Pages
Monday, September 30, 2013
ခင်ဝင့်ဝါရဲ့ လျော်ကြေး တချို့ကိုလှူမယ့် ဂျွန်လွင်နဲ့ စကားစမြည်
Star & Model Agency နဲ့ စာချုပ်ချုပ်ဆိုထားတာကို ဖျက်သိမ်းပေးဖို့ လျော်ကြေး အနေနဲ့ Miss Supranational ပြိုင်ပွဲမှာ မြန်မာ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ခင်ဝင့်ဝါက လျော်ကြေး ကျပ်သိန်း ၃၀ ပေးခဲ့တဲ့ အတွက် အေဂျင်စီရဲ့ ဦးဆောင်သူ ဂျွန်လွင်က ဒီငွေထဲက တချို့ကို လှူပြီး ကျန်တာနဲ့ ဖိနပ်ကောင်းကောင်း ဝယ်စီးမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ပုပ္ပါးမှာ ရေကန်ပြင်မယ်လို့ ခင်ဝင့်ဝါဦးလေး ရန်ကုန် ဦးဝင်းလှိုင်က ဟြေလို့ ကျနော်က သူ့ကို ခင်ဗျားတူမ လျော်ထားတဲ့ ငွေ သိန်းသုံးဆယ်ထဲက ခင်ဗျားကို ငါးသိန်းလှူတယ် ဆိုပြီး ရေကန်ပြင်ဖို့ ကျနော်လှူခဲ့တယ်။ ၂၅ သိန်း ကျန်တယ်။ ဘန်ကောက် မှာ ဖိနပ် မှာထားတယ်၊ ၂၈ ရက်နေ့ ဘန်ကောက်ကို ရောက်မယ်။ အဲဒီမှာ သွားယူမယ်။ ဖိနပ်က ၂၈ သိန်း တန်တယ်” လို့ ဂျွန်လွင်က ဆိုပါတယ်။
ခင်ဝင့်ဝါဟာ ဂျွန်လွင်နဲ့ စာချုပ်ရှိထားပေမယ့် တဘက် ကုမ္ပဏီနဲ့ တနှစ်စာ ကျပ်သိန်းတထောင် စာချုပ် ထပ်ချုပ်ခဲ့တာကြောင့် ဂျွန်လွင့်ထံကို ခင်ဝင့်ဝါရဲ့ အဒေါ်က ခင်ဝင့်ဝါ ကိုယ်စား လျော်ကြေး ကျပ် သိန်းသုံး ဆယ် ပြန်လျော် ပေးခဲ့တာလို့ သိရပါတယ်။
“ကျနော်တို့ဆီမှာ အေဂျင်စီ စာချုပ်ရှိတယ်။ ခင်ဝင့်ဝါရဲ့ အဒေါ်က ရောက်လာတယ်၊ ဟိုဘက်က ကုမ္ပဏီက ကျမတို့ကို သိန်းတထောင်နဲ့ ချုပ်ထားပါတယ်တဲ့၊ အဲဒါကြောင့် သိန်းတထောင်နဲ့ ချုပ်ထားတော့ကျမတို့က သိန်းတထောင် ဟိုဘက်ကို မလျော်နိုင်င်ပါဘူးတဲ့၊ စော်ကားတယ်လည်း မထင်ပါနဲ့ သိန်းသုံးဆယ်ကို လက်ခံပြီးတော့ စာချုပ်ကို ပယ်ဖျက်ပေးပါဆိုတော့ ကျနော်က ဘာဟြေရမှာလဲ။ ခင်ဝင့်ဝါက အဲဒါကို အင်တာဗျူးတွေထဲမှာ ဟြေတာက ကောလာဟလပါလို့ ဆိုတော့ အဲဒါကို ကျနော်က ဘာလုပ်ရမှာလဲ။ ကျနော့်အတွက်ကတော့ သိန်းသုံးဆယ်လည်း ရတယ်၊ သူက ကျနော်နဲ့ လက်မတွဲချင်လို့ သူ့အဒေါ်က လာပြီးလျော်တယ်၊ ဒါကြောင့် ကျနော့်အနေနဲ့ကျေနပ်တယ်၊ ကျေနပ်တော့ သူ့အလုပ်သူဆက်လုပ်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင်က ဧရာဝတီကို ရှင်းပြပါတယ်။
သူ့သင်တန်းမှာတော့ သင်တန်းတက်တဲ့ သူတွေ စည်းစနစ်ရှိအောင် အေဂျင်စီ စာချုပ်နဲ့ ချုပ်ထားတယ်၊ သင်တန်းဆင်းတဲ့ နေ့မှာ မော်ဒယ်လ် တယောက်ကို သဘောကျတယ်ဆိုရင် အဲဒီမော်ဒယ်လ်နဲ့ စာချုပ်ချုပ် တယ်လို့ သိရပါတယ်။
“ကျနော့်တို့ဆီမှာ သင်တန်းတက်တဲ့ သူတွေလည်း ကျနော့်သင်တန်းက စည်းကမ်းတွေ၊ အချက် အလက်တွေကို သိတာမှ Clearly ပါပဲ၊ ကျနော်စာချုပ်ချုပ်ကတည်းက သူတို့ဆီက လျော်ကြေး လိုချင်လို့လည်း မဟုတ်ဘူး၊ ကျနော်တို့ ပွဲတပွဲလုပ်ရင် စည်းနဲ့ဘောင်နဲ့ လုပ်လို့ရအောင်၊ လူတွေခေါ်ရင် စည်းကမ်းရှိအောင်၊ စည်းနဲ့ဘောင်နဲ့ စာချုပ်ချုပ်မှသူတို့က ကြောက်မှာလေ၊ မဟုတ်ရင် သူတို့က လာချင်လာမယ်၊ မလာချင်မလာဘူး၊ ကျမ ဒီနေ့မနက် မအားပါဘူးလို့ လုပ်ချလိုက်ရင် ကျနော်က ဘယ်လို အလုပ်လုပ်ရမှာလဲ။ သူ့အိမ်ရှေ့မှာ သွားအော်ဆဲရမှာလား။ အဲဒါကြောင့် စည်းနဲ့ဘောင်နဲ့ လုပ်ထားတာပါ” လို့ ဂျွန်လွင်က ဆက်ပြောပါတယ်။
