Pages

Friday, October 4, 2013

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ KIO လက်မှတ်မထိုးသင့်ဟု ကချင်လူမှုအဖွဲ့အစည်းတို့ ပြော


ပြုလုပ်ဆဲ ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ခိုင်မာခြင်းမရှိမှု၊ တိကျသည့်လုပ်ငန်းစဉ်များ ချမှတ်ထားခြင်း မရှိခြင်း တို့ကြောင့် နေပြည်တော်တွင် ပြုလုပ်ရန်ရှိသည့် လက်မှတ်ထိုးပွဲသို့ မတက်ရောက်သင့်ဟု ကချင် လူမျိုးတို့ အတွက် နိုင်ငံရေးရာ ညှိနှိုင်းဆွေးနွေးရန် ဖွဲ့စည်းထားသည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော ကချင်အတိုင်ပင်ခံ အဖွဲ့ အတွင်းရေးမှူး ဦးဂမ်အောင်က ပြောသည်။

“အဲဒီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတာနဲ့ ဘာလုပ်မလဲ။ ခိုင်မာတဲ့ လုပ်ငန်းစဉ်တွေ။ ဥပမာ နိုင်ငံ ရေးဆွေးနွေးတိုင်ပင်ဖို့ Planing တွေ ချထားပြီလား။ ဒါတွေအားလုံး သဘောတူပြီးတော့မှ တိုင်းရင်း သားတွေနဲ့ လက်မှတ်ထိုးမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါမှဟုတ်ဘဲ လက်မှတ်ထိုးလိုက်၊ ပြန်ပစ်လိုက် ဒီလို ခဏခဏ လက်မှတ်ထိုးတာ မကောင်းဘူး” ဟု မဇ္ဈိမကို ပြောသည်။ 

တိုက်ပွဲများ၊ နှစ်ဖက် ပစ်ခတ်မှုများအတွက် အဖြေရှာရန် လိုအပ်သည်ဟု ဆိုလိုက်ပြီး ၁၇ နှစ်ကြာ အပစ် အခတ် ရပ်စဲပြီး ဖြစ်သော်လည်း ငြိမ်းချမ်းရေးပျက်ပြားကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းကို နမူ နာယူကာ KIO က လုပ်ဆောင်ရန်လိုသည်ဟုလည်း ဦးဂမ်အောင်က ပြောသည်။ “ဒီ အပစ်အခတ် ရပ်စဲ ဖို့အတွက် ဘာအချက်တွေလိုလဲ။ ဘာကြောင့် ပစ်ခတ်တာလဲဆိုတာကို အဖြေရှာနိုင်ဖို့အတွက် Plan လုပ် ထားဖို့တော့လိုမယ်။ အဖြေတစ်ခုတော့ လိုတယ်”ဟု ထောက်ပြ ပြောဆိုသည်။ 

အလားတူပင် တစ်နိုင်ငံလုံး လက်မှတ်ရေးထိုးမှုအတွက် ကချင်လူထုက လက်မခံဟု ကချင်နှစ်ခြင်း ခရစ် ယာန် အဖွဲ့ချုပ် KBC ၏ ပြန်ကြားရေးတာဝန်ခံ ဆရာလမာယော်က ပြောသည်။

“ကချင်လူထု အားလုံးက ဒီလက်မှတ်ထိုးပွဲကို ခုချိန်ထိ တစ်ယောက်မှ ထောက်ခံတယ်ဆိုတာ မကြား ရသေးဘူး။ ကျွန်တော်တို့ မြင်တာက ဒီလက်မှတ်ထိုးပွဲက အဓိပ္ပာယ်မရှိဘူး။ လုံးဝလက်မှတ်မထိုးသင့်ဘူး၊ လုံးဝ မထိုးရဘူး။ ဒီကိစ္စကို ကျွန်တော်တို့ နီးစပ်တဲ့ အဖွဲ့တွေနဲ့ ပြောဆိုတဲ့အခါ အားလုံးက လက်မခံဘူး” ဟု ပြောသည်။ 

အလားတူပင် ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင် ဒေါ်ခွန်ဂျာကလည်း နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက် ပြုလုပ် ကာ ယုံကြည်မှုတည်ဆောက်ရန် လိုအပ်နေသေးသည်ဟု ဆိုသည်။ 

“ကချင်မှာက လက်မှတ်ရေးပြီး ပြန်တိုက်တာပဲ၊ အခုအခြေအနေမှာဆိုရင် သူတို့ဘက်က စစ်တပ်တွေ လာ ချထား တယ်၊ တပ်အင်အားတွေ အများကြီး ထပ်တိုးချထားတာရှိတယ်။ တကယ် နိုင်ငံရေးဆွေးနွေးပွဲကို ယုံကြည်မှု အပြည့်နဲ့ဆွေးနွေးချင်တယ်ဆိုရင် ဒီတပ်တွေကို ဖယ်ရှားသင့်တယ်။ ကျွန်မတို့လည်း ယုံ ကြည်မှုအပြည့်ရှိတဲ့ ငြိမ်းချမ်းရေးကိုသေလောက်အောင် လိုချင်တယ်”ဟု ပြောသည်။



သို့သော် ကချင်နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတူးဂျာကမူ တိုင်းရင်းသားအားလုံး ညှိနှိုင်းကာ အဆိုပါ လက်မှတ်ထိုးပွဲသို့ တက်ရောက် လက်မှတ်ထိုးနိုင်အောင် လုပ်ဆောင်သင့်သည်ဟုဆို ကာ အကောင်းဘက်မှ ရှုမြင် လျက်ရှိသည်။ 

“ကျွန်တော့အမြင်ကတော့ ကောင်းတယ်လို့ မြင်တယ်၊ အားလုံး အခိုင်အမာ သဘောတူညီနိုင်မယ် ဆို ရင်တော့ကောင်းပါတယ်။ဒါပေမဲ့ နိုင်ငံရေး ဆက်လက် ဆောင်ရွက်သွားမယ်ဆိုရင်တော့ သဘောကျတယ်။ အားလုံး လက်မှတ် ထိုးနိုင်အောင် ညှိနှိုင်းဆောင်ရွက်လို့ရှိရင်တော့ ကောင်းမယ်” ဟု ပြောသည်။

KIO ၏ အလုပ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးကလည်း KIO လက်မှတ်ထိုးမှု မထိုးမှုသည် အစိုးရ၏ အစီအစဉ်အပေါ်မူတည်ပြီး လတ်တလော ထိုလက်မှတ်ထိုးပွဲသို့ တက်ရောက်မည်၊ မတက် ရောက်ကြောင်း သဘောထား တစ်စုံတရာ မပေးလိုသေးဟု ပြောဆိုထားသည်။ 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ အဖွဲ့ဝင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကလည်း တက်ရောက် မည် မဟုတ်ဟု အောက်တိုဘာ ၂ ရက်တွင် ထုတ်ဖော် ပြောဆိုထားသည်။

သမ္မတဦးသိန်းစိန်၏ အောက်တိုဘာ ၁ ရက် ရေဒီယိုမိန့်ခွန်းတွင်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်များ အခိုင် အမာပေါ်ထွန်းရန် တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မကြာမီ ရေးထိုးနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။ လက်မှတ်ရေးထိုးမှု ပြီးဆုံးပါက နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ကာ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံတစ်ခု ပြုလုပ်သွားမည်ဟု ဆိုထားသည်။ 


0 comments:

Post a Comment