Pages

Wednesday, October 16, 2013

မန်စီမြို့နယ်အတွင်း စစ်ပြေးဒုက္ခသည်များ ထပ်မံရောက်ရှိ စားဝတ်နေရေးခက်ခဲနေဟုဆို


မြန်မာအစိုးရစစ်တပ် လှုပ်ရှားမှုများ ဆက်လက်ရှိနေရာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းမှ ထွက်ပြေးတိမ်းရှောင်သူများ ထပ်မံရောက်ရှိလာသဖြင့် ၄င်းတို့၏ စားဝတ်နေရေး ခက်ခဲနေသည်ဟု ဖန်းခါးကုန်း ကျေးရွာမှ သိက္ခာတော်ရဆရာ ဦးခဘရာဇော်ဘောက်က ပြောသည်။ အောက်တိုဘာလ ၇ ရက်မှစတင်ကာ မန်စီမြို့နယ်တွင်း အစိုးရ၏ စစ်ကြောင်းများ ရောက်ရှိလာသဖြင့် နားအူကြီး၊ နားအူလေး၊ နန့်လဲကျေးရွာများမှ ၁၃၀ ကျော် စတင်ရောက်ရှိလာရာမှ ယခုရက်ပိုင်းအတွင်း ကဒုတ်၊ နမ်ထွဲ၊ ကောင်ရုန် စသည့် ကျေးရွာများမှ စစ်ပြေးဒုက္ခသည်များ ထပ်မံ ရောက်ရှိလာသဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ဒုက္ခသည် ၂၁၈ ဦးရှိလာကာ ၎င်းတို့ စားဝတ်နေရေးအတွက် အထောက် အပံ့များ လိုအပ်နေခြင်း ဖြစ်သည်။

 “အစိုးရစစ်ကြောင်းကလည်း ခုထိ အဲဒီလိုဘဲ ရွာတွေမှာ နေနေကြတယ်။ ဒီစစ်ပြေးဒုက္ခသည်တွေကို ဘုရားကျောင်းဝင်း ထဲမှာဘဲ ထားတယ်။ အစားအသောက် မလောက်လို့ စိတ်ညစ်နေကြတယ်။ ကျွန်တော်တို့ အသင်းတော်တွေ ကနေပဲ ကျွေးနေရတယ်။ ဒါတောင်ကုန်လာလို့ စိတ်မကောင်း ဖြစ်နေရတယ်။ တစ် ရက်ကို တစ်သိန်းကုန်တယ်။ အခုချိန်က စားဝတ်နေရေး ခက်ခဲတာပဲ”ဟု ဆရာ ဦးခဘရာဇော်ဘောက်က ပြောသည်။ အသင်းတော်မှ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသို့ ဆက်သွယ် ပြောကြားခဲ့သဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က စစ်ပြေးဒုက္ခသည်များ စာရင်းအား လာရောက် ယူသွားပြီး ဖြစ်သော်လည်း ၎င်းတို့၏ အကူအညီမှာ မရသေး ကြောင်း သူက ဆက်ပြောသည်။

မန်စီမြို့နယ်၊ နားအိုကြီး၊ ကောင်ရုန် ကျေးရွာဘက်မှ စစ်ပြေးဒုက္ခသည်များ ရောက်ရှိလာသည်ဟု သိရသော်လည်း ၎င်းတို့ ရောက်ရှိနေသောနေရာနှင့် အလှမ်းဝေးသဖြင့် ထောက်ပံ့ရန်ခက်ခဲနေသည်ဟု KIO စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီမှ တာဝန်ခံဦးဒွဲပီဆားက ပြောသည်။ “ဗန်းမော်ဘက် ရွာငါးရွာလောက် အိမ်ထောင်စု ၁၀၀ ကျော် ထွက်ပြေးလာတယ်။ ရွာသားတွေက စစ်ကြောင်းတွေကို ရွာထဲမှာ အခြေမချပါနဲ့ တိုက်ပွဲဖြစ်လာမယ်။ ဒီမှာမနေပါနဲ့လို့ ပြောတာကို စစ်ကြောင်း မှူးဆိုတဲ့လူက ဖယ်ပေးဖို့ လာတာမဟုတ်ဘူး။ တိုက်ဖို့လာတာဆိုပြီး ပြောလို့ ရွာသားတွေ ကြောက်လို့ ထွက်ပြေးလာကြတယ်လို့ ကြားရတယ်”ဟု သူက မဇိ္ဈမကို ပြောသည်။ အဆိုပါဒေသအနီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ (၃) လက်အောက်ခံတပ်ရင်း ၁၂ အခြေစိုက်နေသဖြင့် ၎င်းတို့ အခြေစိုက်နေမှုကို မလိုလားသဖြင့် ယခုကဲ့သို့ အစိုးရစစ်တပ်က ၀င်ရောက်နေရာ ယူလာခြင်းဖြစ်မည်ဟု ယူဆကြောင်း ဦးဒွဲပီဆားက ပြောသည်။ “အရင်နှစ်တွေလည်း တိုက်ပွဲဖြစ်တယ်။

ကေအိုင်အိုတပ်ကလည်း အစိုးရစစ်တပ် တက်လာရင် တိုက်မယ်ဆိုတော့ သူတို့ ထွက်ပြေးရမယ့် အခြေအနေရှိနေတယ်။ အခုလောလောဆယ် တိုက်ပွဲတော့ မဖြစ် ဘူး။ ဒါပေမဲ့ သူတို့က စစ်အင်အား တိုးထားတယ်”ဟု သူက ဆက်ပြောသည်။ အစိုးရနှင့် KIO ကိုယ်စားလှယ်များ ၈ ရက်မှ ၁၀ ရက်ထိ မြစ်ကြီးနားမြို့တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့သော်လည်း အစိုးရ၏စစ်တပ်များ လှုပ်ရှားမှုများရှိနေသဖြင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေရဆဲ ဖြစ်သည်။ ထိုဆွေးနွေးမှုတွင် စစ်ပြေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေးအတွက် အခြေခံရမည့်မူများနှင့်စီမံချက် တစ်ရပ် ရေး ဆွဲနိုင်ရန် အစိုးရနှင့် KIO မှ အလုပ်အဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ ဆက်လက် ညှိနှိုင်း ဆောင်ရွက်ရန် အနည်းဆုံး ရွာလေးရွာကို ရှေးဦးစီမံချက်(Pilot Project)အဖြစ် ညှိနှိုင်း အကောင်အထည်ဖော်ရန် သဘောတူခဲ့သည်။

Jade Land

0 comments:

Post a Comment