နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ ၂၀၀၄ ခုနှစ်၊နိုဝင်ဘာအတွင်းက ရတခနယ်မြေအတွင်းမှာ စစ်ဆင်ရေးဝင်နေတဲ့ ရှေ့တန်းခမရ (၃၁၃) မှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီတုန်းက ခမရ (၃၁၃) ရဲ့ စစ်ကြောင်း (၁) မှူးက ဗိုလ်မှူးဇော်ထွန်းမြင့် (အလုပ်သင်-၁၈) ပါ။ အဲဒီနေ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ဖို့အတွက် ဗိုလ်ကြီးဝင်းကြိုင် (ဗသက-၉၃) ဦးစီးတဲ့ တပ်ခွဲက စစ်ကြောင်းအခြေပြုရာ နေရာကနေ ထွက်လာပါတယ်။ မပည ခန့်မှန်း အို- ၂၇၄ဝ၆၂ ကို နိုဝင်ဘာ (၂၅) ရက်နေ့ မနက် (၁၀) နာရီခွဲမှာ ရောက်ရှိပြီး အခြေပြုပါတယ်။ အဲဒီနေရာမှာ အခြေပြုထားတုန်း ကင်းတာဝန်ချထားတဲ့ ကိုယ်ပိုင်အမှတ်၊ တ-၂၉၁၅၇၄ တပ်သားနေလင်းဟာ အမ်အေ ၁ အမျိုး အစား (၁) လက်၊ ကျည်အိမ်(၄)ခု၊ ကျည် (၁၂ဝ) တောင့်နှင့်အတူ ထွက်ပြေးသွားခဲ့ပါတယ်။ ကင်းချထားတုန်း လစ်ပြေးသွား တာပါ။
လက်နက်ပါယူပြီးပြေးတာမို့ တပ်ရင်းတစ်ခုလုံးသုံးပြီး ကွက်ပြည့်နင်း ပြန်ရှာကြပါတယ်။ ဗိုလ်မှူးဇော်ထွန်းမြင့် ဦးစီးတဲ့ စစ်ကြောင်း (၁) ကတော့ တဲတစ်လုံးထဲက ထင်းပုံအောက်မှာ သေနတ် (၁) လက်ပြန်ရပါတယ်။ နိုဝင်ဘာလ (၂၈) ရက်နေ့မှာ ဗိုလ်မှူးကိုကိုနိုင် (ဗသက-၈၅) ဦးစီးတဲ့ စစ်ကြောင်း (၂) က ကျောက်ဆောင်တစ်ခုထဲမှာ ပုန်းနေတဲ့ တပ်ပြေးကို ရှာတွေ့သွားပြီး တပ်ပြေးတပ်သား နေလင်းကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဒါတွေက ကံမကောင်းရှာတဲ့ လက်နက်နဲ့ပြေးသူတွေထဲက တချို့အကြောင်းပါ။ ဆက်ရေးရရင် စာရင်းကသိပ်ရှည်လျားပါလိမ့်မယ်။ ကံမကောင်း သူတွေကများပေမယ့် ရှားပါးတဲ့ကံကောင်းခဲ့သူတချို့လည်း ရှိခဲ့ပါ တယ်။
လက်နက်ဖြင့်ခွင့်မဲ့ပျက်ကွက်ဖြစ်စဉ်တွေက အများသောအားဖြင့် ရှေ့တန်းထွက်၊ စစ်ဆင်ရေးဝင်တဲ့အချိန်မှာ အများဆုံး ဖြစ်ကြပါတယ်။ နောက်တန်းကနေပြေးရင်တော့ လက်နက်ယူသွားခဲပါတယ်။ သေနတ်ကြီး တကားကားနဲ့ဆို လူကြားသူကြားထဲ ပြေးလို့မရဘူးမဟုတ်လား။ ဒီထဲကထူးခြားတဲ့ဖြစ်စဉ်တစ်ခုကတော့ ၂၀၀၇ ခုနှစ်တုန်းက ဖြစ်ခဲ့ဖူး