အကျဉ်းထောင်တွင်း ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကော့သောင်း အကျဉ်းထောင်ရှိ အကျဉ်းသား များနှင့် ၎င်းတို့၏ မိသားစုဝင်များ တွေ့ဆုံခွင့်ကို ပိတ်ပင်ထားခဲ့ပြီး သုံးပတ်အကြာ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ ထောင်ဝင်စာ တွေ့ခွင့်ကို ပြန်လည် ခွင့်ပြုခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
အကျဉ်းထောင်အတွင်း အခြေအနေ ပြန်လည် တည်ငြိမ်လာခြင်းကြောင့် ယင်းကဲ့သို့ ပြန်လည် ခွင့်ပြုခြင်း ဖြစ်ပြီး အကျဉ်းထောင် လက်စွဲ အက်ဥပဒေနှင့်အညီ နှစ်ပတ်လျှင်တစ်ကြိမ် ထောင်ဝင်စာ တွေ့ခွင့်ပြု ထား ကြောင်း၊ အကျဉ်းသားအတွက် အစားအသောက်နှင့် ပစ္စည်းများ ပို့ဆောင်ရာတွင် နှစ်ပတ်စာအထိသာ ခွင့်ပြုထားပြီး ပိုသည့် ပစ္စည်းများကို ပြန်လည် ယူဆောင်သွားစေကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးမှူး ဦးအေးသွင်က The Voice သို့ ပြောကြားသည်။
“အကျဉ်းသားရဲ့ နှစ်ပတ်စာ စားနိုင်တဲ့ အတိုင်းအတာ ကျော်နေရင်တော့ ပိုတာတွေကို ပြန်ယူ သွားခိုင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းတွေများလွန်းရင် ထောင်မှာထားဖို့လည်း အဆင်မပြေဘူး၊ ပစ္စည်းတွေကို စစ်ဆေးရတာလည်း အားလုံးပြီးဖို့က အချိန်မလောက်ဘူး၊ အဲဒါကြောင့်ပါ” ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ ကန့်သတ်လိုက်ခြင်းမှာ ကော့သောင်း အကျဉ်းထောင်သည် စည်းကမ်းမဲ့ ဖြစ်နေသည်ဟု အာ ဏာပိုင် အသိုင်းအဝိုင်းတွင် သတင်းများ ထွက်ပေါ်နေခြင်းများကြောင့် အကျဉ်းထောင်လက်စွဲ ဥပဒေနှင့် အညီ စည်းကမ်း တင်းကျပ်လိုက်ခြင်းဟု ယူဆကြောင်း၊ သို့သော် ယခင်က အကျဉ်းထောင် အတွင်းသို့ ပစ္စည်းများ အကန့်အသတ်မဲ့ ပို့ဆောင်ခွင့် ရရှိခဲ့သဖြင့် ယခုကဲ့သို့ နှစ်ပတ်စာသာ ပို့ဆောင်ခွင့် ပြုခြင်းအပေါ် အကျဉ်းသားများ၏ မိသားစုဝင်များက ကျေနပ်မှုမရှိ ဖြစ်နေကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။
“အရင်ကဆို ဟင်းသီးဟင်းရွက်တွေ အစိမ်းတွေပါ ပို့လို့ရခဲ့တယ်။ တစ်ရက် တစ်ကြိမ်လည်း ထောင်ဝင်စာ တွေ့ခွင့်ရတယ်။ တချို့ဆို တစ်ရက်တည်းမှာ နှစ်ခါတောင် တွေ့ခွင့်ရခဲ့တယ်” ဟု ကော့သောင်းမြို့မှ ကျူရှင် ဆရာတစ်ဦးက ဆိုသည်။
ဥပဒေအရ အကျဉ်းထောင်အတွင်း ပစ္စည်းများ ပေးပို့ရာတွင် မူးယစ်ဆေးဝါး၊ လက်နက်နှင့် ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များကို ပို့ဆောင်ခွင့် မရှိသော်လည်း၊ စစ်ဆေးရာတွင် အချိန်လုံလောက်မှု မရှိခြင်းကို အကြောင်းပြကာ ရက်အကန့်အသတ်နှင့် ခွင့်ပြုခြင်းမျိုး အကျဉ်းထောင် လက်စွဲဥပဒေတွင် မပါရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးမြင့်အောင်က ဆိုသည်။
ကော့သောင်း အကျဉ်းထောင်တွင် စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကျဉ်းထောင်တွင်း ဆူပူဆန္ဒပြမှုများကြောင့် လုံခြုံရေး ဝန်ထမ်းများက ပစ်ခတ်နှိမ်နင်း၍ လူတစ်ဦး ပွဲချင်းပြီးသေဆုံးကာ လူခုနစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရာ စက်တင်ဘာ ၁၇ ရက်နေ့တွင် အခြားတစ်ဦးမှာ ဆေးရုံတွင် ကွယ်လွန် ခဲ့သည်။
ယင်းနောက် ထောင်ဝင်စာ တွေ့ခွင့်ကို ပိတ်ပင်ထားခဲ့သလို စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် အကျဉ်းသား ၁၂၀ ကို မော်လမြိုင် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိတွင် အကျဉ်းသား ၅၀၀ ကျော် ကျန်ရှိကြောင်း အကျဉ်းဦးစီဌာနထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly
0 comments:
Post a Comment