ကြည်း-၃၄၈၄၉၊ ဗိုလ်ကြီးမြတ်စိုးခိုင်၊ တဆတအပတ်စဉ်(၃)၊ (ရုရှားမှ ကင်ဆာရောဂါ
ကုသရေးဆိုင်ရာ ဘွဲ့ရ)၊ တဆရ(၂/၅၀၀) မှ ထွက်ပြေး၊
(၄) ကြည်း – ၃၄၇၆၄၊
ဗိုလ်ကြီးမျိုးသက်ထူး၊ တနတအပတ်စဉ်(၄)၊ (ရုရှမှ မဟာအင်ဂျင်နီယာ
(စက်မှု/ လျှပ်စစ်)ဘွဲ့ရ) တနတမှ ထွက်ပြေး၊
(၅) ရေ-၄၁၈၉၊ဗိုလ်နေအောင်လတ်၊
စတသအပတ်စဉ် (၄၅)၊ (ရုရှားမှာ ကျောင်းတက်နေစဉ်ထွက်ပြေး)
(၆) ကြည်း-၄၁၂၅၁၊
ဗိုလ်စည်သူထိုက်၊ စတသအပတ်စဉ်(၄၇) (ရုရှားတွင် စာမေးပွဲကျပြီး မြန်မာနိုင်ငံသို့
ပြန်လွှတ်)၊ ရန်ကုန်မြို့တွင်ပြေး၊ မိခင်တပ်ရင်း ခမရ (၆၀၆)၊
(၇)
ကြည်း-၄၃၆၁၇၊ ဗိုလ်ဇော်မြင့်ထွန်း၊ စတသ(၄၈)၊ (ရုရှားတွင် ကျောင်းပြေး၊
စာမေးပွဲကျသဖြင့် ကျောင်း ထုတ်ခံရ)၊ ရန်ကုန်မြို့သို့ ပြန်ရောက်လာပြီး
ထွက်ပြေး၊
(၈) နောက်တစ်ယောက်ကတော့ တနတအပတ်စဉ် (၁) က ဆင်းတဲ့
ဗိုလ်မှူးစိုင်းသိန်းဝင်းပါ။ သူကတော့ နာမည်ကြီး အားလုံးသိပြီးသားမို့
အသေးစိတ်ပြောဖို့မလိုပါ။
(ပုံစာအညွှန်း - စခတ(၂)မှ တပ်သားသစ်အပတ်စဉ်တစ်ခု၏
သင်တန်းဆင်းပွဲ)
(ဆက်ပါဦးမည်)
Credit...မိးဇေညိမ်း
0 comments:
Post a Comment