သူ့ရဲ့ အေဂျင်စီသက်တမ်း တလျှောက်လုံးမှာ ချောရတနာက လျော်ဖူးကြောင်း၊ နောက်ပိုင်းမှာ ချောရ တနာက သူတို့နဲ့ ဆက်လက် လက်တွဲကြောင်း၊ ချောရတနာရဲ့ ညီမ သန္တာဗိုလ်ကလည်း သူတို့ အေဂျင် စီမှာပဲ အလုပ်လုပ်ကြောင်း သူက ဆိုပါတယ်။
“အခု နောက်တယောက် လျော်တာက ခင်ဝင့်ဝါပေါ့နော်။ ဒါပေမယ့် ကျနော့်အနေနဲ့ ဘာမှခံစားချက်မရှိဘူး၊ ဘာလို့လဲ ဆိုတော့ ကျနော်နဲ့ ပြဿနာဖြစ်တဲ့ မော်ဒယ်လ် တော်တော်များများက ကျနော့်ကို လာတောင်း ပန်လိုက်တယ် ဆိုရင် ကျနော်က ဘာမှ အရေးယူခြင်းလည်းမရှိဘူး၊ အခု သူတို့က ကျမတို့ဟိုဘက်ကို သိန်းတထောင် မလျော်နိုင်ပါဘူး၊ ကျနော့်ရဲ့ သိန်းသုံးဆယ်ကတော့ ပေါလို့ပေါ့နော်၊ ရှင်းရှင်းလင်းလင်း ဟြေ ရရင် ပေါတဲ့အတွက် လာလျော်နိုင်တယ် ဆိုတော့ ဒါကို ကျနော် လက်ခံရမယ်လေ။ ဒါကိုကျနော်က လျော် ခွင့် မပေးနိုင်ဘူး၊ ငါနဲ့ပဲ ဆက်လုပ်ပါဆိုပြီး ဒူးထောက် တောင်းပန် ရအောင်လည်း အကြောင်းမရှိဘူး။ ဘာ လို့လဲဆိုတော့ ကျနော့် အေဂျင်စီက မြန်မာနိုင်ငံမှာတင် မကဘူး၊ ကမ္ဘာကပါ သိထားတဲ့ အေဂျင်စီ ဖြစ်နေ တဲ့ အတွက်ကြောင့် ကျနော်တို့က ဘယ်သူ့ကိုမှလည်း တောင်းပန်မှာ မဟုတ်ဘူး။ လုပ်ချင်ရင် ပွင့်ပွင့် လင်းလင်း လာလုပ်လို့ရတယ်၊ ထွက်ချင်ရင်လည်း ပွင့်ပွင့်လင်းလင်း ထွက်လို့ရတယ်။ ဒါပေမယ့် ကျနော်တို့ ကုမ္ပဏီသည် ဘုရားလည်း မဟုတ်သလို၊ ဇရပ်လည်း မဟုတ်တဲ့အတွက် ၀င်ချင်တဲ့အချိန်ဝင်ပြီး ထွက်ချင် တဲ့အချိန် ထွက်လို့မရဘူး။ ရွှေတိဂုံဘုရား တောင်မှပဲ သတ်မှတ်တဲ့ အချိန်မှာပဲ ၀င်လို့ရသလို၊ သတ်မှတ် တဲ့အချိန်မှာပဲ ထွက်ပေးရတယ်။ ဒါကြောင့် စည်းနဲ့ဘောင်နဲ့ ကတော့ အမြဲတမ်း ရှိနေရမယ်” လို့ ဂျွန်လွင်က ဟြေပါတယ်။
သူ့ရဲ့ အေဂျင်စီမှာ မင်းသားမင်းသမီး အများစု စာချုပ်နဲ့ အလုပ်လုပ်ခဲ့ပေမယ့် ပြဿနာ မရှိခဲ့ဘူး၊ အောင်ရဲလင်း၊ မြင့်မြတ်၊ ရွှေမှုံရတီ စတဲ့ နာမည်ရ အောင်မြင်တဲ့ သူတွေအပြင် Miss Now How ရထားတဲ့ နှင်းယမုံဦးလည်း Star & Model Agency နဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။
ခင်ဝင့်ဝါ အလှည့်ကျမှ စိတ်အနှောင့်အယှက် အနည်းငယ် ဖြစ်ရတယ်လို့ ဂျွန်လွင်က ဆိုပါတယ်။
“ဒါပေမယ့် သူက ကျနော့်ဘ၀မှာ သေးမွှားတဲ့ အမှုန်လေးတခုလို့ပဲ ကျနော်မြင်တယ်၊ ပိုက်ဆံ သိန်းသုံးဆယ် လာလျော်တယ်၊ထွက်တယ်၊ ကျနော့်အနေနဲ့ မြင်တာက သူ့အဒေါ် ဟြေတဲ့စကားကတော့ ကျမတို့က သိန်းတထောင်တော့ မလျော်နိုင်ဘူး၊ ဒီလူနဲ့တော့ တနှစ် လက်တွဲရမယ်၊ တနှစ်ပြည့်ရင် ကျမတူမကို လက် ဆွဲပြီး ပြန်လာပါ့မယ်တဲ့။ ကျနော်ကတော့ အစ်မ ပြန်လာချင်လည်းလာ၊ ကြိုက်တဲ့အချိန် ပြန်လာလို့ရတယ်။ အလုပ်ကတော့ အနုပညာ ခွင်ထဲမှာ အစ်မတို့နဲ့ ကျနော်တို့ တွေ့နေကြဦးမှာပဲ၊ ဘာမှပြဿနာမရှိဘူး၊ ဟိုဘက်ကနေ အင်တာဗျူးထဲမှာ ဖြေထားတာက ကျနော်တို့က အဲဒီလိုတွေ စာအချုပ် ချုပ်မထားပါဘူး ဆိုပြီး ဟြေတာကို စာနယ်ဇင်းသမားတွေက အဲဒါကို လက်ခံတယ်ဆိုတော့ စာနယ်ဇင်းတွေက စာချုပ်ကို တောင်းမကြည့်ဘူးလား၊ ဘာလို့ တောင်းမကြည့်ဘဲ ဒီဟာကို ဒီအတိုင်းရေးတာလဲ၊ သူတို့ဟြေတာကိုပဲ ယုံမှာလား” လို့ သူက ဆက်ဟြေပါတယ်။
