Pages

Wednesday, October 9, 2013

စက်ရုံတည်ထားပြီး လုပ်ငန်းဆောင်ရွက်မှု မရှိသဖြင့် ဒေသခံများ သံသယဖြစ်နေဟုဆို


ကချင်ပြည်နယ်၊ သီပေါမြို့နယ်တွင် ဂျပန်သိုက်ရှိသည်ဟု အများမှယူဆထားသော ဒေသအနီးတွင် စက်ရုံတည်ထားပြီး လုပ်ငန်းလည်ပတ်မှု မရှိသဖြင့် သီပေါဒေသခံများမှ ဇဝေဇ၀ါ ဖြစ်နေရကြောင်း သီပေါဒေသခံများထံမှ သိရှိရသည်။ အဆိုပါ စက်ရုံမှာ ၂၀၁၂ ခုနှစ်၊ နှစ်ဦးပိုင်းတွင် တည်ထားခဲ့ခြင်းဖြစ်ပြီး နမ္မတူဒေသမှ ထွက်ရှိသော ဘော်ချေးများအား သန့်စင်မည့်သတ္တုသန့်စင် စက်ရုံဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။
“ဒီဒေသမှာ ဂျပန်သိုက်ဆိုပြီး နာမည်ကြီးတဲ့ နေရာသုံးခု ရှိပါတယ်။ နားမုံကျေးရွာ အနီးဒေသ၊ နမ့်မော်ဆွန်းကျေးရွာ အနီးဒေသနှင့် မိုးတေကြိုးဝိုင်း ဒေသသုံးခုပါ။ နောက်ပြီး ဂျပန်တွေ အခိုင်အမာ တပ်စွဲခဲ့တဲ့ ကတုတ်ကျင်းတွေလည်း ရှိနေပါ သေးတယ်။ အခုစက်ရုံကြီး လာတည်ပြီးတော့ ဘာမှလည်း မလုပ်ဘူး။ တည်ထားတာကလဲ မိုးတေကြိုးဝိုင်း အနီးနားမှာ ဖြစ်နေတော့ သံသယဖြစ်စရာ ရှိနေပါတယ်”ဟု သီပေါဒေသခံ တစ်ဦးက ရှင်းပြသည်။
ဂျပန်တို့ မြန်မာနိုင်ငံအား သိမ်းပိုက်စဉ် ဘော်တွင်းဒေသ၌ သုံးနှစ်တိုင်တိုင် ရွှေနှင့်သတ္တုများ ထုတ်ယူခဲ့ကြကြောင်း၊ ဗြိတိသျှတို့ မြန်မာနိုင်ငံအား ပြန်လည်ဝင်ရောက် လာချိန် ၁၉၄၄ ခုနှစ်တွင် သီပေါဒေသ၌ အင်္ဂလိပ် စစ်တပ်အမှတ် (၁၀၁) တပ်နှင့် နမ္မတူဒေသမှ ဆုတ်ခွာလာသော ဂျပန်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နမ္မတူဒေသမှ သယ်ဆောင်လာသော ရွှေနှင့် သတ္တုပစ္စည်းများ၊ စက်ယန္တယား ပစ္စည်းများအား ကားပေါ်မှပင် မချတော့ဘဲ မိုးတေကျေးရွာ အနီးတစ်ဝိုက်တွင် တောင်ခါးပန်းအား ကားထိုး၍ အပြင်မှ ကျောက်များဖြင့်မံကာ ပိတ်ဆို့ထားရှိ ခဲ့သည်ဟု သမိုင်းကြောင်း ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဂျပန်သိုက်ရှိတယ် ဆိုတာတော့ သေချာပါတယ်။ အရင်တုန်းက တူးဖူးတဲ့ သူတွေလည်း ရှိခဲ့တယ်။ ပုဂံခွက်ယောက် အပိုင်းအစတွေလည်း ရဖူးတာမျိုး ရှိတယ်။ တစ်ခါက ဒီလိုဘဲလာတူးကြတာ ဗုံးကိုတူးမိလို့ ဗုံးပေါက်တာမျိုးလည်း ရှိခဲ့ဖူးတယ်။ ကြီးကြီးမားမား ပစ္စည်းမျိုး ရတာတော့ မရှိသေးပါဘူး”ဟု ကွန်စံလိတ် ကျေးရွာသား တစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါ ဒေသအနီးတစ်ဝိုက်၌ စက်ရုံတည်ထားပြီး လုပ်ငန်းလည်ပတ်မှု မရှိသော်လည်း စက်ရုံအတွင်းသို့ မည်သူမှ ၀င်ရောက်ခွင့် မရခြင်း၊ စက်ရုံခြံဝင်းအား အထပ်ထပ် ကာရံထားခြင်းနှင့် စက်ရုံနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များမှာ ပွင့်လင်းမြင်သာမှု မရှိ၍ ဒေသခံများမှ ဇဝေဇ၀ါဖြစ် နေရကြောင်း သိရှိရသည်။
နမ္မတူ ဒေသကထွက်တဲ့ ဘော်ချက်တဲ့ သတ္တုသန့်စင်စက်ရုံ လုပ်တယ်ဆိုတာ နမ္မတူမှာဘဲ စက်ရုံတည်ပြီး လုပ်လို့ ရပါတယ်။ အခုက စားရိတ်စက အကုန်ကျခံပြီး ဒီနေရာမှာ စက်ရုံလာတည်တယ်ဆိုတော့ စဉ်းစားစရာဘဲ။ သူတို့တွေက မြေပုံနဲ့ တကွလာလို့ ဒီပစ္စည်းတွေထုတ်ဖို့များ အကြောင်းပြပြီး စက်ရုံတည်သလားဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်။ နိုင်ငံတော်အနေနဲ့ သေချာစီစစ်ပြီး လေ့လာဆောင် ရွက်သင့်ပါတယ်။ ဟုတ်ခဲ့ရင် ဒေသနဲ့ နိုင်ငံတော်အတွက် အများကြီး အကျိုးရှိနိုင်ပါတယ်”ဟု သီပေါမြို့ ဒေသခံအချို့မှ သုံးသပ်ပြောကြားသည်။
အဆိုပါစက်ရုံ၌ တစ်ခါတစ်ရံတွင် ဒေသခံ လုပ်သားများအား တစ်ရက်လျှင် ငါးထောင်ကျပ်ဖြင့် ခေါ်ယူခိုင်းစေလေ့ရှိပြီး အဓိကအားဖြင့် မြေကြီးတူးသည့် အလုပ်ကို လုပ်ကိုင်ရသည်ဟုဆိုကြောင်း အဆိုပါ စက်ရုံအနီး နေထိုင်သူများမှ ပြောသည်။
ယင်းကိစ္စအတွက် စက်ရုံတာဝန်ခံအား မေးမြန်းရာတွင် စက်ရုံမှာ သတ္တုသန့်စင် စက်ရုံဖြစ်ကြောင်း၊ ယခုကာလမှာ စမ်းသပ်ဆဲ ကာလသာဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်မှု အားနည်းနေခြင်းဖြစ်ကြောင်း၊ ၄င်းတို့ အနေဖြင့်လည်း ကုန်ကျစားရိတ်များစွာ ရင်းနှီးမြှုပ်နှံထားရသဖြင့် စမ်းသပ်မှု အောင်မြင်ပါက အမြန်ဆုံး လုပ်ငန်းလည်ပတ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မည်သည့်အချိန်တွင် လုပ်ငန်းအတိအကျ လည်ပတ်လုပ်ကိုင်မည်ကိုမူ ပြော၍မရကြောင်း ပြန်လည်ပြောကြားသည်။

စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်

0 comments:

Post a Comment