Pages

Thursday, October 10, 2013

အမေရိကန်၏ နျူလက်နက်များကို ကြီးကြပ်ရသည့် သေနာပတိ ရာထူးပြုတ်ဖွယ်ရှိ


တင်မ်ဂီရာဒီနာသည် မရိုးသားသော နည်းလမ်းများဖြင့် လောင်းကစားမှု ပြုလုပ်ခဲ့ကြောင်း စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ရာထူးတစ်ဆင့်လျှော့ ခံထားရသလို အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက အလုပ်ပါ ထုတ်ခံရမည်ဟု သိရှိရ

အမေရိကန်၏ နျူကလီးယား လက်နက်များကို ကိုင်တွယ်သည့် တပ်ဖွဲ့များကို ကြီးကြပ်ရသည့် ရေတပ်သေနာပတိ တစ်ဦးသည် ရာထူးမှ ထုတ်ပယ်ခံရမည့် အရေးနှင့် ကြုံနေရပြီ ဖြစ်သည်။ ဒုတိယ သေနာပတိ တင်မ်ဂီရာဒီနာသည် အမေရိကန် မဟာဗျူဟာ ကွပ်ကဲရေးဌာန၏ ဒုတိယအကြီးအကဲ အဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။ ၎င်းသည် မရိုးသားသော နည်းလမ်းများဖြင့် လောင်းကစားမှု ပြုလုပ်ခဲ့ကြောင်း စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ရာထူးတစ်ဆင့်လျှော့ ခံထားရသလို အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက အလုပ်ပါ ထုတ်ခံရမည်ဟု သိရှိရသည်။ ရေတပ်က ဒုတိယ သေနာပတိ ဂီရာဒီနာသည် ကြယ်နှစ်ပွင့် ဗိုလ်ချုပ်အဆင့်သို့ ရာထူးလျှော့ချ ခံရကြောင်းနှင့် စုံစမ်းမှု ရလဒ်ကို အခြေခံကာ အရေးယူမှုများ ပြုလုပ်သွားမည်ဟု အတည်ပြုခဲ့သည်။ ၎င်းသည် အိုင်အိုဝါရှိ ကာစီနိုရုံ တစ်ခုတွင် ငွေကြေးအမြောက်အမြား တန်ဖိုးရှိသည့် တိုကင်ပြား အတုများကို အသုံးပြုကာ လောင်းကစားခဲ့ကြောင်း စွပ်စွဲခံထားရသည်။

ဗုဒ္ဓဟူးနေ့က ရေတပ်၏ ထိပ်တန်း ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သူ နောက်တန်း သေနာပတိ ဂျွန်ကာဘီက ဂီရာဒီနာကို အမေရီကန် မဟာဗျူဟာ ကွပ်ကဲရေးဌာန ဒုတိယအကြီးအကဲ ရာထူးမှ ဖယ်ရှားလိုက်ကြောင်း ကြေညာခဲ့သည်။ ဂီရာဒီနာသည် ရေငုပ်သင်္ဘော အရာရှိ တစ်ဦးအဖြစ် ရေတပ်တွင် စတင်အမှုထမ်းခဲ့သူ ဖြစ်သည်။ စက်တင်ဘာ (၃)ရက်နေ့မှ စတင်ကာ ရာထူးမှ ဆိုင်းငံ့ခံထားရသည့် ဂီရာဒီနာ အနေဖြင့် တိုကင်ပြားအတု မည်၍မည်မျှထိ အသုံးပြုခဲ့ကြောင်းမူ တိတိကျကျ မသိရချေ။ ရေတပ်မှ တာဝန်ရှိသူ တစ်ဦးကမူ အတော်များသော ပမာဏဟု မှတ်ချက်ပေးခဲ့သည်။

ဂီရာဒီနာသည် နီဘရာစကာ အရှေ့ပိုင်းရှိ ၎င်း၏ အခြေစိုက်စခန်းအနီး ကာစီနိုရုံတွင် မရိုးမသား နည်းလမ်းများဖြင့် ကစားခဲ့ကြောင်း စွပ်စွဲခံရခြင်း ဖြစ်သည်။ အမေရိကန် မဟာဗျူဟာ ကွပ်ကဲရေး ဌာနသည် အမေရိကန်၏ မြေပြင်အခြေစိုက် နျူကလီးယား ဒုံးကျည်များမှအစ အစိုးရ၏ စစ်ဘက်သုံး အာကာသ ဂြိုဟ်တုများထိ အရေးပါသော စစ်ရေးကဏ္ဍ အားလုံးကို စီမံအုပ်ချုပ်ရသည်။ ယင်းဌာနသည် နီဘရာစကာ အရှေ့ပိုင်းရှိ အော့ဖ်တက်ဖ် လေတပ်စခန်း အနီးတွင် တည်ရှိသည်။ 

Planet Myanmar Network

0 comments:

Post a Comment