အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပြီး အောက်တိုဘာလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် တပ်မတော်နှင့် ကေအိုင်အေတို့ မန်စီမြို့နယ် အတွင်းရှိ ကေအိုင်အေ တပ်မဟာ (၃) နယ်မြေတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ကေအိုင်အေ TAT (Technical Advisory Team) မှ ဦးဒေါင်ခါးက ပြောကြား သည်။
မြစ်ကြီးနားမြို့တွင် အစိုးရနှင့် ကေအိုင်အိုတို့ အောက်တိုဘာလ ၈ ရက်နေ့ မှ ၁၀ ရက်နေ့ထိ ဆွေးနွေး ခဲ့သော ဆွေးနွေးပွဲတွင် တိုက်ပွဲလျှော့ချရန်အတွက် ပူးတွဲ စောင့်ကြည့် ကြီးကြပ်ရေး ကော်မတီဖွဲ့ရန် သဘော တူခဲ့သော်လည်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်း ဖြစ်သည်။
“နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တပ်မတော်က ကေအိုင်အေ တပ်မဟာ (၃) ဒေသကို စစ်ကြောင်း လေးကြောင်းနဲ့ လာတဲ့အတွက် တိုက်ပွဲဖြစ်တာပါ” ဟု ဦးဒေါင်ခါးက ဆိုသည်။
ယင်းကဲ့သို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုကြောင့် ယင်းဒေသမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရပြီး တိမ်းရှောင်နေရသူ ဦးရေကို အတိအကျ မရရှိသေးကြောင်း ဦးဒေါင်ခါးက ပြောသည်။
တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင် စစ်ပြေး ဒုက္ခသည်ပေါင်း တစ်သိန်းဝန်းကျင် ရှိနေပြီး ယခုထက်တိုင် နေရပ်ပြန်နိုင်ခြင်း မရှိသေးပေ။
ယင်းကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ တပ်မတော် အရာရှိအချို့ထံ ဆက်သွယ် မေးမြန်း သော်လည်း ဖြေကြားခြင်း မရှိပေ။
The Voice Weekly
0 comments:
Post a Comment