Pages

Tuesday, October 8, 2013

စစ်တွေမှ လူမူရေး လူပ်ရှားသူ ဒေါ်ညိုအေးနှင့် ကိုကျော်ဇောဦးတို့ကို ထောင်ဒဏ် ၃လစီချ


စစ်တွေမြို့ လူထု ဆန္ဒဖေါ်ထုတ်ပွဲကို ဦးဆောင်သူများ အဖြစ်  စွပ်စွဲ တရားစွဲခံရသူ  ဒေါ်ညိုအေးနှင့် ဦးကျော် ဇောဦးတို့ နှစ်ဦးကို  စစ်တွေမြို့နယ် တရားရုံးမှ ယနေ့တွင်ထောင်ဒဏ် (၃) လစီ ပြစ်ဒဏ်ချမှတ်လိုက်သည် ဟု သတင်း ရရှိသည်။
စစ်တွေမြို့နယ် ယာယီတရားသူကြီး ဒေါ်လှမြတ်မွန်က နေ့ လည် ၁၂ နာရီအချိန်တွင် စီရင်ချက်ကို ဖတ် ကြားပြီး ထောင်ဒဏ် (၃) လစီ ချမှတ် လိုက်ကြောင်း ဒေါ်ညိုအေး၏ လုပ်ဖေါ်ကိုင်ဘက် တစ်ဦး ဖြစ်သူ ကို ထွန်းလှိုင်က နိရဉ္စရာသို့ ပြောသည်။

“ ၁၂ နာရီမှာ ထောင်ဒဏ် စီရင်ချက်ကို ချပါတယ်။ ၁၀ မိနစ်အကြာမှာ ထောင်ကို ချက်ချင်း ကားနဲ့ ယူပြီးတော့ ၁၂ နာရီ ၂၀ မှာ ထောင်ဝကိုရောက်ပါ တယ်။ တရားရုံးမှာ သူတို့ အမူ စီရင်ချက်ကို နားထောင်ဖို့ လူတွေကလည်း တဖြည်း ဖြည်း များလာတယ်။ လူတွေများလာမှာကို စိုးရိမ်ပြီးတော့ ၁၂ နာရီမှာ ထောင်ချပြီး တခါတည်း တန်းပြီး ထောင်ကို ပို့ လိုက်တာဖြစ်ပါတယ်” ဟု ဆိုသည်။
သူတို့နှစ်ဦးသည် လူမူရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေကြသူများ ဖြစ်သည်ကို အာဏာ ပိုင်များကသိသိကြီးနှင့် အပြစ်ပေးခြင်းဖြစ်သဖြင့် အယူခံဝင်သွားမည် မဟုတ်ဟု ကိုထွန်းလှိုင်က ဆက်ပြော သည်။

“ သူတို့က ရှေ့နေတောင် မဌားဘူး။ ထောင်ချချင်လည်း ချပေါ့။ ဒီအမူက မတရားတဲ့ အမူ၊ ပေးတဲ့ ပြစ်ဒဏ်ကို သူတို့ခံယူသွားမယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒီစီရင်ချက် အပေါ်မှာ အယူခံ ၀င်သွားဖို့ အစီအစဉ် မရှိပါ” ဟု ၎င်းက ဆိုသည်။

အလာတူး ထောင်ချခံခဲ့ရသည့် တခြားအဖွဲ့တွေဖြစ်ကြသည့် ကျောက်တော်၊ တောင်ကုတ်နှင့် ရသေ့တောင် အဖွဲ့ကလည်း အယူခံဝင်ရန်ကို ငြင်းဆန်ခဲ့ကြသည်။ ဒေါ်ညိုအေးနှင့် ဦးကျော်ဇောဦးအမှုကို အောက်တို ဘာလ (၂) ရက်နေ့က နောက်ဆုံး စစ်ဆေးခဲ့ပြီး  ယနေ့ အောက်တိုဘာ ၈ ရက်နေ့တွင် စီရင်ချက် ချလိုက် ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ဆန္ဒ ဖေါ်ထုတ်လိုသူများသည် သူတို့၏ လိုလားချက်များကို ဆန္ဒဖေါ်ထုတ်ရန်  ခွင့်ပြုချက် တင်သော်လည်း အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ  ခွင့်ပြုချက်ပေးရန် အာဏာပိုင်များက ငြင်းဆိုခဲ့ကြသည်ဟု သိရသည်။ သို့အတွက်  ပြည်သူများက သူတို့ လိုလားချက်များကို ဆန္ဒဖေါ်ထုတ်ခဲ့ရာ ခေါင်းဆောင်ဟု ယူဆသူများကို တရားစွဲကာ  စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ဖြင့်  ထောင်ချခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဆန္ဒဖေါ်ထုတ်၍ ထောင်ချခံရသူ ၂၁ ဦးရှိသွားပြီ ဖြစ်ရာ ဒေါ်ညိုအေးနှင့် ဦးကျော်ဇောဦးတို့သည် အဆိုပါ ၂၁ ဦးထဲတွင် နောက်ဆုံး ထောင်ချခံကြရသူများ ဖြစ်သည်။ တခြား ထောင်ဒဏ် (၃) လစီ ချမှတ်ခံထားရသူများမှာ ကျောက်တော်က ၄ ဦး၊ ရသေ့တောင်က ၂ ဦး၊ တောင် ကုတ်က ၃ ဦးနှင့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းက ၁၀ ဦးတို့ ဖြစ်ကြသည်။
ဒေါ်ညိုအေးနှင့် ဦးကျော်ဇောဦးတို့နှစ်ဦးသည် မတ်လ ၈ ရက်နေ့က စစ်တွေတွင် မွတ်ဆလင် ဒုက္ခ သည်များကို ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေအရ စိစစ်ပြီးမှ လုံးချင်းအိမ်များ ဆောက်ပေးရန် တောင်း ဆိုသော လူထု ဆန္ဒဖေါ် ထုတ်ပွဲကို ခွင့်ပြုချက် မရဘဲ ပြုလုပ်သည်ဟု ဆိုကာ ထောင်ချ ခံရခြင်း ဖြစ်သည်။

 နိရဉ္စရာ 

0 comments:

Post a Comment