Pages

Tuesday, October 22, 2013

တိုင်းရင်းသားခေါင်းဆောင်များ ညီလာခံကျင်းပပြီးနောက် အစိုးရနှင့် KIO ငြိမ်းချမ်းရေးထပ်မံဆွေးနွေးမည်


အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့ထိ ကျင်းပမည့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့များမှ ခေါင်းဆောင်များ ညီလာခံ ကျင်းပပြီးနောက် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် KIO တို့ သည် ငြိမ်းချမ်ရေးအတွက် ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်းမြန်မာငြိမ်းချမ်းရေးစင်တာ (MCP) ၏အကြီး တန်းအကြံပေး ဦးလှမောင်ရွှေ ၏ ပြောကြားချက်မှ သိရသည်။

ဦးလှမောင်ရွှေက “ခေါင်းဆောင်တွေ တွေ့ဖို့ကတော့ ကေအိုင်အိုလုပ်မယ့် တိုင်းရင်းသား အစည်းအဝေး ပြီးနောက်နိုဝင်ဘာ ၂ ရက်ကို သူတို့(ကေ အိုင်အို) မြစ်ကြီးနားကို ဆင်းလာမယ်။ ၃ ရက်နဲ့ ၄ ရက်မှာ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ကော်မတီနဲ့ ကေအိုင်အို ဆွေးနွေးဖို့ ရှိတယ်။ ဒါပေမဲ့ အဲဒီမှာ ကေအိုင်အို တစ်ဖွဲ့ထဲမဟုတ်ဘူး။ တိုင်ရင်းသား ခေါင်းဆောင်အားလုံးနဲ့ ဆွေးနွေးမယ့် အနေအထားပါဘဲ”ဟု ပြော သည်။

အဆိုပါဆွေးနွေးပွဲမတိုင်မီ အစိုးရနှင့် KIO တို့၏ နည်းပညာအထောက် အကူအဖွဲ့များဖြင့် ဆွေးနွေးသွားရန် ရှိပြီး ဦးအောင်မင်းခေါင်းဆောင် သောအဖွဲ့နှင့် KIO တို့၏တွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်စဲရေး နှင့်ပတ်သက်၍ နှစ်ဖက်မူကြမ်များအား ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးလှမောင် ရွှေမှ ဆိုသည်။

“အဲဒီမှာ ကျွန်တော်တို့ဘက်ကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ အဓိက ဆောင်ရွက်တာဖြစ်တဲ့အတွက် တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ဒါကို Draft (မူကြမ်း) လုပ်ထား မယ်။ ကျွန်တော်တို့ ဘက်ကလည်း လုပ်ထားတာကို နှစ်ဖက် ပြန်ညှိနှိုင်းနိုင်မယ်လို့ ကျွန်တော်တို့က မျှော် လင့် ထားတယ်” ဟု ၎င်းကပြောသည်။

KIO ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကမူ စိတ်ချရသည့် အခြေအနေမရောက်မချင်း အပစ် အခတ် ရပ်စဲရေး လက်မှတ်ကို ထိုးနိုင်မည်မဟုတ်ဟု ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ဆွေးနွေးမှု အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိပြုလုပ်ခဲ့သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွင် စစ်ရှိန်လျှော့ရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရေးအတွက် ပူးတွဲ စောင့်ကြည့်ရေးကော်မတီ ကို ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန်နှင့် ထိုကော်မတီအား ဆောင်ရန်၊ရှောင်ရန် အခြေခံငါးချက်နှင့် စည်းကမ်းချက် ၁၈ ချက်တို့ ပါဝင်သည့် အသေးစိတ် စီမံချက်များ၊ စစ်ပြေးဒုက္ခသည်များ အရေး အပါအ၀င် အချက်ခုနစ်ချက် အား သဘောတူခဲ့သည်။

Yangon Chronicle

0 comments:

Post a Comment