အခုရက်ပိုင်း ကျင်းပတော့မယ့် တိုင်းရင်းသားအဖွဲ့ပေါင်းစုံ လိုင်ဇာညီလာခံမှာ တင်ပြမယ့် ပူးတွဲကြေညာ ချက်တစ်စောင်ကိုKNU ကရင်အမျိုးသားအစည်းအရုံးနဲ့ RCSS ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ က အောက်တိုဘာလ ၂၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
RFAက မိတ္တူရရှိခဲ့တဲ့ အဲဒီပူးတွဲကြေညာချက်မှာ အစိုးရကကြီးမှူးပြီး နေပြည်တော်မှာ လာမယ့်နှစ်ဆန်းပိုင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲနဲ့ အဲဒီ နောက်ဆက်တွဲ ကျင်းပဖို့ရည်ရွယ် ထားတဲ့ မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲကြီးနဲ့ ပတ်သက်ပြီး သူတို့အဖွဲ့နှစ်ဖွဲ့ရဲ့ မူဝါဒတွေကို ဖေါ်ပြထားပါတယ်။
KNU နဲ့ RCSS အဖွဲ့နှစ်ဖွဲ့ရဲ့ မူဝါဒတွေထဲမှာ အစိုးရနဲ့ တိုင်းရင်းသားတွေ အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ထိုးတဲ့အခါ အရင်ကလက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်တွေကို အစိုးရက ပြန်လည်အ တည်ပြုပြီး ပူးတွဲအပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီတွေကို ဖွဲ့စည်းရမယ်လို့ တောင်းဆို ထားပါတယ်။
ဆက်လက်ပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီးနောက် ၄ လအတွင်း နိုင်ငံရေးဆွေးနွေးပွဲကြီးကိုကျင်းပဖို့ အစိုးရကသဘောတူရမှာဖြစ်ကြောင်း၊ အဲဒီဆွေးနွေးပွဲကြီး ကျင်းပတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနဲ့အတူ နိုင်ငံရေးပါတီတွေ လူမှုအဖွဲ့အစည်းတွေ၊ လွှတ်တော်အမတ်တွေ၊ မြန်မာ့တပ်မတော်နဲ့ အစိုးရခေါင်းဆောင်တွေ ပါဝင်တက်ရောက်ကြဖို့လိုကြောင်း၊ ဒါ့အပြင် အဲဒီဆွေးနွေးပွဲအတွက် တိုင်းရင်းသားအဖွဲ့တွေကလည်း အစိုးရနဲ့အတူ ပူးတွဲစီမံခွင့် ရှိရမှာဖြစ် ကြောင်း၊ ဆွေးနွေးကြတဲ့အခါမှာလည်း အခြေခံဥပဒေ၊ အာဏာခွဲဝေမှု၊ လုံခြုံရေး၊ မြေယာ၊ ဝင်ငွေခွဲဝေမှုနဲ့ သယံဇာတခွဲဝေမှုစတဲ့ အကြောင်းအရာတွေ ပါဝင်ရမှာဖြစ်ကြောင်းများအပြင် လာမယ့်၂ဝ၁၅ ခုနှစ် နောက်ပိုင်းမှာလည်း နိုင်ငံရေးဆွေးနွေးရေးအတွက် အာမခံချက်ရှိရမှာဖြစ်ကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။
အခုပူးတွဲကြေညာချက်ကို ထုတ်ပြန်ဖို့အတွက် KNU နဲ့ RCSS ခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အမည်မဖေါ်လိုတဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ဝင် ထိပ်တန်းအရာရှိတစ်ဦးက တိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့ မူဝါဒတွေချမှတ်ရာမှာ နိုင်ငံခြားပညာရှင် တချို့ရဲ့ အကြံဥာဏ်တွေကို ရယူခဲ့တယ်လို့ မိမိတို့သိရှိရကြောင်း အာဖက်အေကို ပြောပါတယ်။
RFA
0 comments:
Post a Comment