သူ့အေဂျင်စီကနေ သင်တန်းဆင်းတာနဲ့ အလုပ်လုပ်ချင်ရင် စာချုပ်ချုပ်ရမယ်၊ စာချုပ်မချုပ်ရင်တော့ အလုပ်မလုပ်ဘူးလို့လည်း သင်တန်းစည်းကမ်းနဲ့ အလုပ်စည်းကမ်းကို သူက ရှင်းပြပါတယ်။
“ဥပမာ Forever Wedding Studio ကနေ ကျနော်တို့နဲ့ ပွဲလုပ်မယ်။ အဲဒီမှာ သူတင်လာတဲ့သူတွေ ရှိတယ်၊ အဲဒီလူတွေက ကျနော်နဲ့ အလုပ်မလုပ်ထားဘူး၊ အဆက်အစပ်လည်း မရှိဘူး၊ စာချုပ်လည်း မရှိတဲ့အတွက် ကျနော်လည်း မလုပ်ပါဘူး။ ကုမ္ပဏီက မကျေနပ်ရင် မလုပ်နဲ့၊ ဂျွန်လွင်ကလည်း ပွဲကို အပ်ပါဆိုပြီးတော့ မနက်မိုးလင်းတာနဲ့ ထိုင်ဖုန်းဆက်ပြီး Marketing ဆင်းနေတဲ့သူထဲမှာ မပါဘူး။ ကျေနပ်ရင်အပ်၊ မကျေနပ်ရင် မအပ်နဲ့၊ ကုမ္ပဏီက ပိုက်ဆံပေးတာ မှန်တယ်။ ဂျွန်လွင်က ကိုယ်လုပ်ချင်တဲ့ သူနဲ့ လုပ်မယ်။ မကျေနပ်ရင် လာမအပ်နဲ့၊ ကျနော်လည်း စိတ်မ၀င်စားဘူး” လို့ သူက ဆက်ဟြေပါတယ်။
သူ့အေဂျင်စီကို ချောရတနာ လာလျော်စဉ်ကလည်း သုံးသိန်းကို လူမှုရေး ကိစ္စတခုအတွက် လှူလိုက်တဲ့ အကြောင်း ဂျွန်လွင်က ပြောပြပါတယ်။
“FMI Center မှာ ချောရတနာရယ်၊ ကျနော်ရယ်၊ ဦးမြတ်ခိုင်ရယ် သုံးယောက်တိုင်ပင်ပြီးတော့ လှူလိုက် တယ်။ အခုတော့ လှူချင်လည်း လှူမယ်၊ မလှူချင်လည်း မလှူဘူး။ ဒါကျနော့်ပိုက်ဆံ ဖြစ်သွားပြီလေ။ ကျနော့်မှာ ခါးပတ်တွေကလည်း အများကြီးပဲ၊ အိတ်တွေလည်း ပုံပေါနေတယ်၊ ဒါပေမယ့် ဖိနပ်က ကောင်း ကောင်း မရှိသေးဘူး၊ ဖိနပ်က ဟောင်းနေတဲ့ အတွက်ကြောင့် ဖိနပ်အသစ် မှာလိုက်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင်က ဧရာဝတီရဲ့ မေးမြန်းချက်တွေကို ဖြေကြားပေးခဲ့ပါတယ်။
အစိုးရ ငြိမ်းချမ်းရေး ကော်မီတီ သဘောထားကြောင့် TNLA တွေ့ဆုံရန်မရှိသေး
အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခြင်း မပြုပါက ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့နှင့် နောက်ထပ် ပြန်လည် တွေ့ဆုံနိုင်မည် မဟုတ်ကြောင်း ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အရာရှိ တဦးကပြန်ကြား ထားခဲ့သည်ဟု ပြောခွင့်ရ အတွင်းရေးမှူး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော် က ဆိုပါသည်။ 
“ ဒီစကားကတော့ စက်တင်ဘာလ (၈) ရက်နေ့မှာ  UNFC နဲ့ ဦးအောင်မင်း တို့တွေ့တုန်းက MPC က ဦးလှမောင်ရွှေ ပြောလိုက်တဲ့ စကားပါ။  လက်မှတ် မထိုးဘူး ဆိုရင် ပြန်တွေ့ဖို့ မရှိဘူးလို့ ကျနော်တို့ရဲ့ UNFC ကိုယ်စားလှယ်တွေ ကို အဲဒီလို ပြောလိုက်တာ” ဟု ဆိုသည်။
ထိုကဲ့သို့ သဘောထားသည့်အပြင် အပစ်အခတ် ရပ်စဲရန် ယုံကြည်မှုလည်း မတည်ဆောက်ခဲ့ဟုဆိုပါ သည်။ အစိုးရ တပ်ဖွဲ့များသည် တအာင်း လွတ်မြောက်ရေး တ်ပမတော် TNLF ကို ယနေ့ အထိ စစ်ဆင်နေ ခဲ့ပါသည်။ ဤကဲ့သို့ တိုက်ပွဲ ဖြစ်နေသမျှ TNLA ထပ်တွေ့စရာ အကြောင်း မရှိသေးဟု တာဘုန်းကျော်က ဆိုပါသည်။
