Pages

Thursday, September 5, 2013

မြစ်ငယ်၌ လင်းအားကြီးမီးလောင်


  စက်တင်ဘာ ၄ ရက်  နံနက် ၄ နာရီ ၁၅ မိနစ်က မန္တလေးအမရပူရမြို့နယ် မြစ်ငယ်မြို့ အောင်ချမ်းသာ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ  မြစ်ငယ်မြို့  အထက်တန်းကျောင်းလမ်းတွင်   နေထိုင်သော  ဦးသန်းအောင်  (စူပါမင်း တိပ်ခွေ အငှားဆိုင်) မှစတင် လောင်ကျွမ်းခဲ့ခြင်း    ဖြစ်ကြောင်း၊    မီးလောင်မှုကြောင့် အနီးရှိလူနေအိမ်  ရှစ်လုံးနှင့် ဆိုင်ကယ်သုံးစီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ  မီးလောင်ကျွမ်းရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ညွှန်ကြားရေးမှူး ဦးအောင်ကြွယ်မြင့်၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး  ဦးကြည်တိုး၊ ခရိုင်ဦးစီးမှူး  ဦးလှမင်းနှင့်အဖွဲ့ဝင်များ၊   မီးသတ်ကား  ၄၂  စီး နှင့်အတူ အကူခြောက်စီး၊ မီးသတ်သန္ဓေ  ၆ဝ နှင့်  အရန်အင်အား  ၂၁ဝ  လာရောက်မီးငြှိမ်းသတ်ကြရာ  နံနက် ၅ နာရီ ၃၅ မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး နံနက်  ၆ နာရီ  ၁၅  မိနစ်တွင်မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းရာတွင် လူ၊ တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိ ကြောင်းသိရသည်။ မီးလောင်ကျွမ်းရာသို့     မန္တလေးတိုင်းဒေသကြီး     လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ မြန်မာ့မီးရထားမှ လက်ထောက် အင်ဂျင်နီယာဦးနိုင်ဦး၊   သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊  မြစ် ငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး  ဦးမောင်မောင်တို့က လိုအပ်သည်များကူညီပေးလျက်ရှိကြောင်းနှင့် အဆိုပါ မီးလောင်ကျွမ်းမှုကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။     

Credit......မောင်မောင်စိုး(မြစ်ငယ်)


0 comments:

Post a Comment