Pages

Tuesday, October 8, 2013

မန္တလေးလူကုံထံများကြား နာမည်ကြီး နိုက်ကလပ်တစ်ခုဝင်ရောက်ဖမ်းဆီး


 မန္တလေးမြို့ရှိ လူကုံထံ အသိုင်းအ၀ိုင်းမှလူငယ်များအကြား နာမည်ကြီးသည့် နိုက်ကလပ်တစ်ခုကို သက် ဆိုင်ရာရဲတပ်ဖွဲ့မှ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ်၊ ရဲ မွန်တောင်ရပ်ကွက်၊ ၃၅ လမ်းနှင့် ပြင်ဦးလွင်ကားလမ်းမထောင့်ရှိ Bar code အမည်ရစားသောက် ဆိုင်တွင် နိုက်ကလပ်ဖွင့်လှစ်ထားကြောင်း သတင်းရရှိသောကြောင့် အောက်တိုဘာ ၅ ရက် ည ၁၁ နာရီအချိန်တွင် ၀င်ရောက်ရှာဖွေ ရာဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နိုက်ကလပ်အခန်းအတွင်း မှ ဒီဂျေစက်တစ်လုံးနှင့် အတူ အသံပိုင်းဆိုင်ရာတွင် အသုံးပြု သည့် အခြားစက်ပစ္စည်းများ၊ ဆိုင် မန်နေဂျာဖြစ်သူနှင့် ၀န်ထမ်း ၁၃ ဦးတို့ကို တွေ့ရှိခဲ့ပြီး Bar Code ဆိုင်အတွင်းရှိ အထူးခန်း တစ်ခန်းတွင်လည်း ကွန်ပျူတာပိုင်းဆိုင်ရာ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လျှပ် စစ်သုံးပစ္စည်းများနှင့် ပရိဘောဂအချို့ကို ထပ်မံ တွေ့ရှိခဲ့ရသောကြောင့် ဆိုင်မန်နေဂျာဖြစ်သူ အမျိုးသား အား မဟာအောင်မြေမြို့မရဲစခန်းမှ ဗီဒီယိုအက် ၃၂/(က)ဖြင့်အမှုဖွင့်ကာ စစ်ဆေးနေသည်။

အဆိုပါ Bar Code နိုက်ကလပ်ကို တရားဝင်ဖွင့်ခွင့်လိုင်စင်ချထားပေးခြင်းမရှိဘဲ နိုက်ကလပ်ဖွင့် နေခြင်းဖြစ်ပြီး နိုက်ကလပ်အ တွက် ၀င်ကြေးမှာ တစ်နှစ်လျှင် ငွေကျပ်ဆယ်သိန်းပေးရသည်။ ယင်းကလပ် သို့ ပိုက်ဆံရှိသည့် လူများသာ အများဆုံးလာလေ့ရှိ ကြောင်း ၀င်ရောက်ဖမ်းဆီးရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဦးစိန်ထွန်းကပြောသည်။

“မန္တလေးမှာ နိုက်ကလပ် မရှိသင့်ဘူးဆိုပြီးသွားဖမ်းတာ။ ကလပ်ကိုလာတဲ့ ဧည့်သည်တွေကိုတော့ မှတ်ပုံ တင်နံပါတ်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ မှတ်တမ်းတင်ဓာတ်ပုံတွေ ယူထားလိုက်ပြီး ပြန်လွှတ်ပေးခဲ့တယ်”ဟုမန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူးက ဆက်လက်ပြောသည်။

Bar Code နိုက်ကလပ်အား တရားမ၀င် ဖွင့်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း ယခုမှ ဖမ်းဆီးခြင်းဖြစ်ပြီး ကျောင်းသား လူငယ်များအကြားတွင်လည်း နာမည်ကြီးနိုက်ကလပ်တစ်ခု အဖြစ်ကျော်ကြားကြောင်း ပုဂ္ဂလိ က ကျောင်းတစ်ကျောင်းမှ ဆရာ တစ်ဦးကပြောသည်။

“ဒီဟာဖွင့်တာနဲ့ ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့တို့၊ အုပ်ချုပ်ရေးရုံးတို့က သိကိုသိရမှာ။ တစ်မြို့လုံးနီးပါးကတောင်သိနေပြီ။ သူတို့က ခုမှသိပြီး ဖမ်းတယ်ဆိုတာတော့ မဟုတ်သေးဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

မန္တလေးမြို့တွင်းတွင် ဒေးကလပ်နှင့် နိုက်ကလပ်များ ဖွင့်လှစ်ခြင်းကို ခွင့်ပြုထားခြင်း မရှိကြောင်း မန္တလေး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက သတ္တမအကြိမ် ကျင်းပ သည့် လွှတ်တော်တွင် ပြောကြားထား သည်။

Credit > 7Day News Journal

0 comments:

Post a Comment