သို့သော် ဦးအောင်မင်းသည်  လက်နက်ကိုင် အဖွဲ့ (၁၆) ဖွဲ့အနက် (၁၄)ဖွဲ့နှင့် အပစ် ရပ်နိုင်ခဲ့ကြောင်း၊ ကျန်သည့် KIA နှင့် TNLA တို့ကိုလည်း မကြာခင်အပစ်ရပ်ရန် ဆက်လက် ဆောင်ရွက်မည်ဟု ယမာန်နေ့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး စင်တာ ရုံးအတွင်း၌ ကျင်းပသည့် (၅၈) ဦးကိုယ်စားလှယ်များ တက်ရောက်သည့် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ ပြောကြား ခဲ့ပါသည်။
TNLA ဖက်ကမူ အကယ်၍ အစိုးရ တပ်ဖွဲ့များ ဖက်မှ တိုက်ပွဲ လျော့ချရေးကို မဆောင်ရွက်ပါက ဆက်လက် ဆွေးနွေး ညှိ နှိုင်းမှု မပြုလုပ်နိုင်သလို အပစ်ရပ်ရေး လက်မှတ် ထိုးပွဲလည်း ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ဟု ဒုတိယ ဗိုလ်မှူးကြီးတာ ဘုန်းကျော်ကဆိုပါသည်။
ဤသို့ကြောင့် TNLA သည် ၄င်းတို့ ဒေသရှိ ရှမ်းပြည်မြောက်ပိုင်းမှ အစိုးရ လှုပ်ရှား တပ်ဖွဲ့များအား ၄င်းတို့၏ မူလတပ် တည်နေရာသို့ပြန်လည် ရုတ်သိမ်းပေးခြင်းအားဖြင့် တိုက်ပွဲလျှော့ချမှုကို ပြသရာ ရောက်သည်ဟု တောင်းဆိုခဲ့ပါ သည်။
ဦးလှမောင်ရွှေ ပြောကြား ခဲ့သော စကားရပ် အတိုင်း ဖြစ်ပါက TNLA အနေဖြင့် အစိုးရနှင့် တွေ့ဆုံရန် အစီ အစဉ် မရှိသေး ဟုTNLA ဖက်မှ ဆိုနေခြင်းဖြစ်ပါသည်။ သို့သော် ဦးအောင်မင်း အနေဖြင့် ဆက်လက် ကြိုးပမ်းရန် ရှိနေသည်ဟု ဆိုနေ ခြင်းသည် TNLA နှင့်ပြေလည်စေရန် တိုက်ပွဲများ လျှော့ချ လာနိုင်ဖွယ် ရှိလာမလား စောင့်ကြည့်ရန်သာ ရှိပါသည်။
TNLA နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီတို့သည် အပစ် ရပ်ရေး အတွက် ပြီးခဲ့သည့် ဇူလိုင်လ အကုန်ပိုင်းတွင် ရှမ်းပြည်နယ် မူဆယ်မြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြ ပါသည်။ ယင်းဆွေးနွေးပွဲတွင်  နောက် တစ်ကြိမ် တွေ့ဆုံဆွေးနွေးသည့် အခါ စစ်မှန်သည့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ဖြစ်ပြီး ဤ အဆင့် ရရှိရေးအတွက် နှစ်ဖက် လက်နက်ကိုင် ပဋိပက္ခ တိုက်ပွဲများ လျော့ချနိုင်ရေးနှင့်နှစ် ဖက်ဆက်သွယ်ရေးများ ထားရှိရန် သဘော တူထား ခြဲ့ကပါသည်။
ရွှေဟင်္သာ
KIA နှင့် အစိုးရတို့ ရရှိထားသည့် သဘော တူညီချက်များ ပြန်လည် သုံးသပ်ရန်ရှိ
လာမည့် အောက်တိုဘာ ပထမ အပါတ်တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကိုယ်စားလှယ်များ သည် အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ အဖွဲ့နှင့် ရရှိထားသည့် သဘော တူညီချက်များ ပြန်လည် သုံးသပ်ကြရန် အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဒုတိယ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေး ကြရန် ရှိ သည်ဟု ပြောရေးဆိုခွင့်ရှိသူ KIA နည်းပညာ အဖွဲ့၏ ပြန်ကြားရေး အရာရှိ ဆရာ ဒေါင်းခါးက ဆိုပါသည်။
