တောင်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ ကြီးကျယ်ခမ်းနားသော စစ်ရေးပြပွဲကြီးအတွင်း ခရုစ်ဒုံးကျည်များကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရှိရသည်။ ဆယ်စုနှစ်အတွင်း နိုင်ငံ၏ အကြီးကျယ်ဆုံး စစ်ရေးပြပွဲဟု တောင်ကိုရီးယား အာဏာပိုင်များက ပြောကြားထားသော အင်အားပြမှုကြီးတွင် ခရုစ်ဒုံးကျည်များအပြင် တော်ပီဒိုများ၊ အခြားခေတ်မီ လက်နက်များကိုပါ ပြသခဲ့သည်။ လက်နက်ကိုင် တပ်ဖွဲ့များ ဂုဏ်ပြုနေ့ ချီတက်မှု;အခမ်းအနားသို့ တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွမ်ဟီး တက်ရောက်ခဲ့သလို မဟာမိတ် အမေ ရိကန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်နှင့် ဗိုလ်ချုပ် မာတင်ဒမ့်ဆေးတို့လည်း ဧည့်သည် တော်များအဖြစ် ရောက်ရှိလာခဲ့သည်။
ဆိုးလ်တွင် ကျင်းပသည့် (၆၅)နှစ်ပြည့် လက်နက်ကိုင် တပ်ဖွဲ့များ ဂုဏ်ပြုနေ့ အခမ်းအနားတွင် သမ္မတ ပါ့ခ်က မိန့်ခွန်းပြောကြားရာ ကိုရီးယားကျွန်းဆွယ်၏ အခြေအနေသည် စိုးရိမ်လောက်စရာ ဖြစ်နေကြောင်း ထည့်သွင်း မှတ်ချက်ပြုသွားသည်။ ကိုရီးယား ကျွန်းဆွယ်ရဲ့ အခြေအနေက အရေးတကြီး ဖြစ်နေပါပြီ။ ကျွန်မတို့ အနေနဲ့ မြောက်ကိုရီးယားက နျူကလီးယား နည်းပညာ မြှင့်တင်မှုတွေကို မစွန့်လွှတ်သေးသ၍၊ မြောက်ကိုရီးယားရဲ့ ပြည်သူတွေ ငြိမ်းချမ်းဖို့ မှန်ကန်တဲ့ ရွေးချယ်မှုမျိုး မရှိသေးသ၍၊ ကိုရီးယားကျွန်းဆွယ် မငြိမ်းချမ်းသေးသ၍ ကျွန်မတို့ဟာ မြောက်ကိုရီးယားကို ဆန့်ကျင်ပြီး အားကောင်းခိုင်မာတဲ့ အဟန့်အတားမျိုး တည်ဆောက်ထားရပါမယ်ဟု သမ္မတက ပြောဆိုခဲ့သည်။
တောင်ကိုရီးယား စစ်တပ်သည် ယခုချီတက်ပွဲတွင် နည်းပညာ ဆန်းသစ်ထားသည့် Hyunmoo 3 အမျိုးအစား ခရုစ်ဒုံးကျည်စနစ်ကို ပြသခဲ့သည်။ ယင်းလက်နက်သည် မြောက်ကိုရီးယားရှိ သက်ဆိုင်ရာ ပစ်မှတ် တစ်ခုချင်းစီကို အနုစိတ် ချိန်ရွယ် ဖြိုခွင်းနိုင်စွမ်းရှိကြောင်း တောင်ကိုရီးယား စစ်ဘက် အရာရှိများက ပြောကြားထားသည်။ ချီတက်ပွဲတွင် စစ်သည် (၁၁၀၀၀)၊ စစ်ဘက်သုံးလေယာဉ် အမျိုးမျိုး အစင်းရေ (၁၂၀)တို့ကလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။
0 comments:
Post a Comment