နိုင်ငံအတွင်းရှိ အမေရိကန် သံအရာရှိ (၃)ဦးကို ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း ဗင်နီဇွဲလား အစိုးရက ကြေညာခဲ့သည်။ ဗင်နီဇွဲလား သမ္မတနစ်ကိုလက်စ် မာဒူရိုက သံအရာရှိ (၃)ဦးကို (၄၈)နာရီအတွင်း နိုင်ငံနယ်နိမိတ်မှ ထွက်ခွာသွားရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ၎င်းက ယန်းကီးတွေ၊ အိမ်ပြန်ကြတော့ဟူသော စကားဖြင့် နှင်လွှတ်ခဲ့ခြင်း ဖြစ်သည်။ မာဒူရိုက ယင်းသံအရာရှိများသည် ဗင်နီဇွဲလား၏ စီးပွားရေးကို ပျက်စီးအောင် ကြံဆောင်နေကြောင်း စွပ်စွဲခဲ့သည်။ ၎င်းတို့သည် ဗင်နီဇွဲလားတွင် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် လျှပ်စစ်ဓာတ်အားပေး အခြေခံအဆောက်အအုံများ ဖျက်ဆီးခံရမှုတွင် ပါဝင်ခဲ့သည့် အထောက်အထားများ မိမိထံတွင် ရှိနေကြောင်းလည်း မာဒူရိုက ဆိုသည်။
၎င်းက ဗင်နီဇွဲလားရှိ ကုမ္ပဏီများကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရန် အမေရိကန် သံအရာရှိများက လာဘ်ထိုးခဲ့ကြောင်းလည်း စွပ်စွဲထားသည်။ အမေရိကန်နှင့် ဗင်နီဇွဲလားတို့သည် တင်းမာသော ဆက်ဆံ ရေးမျိုး ရှိနေပြီး နှစ်နိုင်ငံ အပြန်အလှန် သံတမန် မထားရှိဘဲ (၂၀၁၀)ပြည့်နှစ်ထိ ရပ်တည်ခဲ့ကြသည်။ သံတမန် တစ်ဦးဖြစ်သည့် ကယ်လီ ကိုင်ဒါလင်နှင့်အတူ လက်အောက်ရှိ ဒေးဗစ်မူးနှင့် အဲလိဇဘက်သ် ဟော့ဖ်မန်းတို့ပါ ပြည်နှင်ဒဏ် ခံရခြင်း ဖြစ်သည်။ ကယ်လီသည် ကာရာဆက်စ်ရှိ သံရုံးတွင် တာဝန်ယူ ထားသည့် အဆင့်အမြင့်ဆုံး အမေရိကန်သံအရာရှိ ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ အမေရိကန် သံရုံးကမူ အမေရိကန် အစိုးရအနေဖြင့် မည်သည့် လုပ်ကြံဖျက်ဆီးမှုတွင်မျှ မပါဝင်ကြောင်း၊ ဗင်နီဇွဲလား အစိုးရ၏ စွပ်စွဲချက်များကို လုံးဝဥဿုံ ငြင်းဆန်ကြောင်း ကြေညာချက် ထုတ်ပြန်သွားသည်။
planet.com
0 comments:
Post a Comment