ပါတယ်။ ၂၀၀၇ ခုနှစ်ရဲ့ သြဂုတ် လ၊ ပဲခူးမြို့အနီးတပ်တစ်ခုမှာ လက်နက်ပါယူပြီး အစုလိုက်အပြုံလိုက် တပ်ကထွက်ပြေးကြတဲ့ ဖြစ်စဉ်ပါ။ အဲဒီ့တုန်းက ရွှေဝါရောင် အရေးအခင်းအဦးအစမို့ သံဃာတွေ၊ ပြည်သူတွေဆန္ဒပြတဲ့ သတင်းတွေက လွှမ်းမိုးသွားလို့ထင်ပါရဲ့။ သတင်းဌာနတွေမှာ သတင်း တက်တာ မတွေ့ခဲ့ရပါဘူး။ ဒီကိစ္စဟာ တပ်တွင်းသမိုင်းမှာတော့ တော်တော်ကြီးမားခဲ့တဲ့ ကိစ္စပါ။ ဒီသတင်း အပြင်ကို မပေါက်ကြား ရအောင် ထိပ်တန်းလျှို့ဝှက် အဆင့်ထားပြီး မနည်းကို ဖုံးဖိယူခဲ့ရပါတယ်။ ပြေးတဲ့သူကပြေး၊ နောက်က လိုက်တဲ့သူကလိုက်၊ အပြန် အလှန် ပစ်ကြခတ်ကြမို့ တပ်တွင်းပုန်ကန်မှု လို့တောင်ပြောလို့ရပါတယ်။
ဒီလောက်ကြီးမားတဲ့ကိစ္စဖြစ်လို့သည်ကိစ္စကိုတော့ အသေးစိတ် ပြန်ဖော်ပြပါမယ်။ တပ်ပြေးတွေရဲ့ မိခင်တပ်ရင်းက ဘောနက်ကြီးမှာ အခြေစိုက်တဲ့ အမှတ် (၂၀၂၀) လေကြောင်းရန် ကာကွယ်ရေးတပ် ဖြစ်ပါတယ်။ အဲ့ဒီတပ်ရဲ့ အရာရှိတွေနဲ့ အောက်ခြေအဆင့် စစ်သည်တွေအကြား မကျေလည်မှုတွေကတော်တော်ကြာကြာထဲက ဖြစ်နေခဲ့တာပါ။ အဲဒီပြဿနာတွေနဲ့ပတ်သတ်ပြီး အထက်ကို လည်း တိုင်စာတွေတက်ပါတယ်။ ဒါပေမယ့် ဒီပြဿနာတွေကို အထက်အုပ်ချုပ်သူတွေက ပေါ့ပေါ့ဆဆ သဘောထားခဲ့ ဟန်တူပါတယ်။ ထိထိရောက်ရောက် အရေးမယူတဲ့အပြင် အထက်ကိုတိုင်စာတက်တာကြောင့် အနီးကပ်နေရတဲ့အရာရှိတွေရဲ့ အညှိုးထားဖိနှိပ်မူကိုပိုခံလာရတော့ အခြားအဆင့် စစ်သည်တွေအနေနဲ့လည်း သည်းမခံနိုင်တော့တဲ့အဆင့်ကိုရောက်လာပြီး အုပ်စု လိုက် အထက်အမိန့်ကို ဖီဆန်၊ လက်နက်တိုက်ကို ဖွင့်၊ လက်နက်တွေယူပြီး ပုန်ကန်တဲ့အဆင့် ရောက်လာတော့တာပါ။ လက်နက် တွေ ယူဆောင်ပြီး တပ်ကနေ ထွက်ခွာသွားခဲ့တဲ့ဖြစ်စဉ် စဖြစ်ပွားခဲ့တာကတော့ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့၊ မနက် (၈း၃၀) မှာ ဖြစ်ပါတယ်။ တပ်က ထွက်ပြေးတဲ့ စစ်သည် စုစုပေါင်း (၁၂) ယောက်ဖြစ်ပြီး လက်နက် (၂၃) လက် ယူဆောင်သွားခဲ့ ကြပါတယ်။ အဲဒီ့ ပုန်ကန်သူ စစ်သည် (၁၂) ယောက်ကတော့-
(၁) တပ်ကြပ်ကြီးကျော်စွာဝင်း
(၂) တပ်ကြပ်သန်းထိုက်
(၃) တပ်ကြပ်အောင်ဆန်းထွန်း