“ ကျနော်တို့ ကတော့ ပြီးခဲ့တဲ့ မေလ (၃၀) ရက်နေ့က သဘော တူထားတဲ့ အချက်တွေကို ပြန်လည် သုံး သပ်မယ်။ ပြီး တော့ ရှေ့ဆက် ဘယ်လို သွားမလဲ အပေါ်မှာ တင်ပြကြမှာ ဖြစ်တယ်။ အစိုးရ ဖက်ကတော့ ပြည်ထောင်စု အဆင့် ဆွေး နွေးပွဲလို့ ပြောနေတာကတော့ သူတို့ကိစ္စပါ။ ကျနော်တို့ကတော့ မေ(၃၀)ရဲ့ ဒုတိယ အကြိမ် ပြန်လည် သုံးသပ်တဲ့ ဆွေး နွေးပွဲ သဘောဘဲ သတ်မှတ်ပါတယ်” ဟု ဆိုပါသည်။
လာမည့် အောက်ဘိုဘာ (၈၊၉၊၁၀) ရက်နေ့တွင် ဆွေးနွေးကြမည် ဖြစ်သည်ဟု သဘော တူထားပါသည်။ အစိုးရတပ်ဖွဲ့ များသည် KIA အားစစ်ဆင်မှု  လျှော့ကျ သွားခဲ့သော်လည်း KIA တပ်မဟာ (၃) နှင့် တပ်မဟာ (၄)တွင် နေ့စဉ်နှင့် အမျှ အစိုးရတပ်များက လာရောက် တိုက်ခိုက် နေသဖြင့် ကြိုကြား တိုက်ပွဲ များ ဖြစ်ပွားနေခဲ့သည်ဟု ဆိုပါသည်။
တချို့တိုက်ပွဲ များသည် အစိုးရ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လုံခြုံရေးနှင့် ပါတ်သက် နေလိမ့်မည် ဖြစ် ကြောင်း၊ အထူးသဖြင့် တပ်မဟာ (၄) နယ်မြေတွင် အစိုးရ ဂက်စ်ပိုက်လိုင်း လုံခြုံရေး နယ်မြေ ဖြစ်နေ သည်ဟု တွက်ဆ ရကြောင်း KIA အရာရှိက ဆိုပါသည်။
ဤသို့ကြောင့် အဆိုပါပြသနာများကို ပြန်လည်သုံးသပ်ပြီး ဖြေရှင်းသွားရန်နှင့် ရှေ့ဆက်အစီစဉ်များကို ဆွေး နွေးကြ ရန်ဖြစ်ပါသည်။ အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းကမူ   အပစ်အခတ် ရပ်စဲရန် ရှိသည့် လက်နက် ကိုင် အဖွဲ့အစည်း (၁၆) ဖွဲ့ အနက် (၁၄) ဖွဲ့နှင့် ၄င်းတို့ အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ နောက်နှစ် ဖွဲ့ဖြစ်သည့် ပလောင်နှင့် KIA တို့အား အပစ်အခတ် ရပ်စဲရန် ပြည်ထောင်စု အဆင့်ဖြင့် ကြိုးစား သွားမည် ဖြစ်ကြောင်း ယမာန်နေ့ ငြိမ်းချမ်းရေး စင်တာ ၌ကျင်းပခဲ့သော နိုင်ငံရေး ပါတီ (၃၇) ဖွဲ့ မှ ကိုယ်စားလှယ် (၆၈) ဦး တက်ရောက်သော ရှင်းလင်းပွဲတွင် ပြောကြား သွားခဲ့ပါသည်။
KIA ဖက်ကမူ ဆက်ဆံရေးရုံး ထားရှိရေးကို ယင်းဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးသွားမည် ဖြစ်သည်။ KIA နှင့် အစိုးရတို့ ပြန်လည် သုံးသပ် ကြမည့် ငြိမ်းချမ်းရေး သဘော တူညီချက် ၇ ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁)-နိုင်ငံတော် အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်ရန် သဘော တူသည်။
(၂)-နှစ်ဖက် တပ်ဖွဲ့များမှ ပစ်ခတ် တိုက်ခိုက်မှုများ လျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်း သိမ်းခြင်း တို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။
(၃)-နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘော တူသည်။
(၄)-နယ်မြေ လုံခြုံရေး အရ နေရပ် စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည် ထူ ထောင်ရေး ကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။
(၅)-တပ်ပိုင်းဆိုင်ရာ တပ်နေရာ ချထားမှုများနှင့် ပတ်သက်ပြီး ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ရန် သဘော တူသည်။
(၆)-လိုအပ်သော လုပ်ငန်းစဉ်များကို ညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို မြစ်ကြီး နားမြို့တွင် ထားရှိသွားရန် သဘောတူသည်။
