လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ကတည်ထားခဲ့ပြီး ပျက်စီးနေပြီဖြစ်သော ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ ဂူဗိမာန်ကို မြေး၊ မြစ်များ က ဦးဆောင်ကာ ပြန်လည် ပြုပြင်သွားမည်ဟု မြေးဖြစ်သူ ဒေါ်ခင်ဦး ခေါ် စပ်ခင်ခင်ဦးက ပြောသည်။
“အဖိုးဆုံးတုန်းက ကြီးကြီးက အသက် ၁၃ နှစ်ပဲ ရှိသေးတယ်၊ အခု အသက်က ၆၆ နှစ်ဆိုတော့ ဂူဗိမာန် တည်ရှိနေတာ နှစ်ပေါင်း ၅၀ကျော်ပါပြီ အဖိုးဂူကို အုတ်တံတိုင်း၊ သံပန်းတွေအမိုးတွေနဲ့ နောင်လာနောက်သားတွေ သိရှိနိုင်အောင်လို့ ပြုပြင်သွားမယ်၊ နိုင်ငံ တော်အစိုးရလည်း သိရှိအောင် သူတို့လာကြည့်ရင်လည်း သပ်သပ်ရပ်ရပ်လေး ဖြစ်နေအောင် ပြန်လည်ပြုပြင်သွားမှာပါ”ဟု ပြော သည်။
ဝန်းသိုစော်ဘွားကြီး ကွယ်လွန်ချိန်တွင် နိုင်ငံတော် ဈာပနအခမ်းအနားဖြင့် ဂူသွင်းခဲ့ပြီး အဆိုပါနေရာကို အာဇာနည်ကုန်းဟု သတ် မှတ်ပေးခဲ့သော်လည်း ယခုမူ ယိုယွင်းမှုများ ဖြစ်ပေါ်နေလျက် ရှိသည်ဟုလည်း စော်ဘွားကြီး၏ မြေးတစ်ဦးဖြစ်သူ အသက် ၇၈ နှစ်ရှိ ဒေါ်သိန်းသိန်း ခေါ် စပ်ကြည်သိန်းက ပြောသည်။
“အဖိုးရဲ့အုတ်ဂူဗိမာန်နေရာကို ယခင်ခေတ်က အာဇာနည်ကုန်းဆိုပြီးတော့ သတ်မှတ်ပေးခဲ့တာပါ၊ အဖိုးရဲ့ဈာပန ကိုလည်း ရှမ်းပြည် နယ်အစိုးရအဖွဲ့က ၇ရက်တိုင်တိုင် နိုင်ငံတော်အခမ်းအနားနဲ့ စီစဉ်ပြုလုပ်ပေးခဲ့တာ” ဟု ပြောသည်။
စော်ဘွားကြီး ဦးအောင်မြတ်၏ ဂူဗိမာန်ကို ပြန်လည်ပြုပြင်ရန် မြေး၊ မြစ်များက မတည်ငွေကျပ် ၁၁ သိန်း ထည့်ဝင်ထားပြီး ပွင့်လင်း ရာသီရောက်သည်နှင့် စတင် ပြုပြင်မည်ဖြစ်သည်။ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင် ရန်လည်း တောင်ကြီးမြို့ မြို့နယ် စည်ပင်သာယာရေးကော်မတီထံ တင်ပြထားပြီး ဖြစ်သည်။
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် ငယ်စဉ် ကင်းဝန်မင်းကြီး ဦးကောင်းထံတွင် ပညာသင်ကြားခဲ့ ပြီး၊ အသက် ၂၃ နှစ်အရွယ် တွင် ၀န်းသိုစော်ဘွားအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ သီပေါမင်း ပါတော်မူချိန်တွင် အင်္ဂလိပ်ကို တော်လှန်ခဲ့သူဖြစ်သည်။
အင်္ဂလိပ်အစိုးရတပ်နှင့် စော်ဘွားကြီး ဦးအောင်မြတ်တို့၏တပ်များ တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ဦးအောင်မြတ်သည် တရုတ်ပြည် ယူနန်နယ်သို့ တိမ်းရှောင်သွားခဲ့ပြီး ယူနန်တွင် ၃၂ နှစ် နေထိုင်ခဲ့ကာ ၁၉၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိလာကာ ရှမ်းပြည်နယ် တောင်ကြီးတွင် နေထိုင်ခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်အခါ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်အတူ ၀န်းသိုစော်ဘွားကြီးတို့ကို မြန်မာ အစိုးရက ကျပ်ငွေ တစ်လလျှင် ၅၀၀ စီ ထောက်ပံ့ပေးခဲ့သည်။
စော်ဘွားကြီးသည် ၁၉၆၃ခုနှစ် အသက် ၁၀၃ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် တော်လှန်ရေးကောင်စီ အစိုးရက လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည့် စော်ဘွားကြီးအတွက် ကူညီငွေ ၅၀၀၀ ကျပ်
ပေးအပ်ခဲ့သည်။
Ref...mizzima
0 comments:
Post a Comment