(၄) ဒုတပ်ကြပ်မျိုးထွန်းအောင်
(၅) ဒုတပ်ကြပ်သန်းနိုင်
(၆) တ/၂၇၄၅၂၆၊ ဒုတပ်ကြပ်သိန်းထိုက်ဦး
(၇) တပ်သားဘိုဘို
(၈) တပ်သားမျိုးလွင်ထွန်း
(၉) တပ်သားဇော်မင်းထွန်း
(၁၀) တပ်သားရှိန်ဝင်း
(၁၁) တပ်သားနိုင်လင်း
(၁၂) တသအောင်ကြိုင် တို့ဖြစ်ပါတယ်။
အထက်ဌာနတွေရဲ့ ညွှန်ကြားချက်အရ အဲဒီနေ့ မနက် (၁၀) နာရီလောက်မှာ လကတ (၂၀၂၀) ကို တပ်မ (၇၇) မှ တပ်မမှူး ဗိုလ်မှူးချုပ်ဝင်းမြင့် (ယခု ဒုဗိုလ်ချုပ်ကြီး၊ စစ်ရာထူးခန့်ချုပ်၊ စတသ-၂၀) ဦးစီးတဲ့အဖွဲ့ ရောက်ရှိလာပြီး တပ်ပြေးတွေကို ၀ိုင်းဝန်းပိတ်ဆို့ဖမ်းဆီးနိုင်ဖို့ စီစဉ်ကြပါတယ်။ တပ်မမှူးဦးစီးတဲ့ အဖွဲ့ဟာ ဒေသခံအချို့ရဲ့ သတင်းပေး ချက်အရ တပ်ပြေးတွေ ဖြတ်သန်းသွားတဲ့ မိုင်တိုင် (၃၄) အနီးသွားရောက်ကြည့်ရှုပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလှမြင့်စိုး (စတသ-၃၁) ဦးစီးတဲ့ ခမရ (၇)၊ စစ်ကြောင်း (၁)၊ တပ်ခွဲ (၂) ခွဲ နဲ့ လေကြောင်းရန် ကာကွယ်ရေးဌာနချုပ်မှ စစ်ဦးစီး (ပ) ဒုဗိုလ်မှူးကြီး အောင်မျိုးထွန်း ဦးစီးတဲ့ တပ်ခွဲ (၁) ကို မိုင်တိုင် (၃၄) ပတ်ဝန်းကျင်နယ်မြေ အတွင်း ရှင်းလင်းဖို့ တာဝန်ပေးခဲ့ပါတယ်။ ဗိုလ်မှူးကြည်ဝင်း ဦးစီးတဲ့ ခမရ (၇)၊ စစ်ကြောင်း (၂) နဲ့ တပ်ခွဲ (၂) ကတော့ ဘောနက်ကြီးကနေ ၀ဲ ကဒက်အထိ (၈) လမ်းသွားလမ်းမတလျှောက် ပိတ်ဆို့ရေးနဲ့ ဗိုလ် မှူးမျိုးဆက်အောင် ဦးစီးတဲ့ ခမရ (၁၀၇)၊ စစ်ကြောင်း (၂) နဲ့ တပ်ခွဲ (၂) က ဘောနက်ကြီးမှ ထန်းတောကြီးအထိ ပဲခူးမြစ် ကြောင်းတလျှောက် ပိတ်ဆို့ရေး အတွက် တာဝန်ယူကြပါတယ်။ ထွက်ပြေးသူတွေကို တပ်ခွဲ (၄) ခွဲက ဘောနက်ကြီးနဲ့ မိုင်တိုင် (၃၄) ကို အရှေ့ အနောက် ပိတ်ဆို့ထားပြီး တပ်ရင်းနှစ်ရင်းစာ အင်အားနဲ့ နယ်မြေအတွင်းမှာ ပိုက်စိတ်တိုက်ရှင်းလင်းဖို့ စီစဉ်ခဲ့ ပါတယ်။