(၇)-နောက်တကြိမ် ဆွေးနွေးပွဲတွင် ယခု အကြိမ်  တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည် တက်ရောက်ရန် သဘော တူညီသည်။ အခြား ဖိတ်ကြား လိုသော အဖွဲ့များ ရှိပါက နှစ်ဖက် ညှိုနှိုင်း ဆောင်ရွက်သွားရန် သဘော တူညီကြပါသည်။
အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် တိုင်းရင်းသား အခွင့်အရေးများ ပြသနာကို ဖြေရှင်းရာ၌KIA သည်  အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲထက် နိုင်ငံရေး အရ ဆွေးနွေးမှု ပြေလည်စေသည့် နည်းဖြင့် အဖြေ ရှာရန် သဘောထားပြီး၊ အစိုးရသည် အပစ်အခတ် ရပ်စဲ လက်မှတ် ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးရန် သဘောထားခဲ့ပါသည်။
KIA သည် အစိုးရ အဆိုပြု သလို ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့ပါသည်။ သို့သော် အစိုးရ သည် KIA တပ်များ နယ်ခြား စောင့်တပ် အသွင်ပြောင်းခိုင်းရေး ဖိအားဖြင့် ၂၀၁၁ ခုနှစ် ဇွန်လတွင် စတင် တိုက်ခိုက် လာရာမှ အစိုးရသည် အပစ်အခတ် ရပ်စဲရေးကို ဖျက်ဆီး ခဲ့ပြီးဖြစ်ပါသည်။
ရွှေဟင်္သာ 
ထားဝယ်စီမံကိန်းတွင် ခေတ်မီနည်းပညာသုံးသော်လည်း ဒေသခံများ၏ လူမှုဘဝကို ပြန်လည်မဆန်းစစ်နိုင်ပါက ရပ်ထားသင့်ဟုဆို
 ထား ဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ကို မည်သည့်တိုင်းပြည်မှ မည် သည့်ကောင်းသည့်နည်းပညာ သုံးသုံး ဒေသခံများ၏ လက်ရှိလူမှု ဘဝကို ပြန်လည်ဆန်းစစ်ခြင်းမ လုပ်နိုင်ပါက ရှေ့ဆက်မလုပ်ဘဲ ရပ်ဆိုင်း ထားသင့်ကြောင်း ထား ဝယ်အမျိုးသမီးသမဂ္ဂ (TWU)မှ ထုတ်ဖော်ပြောကြားလိုက်သည်။ ရန်ကုန်မြို့ National YMCA တွင် ထားဝယ်အမျိုးသမီး သမဂ္ဂ( TWU)မှ ထုတ်ဝေဖြန့်ချိ သည့် ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းနှင့် ဒေသခံများ၏ဆန္ဒ မှတ်တမ်းဗီဒီယိုဖြန့်ချိပွဲတွင် ယခု ကဲ့သို့ထုတ်ဖော်ပြောကြားလိုက် ခြင်းဖြစ်သည်။
ထားဝယ်အမျိုးသမီးသမဂ္ဂ မှ ဒေါ်စုစုဆွေက ''ဒီစီမံကိန်း ကြောင့် မြေယာလျော်ကြေးငွေ ကျပ်သိန်း ၁ဝဝ ရလဲ ဘယ်နှလ ခံမှာလဲ။ တစ်သက်စားလို့မကုန် တဲ့မြေတွေ ဆုံးတယ်။ လက်တွေ့ မှာ နစ်နာတယ်။ အလုပ် မရှိကြ တော့ အရွယ်စုံ ထိုင်းကိုသွားပြီး အလုပ်လုပ်ကြရတယ်။ ကျန်တာဆို သက်ကြီးရွယ်အိုတွေပဲရှိတယ်။ ဒီစီမံကိန်းက သူတို့တွေ မဖိတ်ခေါ်ဘူး။ အားမပေးဘူး။ တကယ်ကော ဒီစီမံကိန်းက ဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်းလားလို့ မေးခွန်းထုတ်ချင်တယ်။ စီမံခန့်ခွဲမှုမရှိတာ၊ တာဝန်ခံမှုမရှိတာ၊ မဖြေရှင်းပေးနိုင်တာ တွေ ကြောင့် သုညကစရမယ့် ထားဝယ်လိုဒေသမျိုးမှာ ဘယ်လောက်အထိ အဆင်သင့်ဖြစ်နေပြီလဲ။ သေသေ ချာချာ ဆန်းစစ်စေချင်တယ်။ ရှေ့ ဆက်မတိုးသင့်ဘူး။ ဂျပန်ပဲလာလာ၊ ဘယ်သူပဲ လာလာ ဒီအတိုင်း ဆက်သွားနေရင်တော့ ဒေသခံတွေအတွက် ဘာမှထူးမလာနိုင် ဘူး''ဟု ရန်ကုန်တိုင်းမ်၏မေးမြန်း မှုကိုဖြေ ကြားသည်။
ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (DDA)မှ ဦးရဲလင်းမြင့်က ''ခု ဂျပန်လာမယ်လို့သိရတယ်။ သူ တို့က ပိုပြီးစနစ်ကျတယ်ဆိုပေမယ့် ထိုင်းမှာမယ်တာဖော့မှာဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှုတွေ၊ လူတွေထိခိုက်မှုတွေက အဲဒီမှာ ရင်းနှီးမြှုပ်နှံထားတာက ဂျပန်ပဲဖြစ်နေတယ်။ အီတာလျံထိုင်းနဲ့ ဂျပန်အကူး အပြောင်းမှာ ဘယ်နိုင်ငံကပဲလုပ်လုပ်အရင်က လျော်ကြေးကိစ္စတွေ ပေးမယ်လို့ ပြောထားတဲ့ဟာတွေ၊ လျှော့ပေးထားတာတွေကို ဘယ် လိုလွှဲပြောင်းမလဲ ငါတို့ မသိဘူး။ နောက်တစ်ဦးက ငါတို့နဲ့မဆိုင် ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ အ ပေါ်က ဘယ်လိုပြောင်းပြောင်း အောက်ခြေမှာ မရှင်းဘဲထားရင် နောက်ပိုရှုပ်ထွေးတဲ့ အခြေအ နေ ရောက်သွားနိုင်တယ်။ တစ်ခု ချင်းစီကို ကျကျနနဖြေရှင်းပြီး မှ ရှေ့ဆက် သွားဖို့ လုပ်သင့် တယ်'' ဟု ထောက်ပြပြောဆိုသည်။
နိုင်ငံတော်စီမံကိန်းဖြစ် သည်ဆိုပါကလဲ နိုင်ငံတကာတွင် လုပ်ကိုင်နေသည့် စည်းမျဉ်းစည်း ကမ်းများ အတိုင်း စီမံကိန်းမစ တင်မီ ဒေသခံများကို အသိပေး တိုင်ပင်ကာ သဘောတူညီချက် များရယူသင့်ပြီး ဒေ သခံများ၏ မူလအခွင့် အရေး ရပိုင်ခွင့်များ ကို လေးစားသင့်ကြောင်း၊ ဒေသ ခံများ၏ ခြံ၊ မြေများကိုအသုံးချ ကာ မျက်ကွယ်တွင် ရှင်းလင်းဆောင် ရွက်မှ စီမံကိန်းစတင်သည်ဟုသိ ရှိကြောင်း ဒေသခံများကဆိုသည်။ ထားဝယ်ဒေသခံ၊ မူဒူးကျေး ရွာမှ ဦးအောင်မြင့် က ''ကျွန် တော်တို့ရွာမှာဆို မြေယာလျော် ကြေးတွေက ပထမတစ်ဧက ကျပ် ငါးသိန်း၊ နောက် တစ်ဧကကျပ် သိန်း ၃၀၊ နောက်ဆုံးကျပ်သိန်း ၁ဝဝအထိပေးတယ်။ လျော်ကြေး က သုံးခုကွဲပြားနေတယ်။ သဘော မတူလို့ လျော်ကြေး မယူလဲ သမာဓိ အဖွဲ့နဲ့ ကျေးရွာ အုပ်ချုပ်ရေးတွေ နဲ့ တစ်ပတ်ရိုက်ခြိမ်းခြောက်ပြီး လျော်ကြေးပေးသွားတာတွေလဲ ရှိတယ်။ ကျွန်တော်တို့ခြံအလုပ် ကတင် တစ်နေ့ဝင်ငွေ ငွေကျပ် ၁ဝဝဝဝရနေတာ။ ဖယ်ပေးရတော့ ကော ဘာလုပ် ကိုင် စားသောက် နိုင်မလဲ။ ဒီလိုသာဆို ကျွန်တော် တို့ဘဝ ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ဘူး''ဟု ရန်ကုန် တိုင်းမ်နေ့ စဉ်သတင်းစာသို့ပြောသည်။
စီမံကိန်းဧရိယာ ၂၀၄ဒသမ၅ စတုရန်းကီလိုမီတာရှိကာ အမေရိကန်ဒေါ်လာ ၈ဒသမ၆ ဘီလီ ယံကုန်ကျ မည့် အရှေ့တောင်အာရှ၏အကြီးဆုံး ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကို ၂၀၀၈ခု နှစ်က နှစ်နိုင်ငံအစိုး ရချင်း လက် မှတ်ရေးထိုး စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကာ လက်ရှိ တွင် စီမံကိန်းရင်းနှီးမြှုပ်နှံမှု ပမဏ ကြီးမားသည့်အတွက် ဆက်လက် အကောင်အထည်ဖော်ရန် ဂျပန်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံပူးပေါင်း အကောင်အထည်ဖော်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။
ရဲလင်းထက်
Yangon Media Group  
လူပေါင်း (၁၅ဝ)ခန့် သေဆုံးစေသော ကင်ညာ mall အကြမ်းဖက်မှု
