Pages

Wednesday, October 16, 2013

နေရာအနှံ့အပြားဗုံးပေါက်ကွဲမှုများက FDI အပေါ် မလိုလားအပ်သည့် အကျိုးသက်ရောက်မှုဖြစ်လာစေနိုင်


ဗုံးပေါက်ကွဲများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI များအတွက် မလိုလားအပ်သော အကျိုးသက်ရောက်မှုများ ဖြစ်လာစေနိုင်ဟု စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များက သုံးသပ်သည်။

ပြည်တွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ပြည်တွင်းမငြိမ်မသက်မှုများကို ထည့်သွင်းစဉ်းစားမည်ဖြစ်ရာ လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှု အခြေအနေများမှာ ရင်းနှီးမြှုပ်နှံလိုသူများအတွက် အဟန့်အတားဖြစ်နိုင်ကြောင်း ယင်းတို့က ဆိုသည်။

နိုင်ငံတော်သမ္မတ စီးပွာရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက်က “ ဒီလိုဗုံးပေါက်ကွဲမှုဖြစ်တာက တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စကြီးပါ။ FDI ကို တိုက်ရိုက်ကြီး ထိခိုက်နိုင်တာတော့မဟုတ်ပေမယ့် လာပြီး ရင်းနှီး မြှုပ်နှံမယ့် သူတွေက ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကိုလည်း စောင့်ကြည့်မှာဖြစ်တယ်။ FDI ၀င်ရောက် လာဖို့ နိုင်ငံတော်က အရှိန်နဲ့ ဖိတ်ခေါ်နေတဲ့အချိန်မှာ ဒါမျိုးတွေကတော့ မလိုလားအပ်တာတွေ ဖြစ်လာနိုင်တဲ့အတွက် မဖြစ်သင့်ဘူးပေါ့”ဟု မဇ္ဈိမသို့ ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI များသည် ပြည်တွင်းရှိ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး အခြေခံလိုအပ် ချက်များနှင့် ကုန်သွယ်မှုဆိုင်ရာ မှုဝါဒအချို့တို့ကြောင့် နိုင်ငံခြားရင်းမြုပ်နှံမှု FDI များ နှောင့်နှေးနေ လျက်ရှိရာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများမှာ ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုနှောင့်နှေး မှုဖြစ်စေကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက ဆိုသည်။

ထိုသို့ ပေါက်ကွဲမှုဖြစ်စဉ်များဖြစ်ရာတွင် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲအများစု လုပ်ကိုင်သည့် ကုန်သည်ကြီးများ ဟိုတယ်ကဲ့သို့ နေရာအထိ ပါဝင်လာခြင်းဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် စဉ်းစားဖွယ်ရာ ဖြစ်လာနိုင်ကြောင်း ယင်းတို့ကဆိုသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးနှင်းဦးက“ ဒီလိုပေါက်ကွဲမှုနဲ့ မငြိမ်မသက်မှုတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အများကြီး သက်ရောက်စေနိုင်တယ်။ အခုဆိုရင် ကုန်သည်ကြီးများ ဟိုတယ်လို နေရာမျိုးတွေတောင် ပါလာတော့ Business Meeting တွေ လုပ်မယ့်နေရာတွေကိုပါထည့်ပြီး စဉ်းစားလာရ ပြီဆိုတော့ ဒါကလည်း တိုက်ရိုက်မဟုတ်ပေမယ့် သက်ရောက်မှုတော့ရှိတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံသည် ဗုံးပေါက်ကွဲမှုထက် ကြီးမားသော ပဋိပက္ခပြဿနာများနှင့် တိုင်းရင်းသား လက်နက်ကိုင် ပြည်တွင်း စစ်များ ဖြစ်နေခြင်းများရာ ဗုံးပေါက်ကွဲမှုများ မတိုင်မီကပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် စဉ်းစားဖွယ်ရာ ကိစ္စများရှိနေခြင်းဖြစ်ကြောင်း ယင်းတို့ကပြောသည်။

ယင်းအခြေအနေများသည် စီးပွားရေးလုပ်ကိုင်လိုသူများအတွက် စဉ်းစားဖွယ်ရာ ကိစ္စများဖြစ်သော်လည်း ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုနည်းစေသည့် အဓိကအချက်များဖြစ်သော ပြည်တွင်းအခြေခံ အဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုစားရန်လိုအပ်ကြောင်း လုပ်ငန်းရှင်အချို့က သုံးသပ်ပြောသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်း၊ မြေဈေးကြီးမားခြင်း၊ ကုန်သွယ်မှု မူဝါဒ အားနည်းနေခြင်းနှင့် ကုန်သွယ်ရေးဆိုင်ရာ ငွေကြေးလွှဲပို့ခြင်းစသော စီးပွားရေးလုပ်ကိုင်ရန် အခက်အခဲများမှာ ရင်းနှီးမြှုပ်နှံမှုပြုသူများ ၀င်ရောက်ရေးအတွက် ပိုမိုအဟန့်အတား ဖြစ်နေစေ ခင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ထောက်ပြပြောသည်။

ပြည်တွင်းစီးပွားရေးပညာရှင် ဦးလှမောင်က “ပြည်တွင်းမငြိမ်သက်မှုရှိတာက FDI တွေကို နှောင့်နှေး စေတာတော့ ရှိပါတယ်။ ဒါပေမဲ့ စီးပွားရေးသမားတွေမှာ “အန္တရာယ်များလေ ချမ်းသာလေ”ဆိုတဲ့ စကားပုံနဲ့ “ခေတ်ပျက်လေ ကြီးပွားလေ”ဆိုတဲ့ စကားပုံတွေရှိတော့ အဲဒါတွေက ဒီလောက်မှုနေစရာ အချက်တွေ မဟုတ်ပါဘူး။ လျှပ်စစ်မီးတို့ လမ်းပန်းဆက်သွယ်မှုတို့ ကုန်သွယ်မှုစည်းမျဉ်းတို့ဆိုတာတွေကိုသာ ပြင်လိုက်ရင်တောင် တော်တော်ကြီး အဆင်ပြေမှာပါ” ဟုပြောသည်။

ဖြူးမြို့၊ တောင်ငူမြို့၊ စစ်ကိုင်းမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့တွင်မူ အင်းစိန်၊ သာကေတနှင့် ကုန်သည်ကြီးများ ဟိုတယ်တို့တွင် ဗုံးများပေါက်ကွဲခဲ့သည်။

mizzima

0 comments:

Post a Comment