ညနေ (၃) နာရီခွဲလောက်မှာတော့ ခမရ (၇)၊ စစ်ကြောင်း (၁) မှ ဒုဗိုလ်နေ၀င်းလှိုင် ဦးစီးတဲ့ ထုတ်နုတ် (၁) ခွဲနဲ့ တပ်ပြေးတွေ ရင်ဆိုင်တွေ့ကြပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲက (၁၀) မိနစ်၊ (၁၅) မိနစ်လောက်ပဲ ကြာပါလိမ့်မယ်။ တပ်ပြေးတွေဘက်က တစ်ယောက်ဒဏ်ရာရပါတယ်။ တိုက်ပွဲအပြီးမှာ တပ်ကြပ်အောင်ဆန်းထွန်း၊ တပ်သား ဇော်မင်းထွန်း၊ တပ်သားရှိန်ဝင်း၊ တပ်သားအောင်ကြိုင်၊ တပ်သားနိုင်လင်းတို့ကို ဘီအေ-၆၃-မောင်းပြန်ရိုင်ဖယ်-(၃) လက်၊ ဘီအေ-၉၄ စတင်း-(၁) လက်၊ အမ်အေ-၁၃-(၅) လက်၊ ၉-မမပစ္စတို-(၂) လက်၊ ၇.၆၂ ကျည်-(၁၀၃၇) တောင့်၊ ၉-မမကျည်-(၁၅၃၇) တောင့်၊ ဘီအေ-၆၃ ကျည်ကပ်-(၈) ခု၊ ၉-မမကျည်ကပ်- (၁) ခု၊ ဘီအေ-၉၄ ကျည်အိမ်-(၁) ခု၊ ဘီအေ-၆၃ ပြောင်းကာ-(၁) ခု၊ ဘီအေ-၆၃ လှံစွပ်-(၁) ခုတို့နဲ့အတူ ဖမ်းဆီးမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေကို ဘောနက်ကြီးမှာရှိတဲ့ ခလရ (၅၉) တပ်ရင်းဌာနချုပ်သို့ ခေါ်ဆောင်ချုပ်နှောင်ပြီး စစ်ကြောခဲ့ပါတယ်။ ည (၉) နာရီလောက်မှာတော့ တပ်ပြေးတွေထဲက ဒုတပ်ကြပ်မျိုးထွန်းအောင်နဲ့ တပ်သားမျိုးလွင်ထွန်း တို့ဟာ ၉-မမပစ္စတို-(၂) လက်၊ ကျည် (၈၉) တောင့်တို့အတူ ပဲခူးမြို့၊ တပ်မ (၇၇) ဌာနချုပ်ကို လာရောက် အဖမ်းခံကြပါတယ်။ ည (၁၁) နာရီ လောက်မှာ ဘောနက်ကြီး၊ ၀ဲကဒက်နယ်မြေအတွင်း ပိတ်ဆို့ရှင်းလင်းရေးလုပ်နေတဲ့ ဒုဗိုလ်မှူးကြီးလှမြင့်စိုးရဲ့ခမရ (၇) က ဒုတပ်ကြပ်သန်းနိုင်နဲ့ တပ်သားဘိုဘိုတို့ကို လက်နက်မဲ့ ဖမ်းဆီးမိပါတယ်။
နောက်ဆက်တွဲကတော့ ၂၀၀၇ ခုနှစ်၊ သြဂုတ် (၂၁) ရက်နေ့ မနက် (၄) နာရီလောက်မှာ ကြို့ကုန်းတံငါစုရွာအနီးက အိမ်တစ် အိမ်မှာ ထမင်းလာတောင်းစားတဲ့ တပ်ကြပ်ကြီးကျော်စွာဝင်းကို ဘီအေ-၆၃- (၁) လက်၊ ကျည် (၁၆) တောင့် တို့နဲ့အတူ ဖမ်းဆီးမိ ပါတယ်။ အဲဒီ့နေရာတ၀ိုက်ကို ခမရ (၇) မှ တပ်ရင်းမှူးဦးစီး စစ်ကြောင်း (၁/၂) နဲ့ တပ်ခွဲ (၄) ခွဲ၊ ခမရ (၁၀၇) မှ တပ်ရင်းမှူးဦးစီး စစ်ကြောင်း (၁) နဲ့ တပ်ခွဲ(၂) ခွဲ၊ လေကြောင်းရန်မှ စစ်ဦးစီး (ပ) ဦးစီးတပ်ခွဲ (၁) ခွဲတို့နဲ့ ပိုက်စိတ်တိုက်ပြီး ရှင်းနေချိန်မှာ ဖမ်းမိခဲ့ တာဖြစ်ပါတယ်။ ဖမ်းဆီးရမိသူတွေကို စစ်ဆေးပြီး ရရှိတဲ့ သတင်းတွေအရ ခမရ (၁၀၇) တပ်ရင်းမှူးဦးစီးတဲ့ စစ်ကြောင်း (၁)၊ တပ်ခွဲ (၂) ခွဲကို ပဲခူးမြစ်အရှေ့ခြမ်း ဘောနက်ကြီးနဲ့ ထန်းတောကြီးဘက်မှာ ပိတ်ဆို့ဖို့တာဝန်ပေးခဲ့ပါတယ်။ညောင်လေးပင်မှ ခမရ (၂၀) မှ တပ်ရင်းမှူးဦးစီးတဲ့ စစ်ကြောင်း (၁) နဲ့ တပ်ခွဲ (၂) ခွဲကို ပဲခူးမြစ် အနောက်ခြမ်းကရွာတွေမှာ ရှင်းလင်းဖို့၊ ခမရ (၂၀) မှ ဒုတပ်ရင်းမှူးဦးစီးတဲ့ စစ်ကြောင်း (၂) နဲ့ တပ်ခွဲနှစ်ခွဲကို အမြန်လမ်းမကြီးရဲ့တောင်ဘက်ခြမ်းမှာ ပိတ်ဆို့ရှင်းလင်းခိုင်းခဲ့ပါတယ်။
ခမရ (၇)၊ စစ်ကြောင်း (၁) ဟာ သြဂုတ်လ (၂၂) ရက်နေ့ နေ့လည်ပိုင်းမှာ ကြို့ကုန်းတံငါစုရွာသား ဦးလက်မ ဆိုသူဆီက တပ်ပြေး တွေနဲ့ပတ်သက်တဲ့ သတင်းထပ်ရခဲ့ပါတယ်။ တပ်မ (၇၇)၊ တပ်မမှူးကိုယ်တိုင် သတင်းပေး ဦးလက်မကို ကို့ထုံးရွာမှာ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဦးလက်မက မနက်(၁၀)နာရီလောက်မှာ ငါးရောင်းဖို့ရွာက ထွက်လာတော့ ကျွန်းငယ်တစ်ခုပေါ်မှာ လူနှစ် ယောက်နဲ့တွေ့ကြောင်း၊ လက်နက်တစ်စုံတစ်ရာ မပါကြောင်း၊ ကုန်းဘက်သို့ ပို့ဆောင်ပေးဖို့ အကူအညီတောင်းတာနဲ့ အဲသည် လူနှစ်ယောက်ကို သူ့လှေနဲ့ ပို့ပေးခဲ့ရကြောင်း၊ လှေပေါ်က ဆင်းခါနီးမှာ ထမင်းမစားရတာ (၃) ရက်လောက်ရှိပြီမို့ ငါးရှဉ့်ကြီးကြီး (၂) ကောင်လောက်ပေးပါဆိုပြီး တောင်းသွားခဲ့တယ်ဆိုပြီး သတင်းပေးခဲ့ပါတယ်။ ဦးလက်မနဲ့ တပ်ပြေးတွေတွေ့ခဲ့တဲ့ ကျွန်းလေးကို တပ်မမှူးကိုယ်တိုင် သွားကြည်ခဲ့ပါတယ်။ သြဂုတ်လ (၂၃) ရက်နေ့မှာတော့ ကို့ထုံးရွာ၊ ကြို့ကုန်းရွာ၊ အင်ပြင်နဲ့ (၈) လမ်းသွား လမ်းမကြီး အနီးပတ်ဝန်းကျင် ဒေသတွေကို တပ်မ(၇၇)၊ တပ်မမှူးဦးစီးတဲ့ လေကြောင်းရန် ကာကွယ်ရေးက စစ်ဦးစီး (ပ) ဒုဗိုလ် မှူးကြီး အောင်မျိုးထွန်းဦးစီး တပ်ခွဲ (၁) ခွဲ၊ ခမရ (၇)၊ ခမရ (၂၀)၊ ခမရ (၁၀၇)၊ ဒေသခံအရပ်သား (၆၅) ယောက်၊ ခွေး (၅) ကောင်တို့နဲ့ အဖွဲ့(၃)ဖွဲ့ခွဲပြီး ပိုက်စိတ်တိုက် ဖြန့်ခွဲရှာဖွေခဲ့ပါတယ်။
သည်လိုနဲ့နေ့လည် (၁)နာရီခွဲအချိန်လောက်မှာ ခမရ (၁၀၇)၊ ဒုတပ်ရင်းမှူး ဦးစီးတဲ့ စစ်ကြောင်း (၂) က စောလှ ချောင်းနားက ကွေ့ကြီးအင်းရဲ့ လူမနေတဲ့တဲတစ်လုံးအတွင်းမှ ငါးရှဉ့်တွေကို မီးဖုတ်စားသွားတဲ့ စားကြွင်းစားကျန်အချို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ အဲသည်နေရာရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ၀က်လက်ကြီးရွာ၊ အောက် ကမ္ဘာရွာ၊ ဂဠုန်တိုက်အင်း၊ ပေပင်ကုန်းရွာများသို့ တပ်ခွဲ (၄) ခွဲကို ရွှေ့ပြောင်းပြီး ပိတ်ဆို့ပြီး တပ်ခွဲ (၁၁) ခွဲနဲ့ နယ်မြေ အတွင်း ရှင်းလင်းဖို့ တပ်မမှူးက ညွှန်ကြားခဲ့ပါတယ်။
သြဂုတ်လ (၂၃) ရက်နေ့ ည (၇) နာရီခန့်မှာ ခမရ (၁၀၇) မှ ဗိုလ်ကြီးအောင်သူ ဦးစီးတဲ့တပ်ခွဲဟာ ဂဠုန်တိုက်အင်း အနီးက ဦးနိုင်စိုးဆိုသူရဲ့ တဲအနီးသို့ အရောက် တဲပေါ်က လူတစ်ယောက်ခုန်ချထွက်ပြေးသွားတာမြင်လိုက်ရလို့ လိုက်လံဖမ်းဆီးပေမဲ့ မမိခဲ့ ပါဘူး။ တဲအတွင်းမှာတော့ သတ်ထားတဲ့ကြက် တစ်ကောင်၊ သင်္ဘောသီး (၃) လုံးနဲ့ T.H.O လို့ရေးထားတဲ့ ဒုတပ်ကြပ် သိန်းထိုက် ဦးရဲ့စစ်သုံးခါးပတ်တို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဗိုလ်ကြီးအောင်သူတို့တပ်ခွဲက အဲဒီ့တဲ အနီးပတ်ဝန်းကျင်နေရာတွေကို ပိုက်စိတ်တိုက်ရှင်းလင်းခဲ့ပေမဲ့ ထူးခြားမှုမရှိခဲ့ပါဘူး။ ည (၁၁) နာရီခွဲ လောက်မှာ စောစောကရှင်းလင်းပြီးသားနေရာဖြစ်တဲ့ ဦးနိုင် စိုးရဲ့တဲကိုပဲ နောက်ထပ်တစ်ကြိမ် ပြန်ရှင်းတဲ့အခါမှာတော့ တဲရဲ့ ကြပ်ခိုးစင်ပေါ်မှာ အိပ်နေတဲ့ တပ်ကြပ်သန်းထိုက်နဲ့ ဒုတပ် ကြပ်သိန်းထိုက်ဦးတို့ကို တွေ့ရှိ ဖမ်းဆီးမိခဲ့ပါတယ်။
တပ်ပြေးနှစ်ဦးကို ၀က်လက်ကြီးရွာမှာ ချုပ်နှောင်ပြီး စစ်ဆေးတဲ့အခါ ပြီးခဲ့တဲ့နေ့ ညပိုင်းက သူတို့နှစ်ယောက်ဟာ လှေတစ်စင်းကို ခိုးယူပြီး အင်းရန်အင်းကို ဖြတ်ခဲ့ကြောင်း၊ အင်းအလယ်အရောက်မှာ လှေမှောက်သွားတာကြောင့် သူတို့ ကိုင်ဆောင် တဲ့လက်နက်တွေ ရေနစ်ပျောက်ဆုံးခဲ့ကြောင်း ပြောပြပါတယ်။ နောက်တစ်နေ့မှာတော့ ရွာသားတွေရဲ့ အကူအညီနဲ့ လှေမှောက် တဲ့နေရာမှာ ရေငုပ်ရှာဖွေခဲ့တဲ့အခါ ဘီအေ-၆၃- (၁) လက်၊ အမ်အေ-၁၃- (၁) လက်၊ ပစ္စတို-(၁) လက်၊ ၇.၆၂-ကျည် (၂၈၂) တောင့်နဲ့ ၉-မမကျည် (၅၀၇) တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လကတ (၂၀၂၀) တပ်ရင်းအထွက် ခြုံဘေးက ဘီအေ-၉၄ တစ်လက်နဲ့ ဘောနက်ကြီးအနီး တောင်ကြောပေါ်မှာ မြုပ်ထားတဲ့ ၉-မမ ပစ္စတို-(၁) လက်ကိုလည်း ပြန်ရှာတွေ့ခဲ့ပါတယ်။
သြဂုတ်လ (၂၀) ရက်နေ့က စခဲ့တဲ့ တပ်ပြေး (၁၂) ယောက်နဲ့ လက်နက် (၂၃) လက်ဇာတ်လမ်းက နောက်လေးရက် အကြာမှာ အားလုံးဖမ်းမိခဲ့ပါတယ်။ တပ်ပြေးတွေရဲ့ မူလစဉ်းစားချက်က ပဲခူးတိုင်းအရှေ့ခြမ်းကိုဖြတ်၊ ကရင်ပြည်နယ်ထဲကို ၀င်ပြီး KNU ရဲ့ အကူ အညီနဲ့ နယ်စပ်ကို ထွက်ပြေးဖို့ပါပဲ။ အဲတာဆိုရင်တော့ သူတို့ကို ဖမ်းမိနိုင်ဖို့ မလွယ် တော့ပါဘူး။ ကံဆိုးတာက သူတို့ဖြတ်သွားမဲ့လမ်းတွေကို တပ်မ (၇၇) က တပ်တွေနဲ့ ပိတ်ဆို့ထားလိုက်တဲ့ အတွက် ထွက်ပေါက်မရှိတော့တဲ့အပြင် ထွက်ပြေး သူအချင်းချင်းကြားမှာ ညီညွတ်မှုမရှိခဲ့တာကြောင့် ပြန်ပြီးအဖမ်းခံရတာ ဖြစ်ပါတယ်။ ပြေးသူနဲ့လိုက်သူ အင်အားချင်းလည်း မမျှပါဘူး။ အဲဒီဖြစ်စဉ်အတွင်းမှာ တမခ(၇၇)၊ တပ်မမှူး ဦးစီးတဲ့ ရှေ့တန်းတပ်မဌာနချုပ်နဲ့ တပ်ရင်း (၃) ရင်း၊ လကခမှ စစ်ဦးစီးမှူး (ပ) ဦးစီးတဲ့ တပ်ခွဲ (၁) ခွဲတို့ကို သုံးပြီး ပိတ်ဆို့ ရှင်းလင်းရေး လုပ်ခဲ့တဲ့အပြင် ဆက်စပ်နယ်မြေများမှ တပ်တွေကလည်း ကင်းတို၊ ကင်းရှည်တွေနဲ့ တပ်လှန့် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တဲ့အတွက်ကြောင့် သည်ကိစ္စဆိုးဆိုးဝါးဝါးဖြစ်မသွားပဲ သည်လောက် နဲ့ရပ်သွားအောင် အချိန်မှီလိုက်တယ်လို့ ဆိုရပါလိမ့်မယ်။ နောက်ဆက်တွဲကိစ္စတွေ မသိရတော့လို့ အဖမ်းခံလိုက်ရတဲ့ ပုန်ကန်သူ တွေ ဘယ်လိုဖြစ်သွားတယ် ဆိုတာမသိပေမယ့် မသေရင်တောင်မှ တော်တော်ကို ကြီးလေးတဲ့ အပြစ်ဒဏ်ပေးခံရမှာ သေချာပါ တယ်။ ဒီအဖြစ်အပျက်ကို ပြန်ပြီး မပေါက်ကြားနိုင်အောင် တော်တော်ကိုဆိုးဆိုးဝါးဝါး ခံစားကြရလိမ့်မယ်ဆိုတာ သေချာသလောက် ပါ။ တပ်မှာ တပ်တွင်းပုန်ကန်မှု၊ သစ္စာဖေါက်မှုလို့ယူဆရင် အသာတကြည်နဲ့ ပြီးသွားတယ်ဆိုတာထုံးစံမရှိပါ။
(ပုံစာအညွှန်း - တပ်ရင်းတစ်ခု၏ တပ်နေပျော်ရေးစီမံချက်ပါ ဆောင်ရွက်မှုတင်ပြချက်)
(ဆက်ပါဦးမည်)
Credit.....မိုးဇေငြိမ်း
0 comments:
Post a Comment