ကင်ညာနိုင်ငံ Nairobi mall တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု၌ အကြမ်းဖက်သမားများက ဓားစာခံ အဖြစ် ခေါ်ဆောင်သွားခဲ့သူများအား တုန်လှုပ်ခြောက်ခြားစရာ ကောင်းလောက်အောင်ကို နှိပ်စက်ညှဉ်း ပန်းမှုများ ပြုလုပ်ခဲ့ကြသည်ဟု ကင်ညာစစ်သားများက ပြောဆိုခဲ့ကြောင်း သိရသည်။ အကြမ်းဖက်သမား များက ဓားစာခံများအား မျက်လုံးများ ဖောက်ထွင်းထားခဲ့ခြင်း ၊ ကိုယ်လက်အင်္ဂါ အပိုင်းပိုင်း ဖြတ်တောက် ထားခဲ့ခြင်း ၊ မျက်နှာကြက်တွင် တွဲလောင်းဆွဲထားခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသတ်ခံခဲ့ရသော အမျိုးသားများဟာဆို သင်းကွပ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ၎င်းတို့၏ မျက်လုံးများ မဖောက် ထွင်းမီ ၎င်းတို့၏ လက်ချောင်းများအား ပလာယာများဖြင့် ဖြတ်တောက်ခံခဲ့ရကြောင်း ၊ ထို့နောက် မျက်နှာ ကြက်တွင် တွဲလောင်း ဆွဲထားခြင်းတို့ကို ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။
mall အတွင်းရှိ စားသောက်ဆိုင်များ၏ ရေခဲသေတ္တာထဲတွင် ကလေးငယ်များ၏ အလောင်းများဟာ ဓါးတန်းလန်း ထိုးစိုက်လျက် ဒီအတိုင်းထည့်ထားခဲ့တာ ဖြစ်ကြောင်းလည်း သိရသည်။
ရှုံးနိမ့်နိုင်ချေရှိသော အကြမ်းဖက်သမားများက ၎င်းတို့ ဘယ်သူ ၊ ဘယ်ဝါဆိုတာတွေကို သိရှိခြင်းမှ ကာ ကွယ်ရန် ပြာဖြစ်အောင် မီးလောင်စေသော အပြင်းဆုံးသော ကိုယ်ကို မီးရှို့ခြင်းဖြင့် ၎င်းတို့အား ပြာအဖြစ် သာ တွေ့ရှိခဲ့ရကြောင်း သိရသည်။
အကြမ်းဖက်သမားများ သတ်ဖြတ်ခဲ့သော သေဆုံးသူများ၏ အလောင်းများဟာ mall ကြမ်းပြင်တွင် ပြန့်ကျဲ နေခဲ့ပြီး တတိယ mall ကိုမူ ကင်ညာ စစ်ဆင်ရေးတပ်ဖွဲ့နှင့် အကြမ်းဖက်သမားများ တိုက်ခိုက်ကြရာ၌  မီးရှို့ခဲ့ကြောင်း သိရသည်။
ကင်ညာ ကြက်ခြေနီတပ်ဖွဲ့က ထုတ်ပြန်သောစာရင်းအရ လူ(၇၁)ဦးဟာ ထိုအကြမ်းဖက်မှု၌ ပျောက်ဆုံး နေခဲ့ကြောင်း သိရသည်။
မျက်မြင်သက်သေများ၏ အပြောအရ အကြမ်းဖက်သမားများဟာ မျက်လုံးတွေ ၊ နားရွက်တွေ ၊ နှာခေါင်း တွေကို လှီးဖြတ်ပစ်ခဲ့ပြီး လက်များကို ဓါးများ ၊ ပလာယာများဖြင့် ခဲတံချွန်သလိုမျိုး လှီးဖြတ်ခဲ့ကာ မိမိ၏သွေးဖြင့် မိမိ၏နာမည်ကို ရေးစေခဲ့ကြောင်း ၊ ကလေးများကိုလည်း ဓါးဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။
Mall ခေါင်မိုးရှိ ကားရပ်နားရာနေရာကို အစိုးရအဖွဲ့များ ရောက်ရှိချိန်တွင် ကင်ညာစစ်သားများက ဒုံးကျည်ဖြင့် ပစ်ပြီးကူသောကြောင့် အမိုးပြိုကျခဲ့ပြီး mall အပေါ်အလွှာ သုံးထပ်လည်း ပြိုကျခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
လူပေါင်း (၁၅၀)ခန့်အထိဟာ ထို mall အတွင်းတွင် အသတ်ခံထားရဟန် ရှိကြောင်းလည်း သိရသည်။ ကယ်ဆယ်ရေး အဖွဲ့များ ရောက်လာချိန်တွင် ဓါးစာခံများအား တဘက်နားမှ တဘက်နားအထိ လှီးဖြတ်ခြင်း ၊ လည်ဖြတ်ခံရခြင်းတို့ဖြင့် သုံးလွှာလသာဆောင်များမှ ပစ်ချခြင်း ခံခဲ့ရကြောင်းလည်း သိရသည်။ ကယ် ဆယ်ရေးအဖွဲ့တွေ လာချိန်တွင် အကြမ်းဖက်သမားထဲက လက်ဖြောင့်သေနတ်သမားက ကယ်ဆယ်ရေး အဖွဲ့များအား (၂၄)နာရီနီးပါး ကြာအောင်ပင် တန်ပြန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
၎င်းအားရှင်းလင်းရန် မျက်ရည်ယိုဗုံး သုံးခဲ့ချိန်တွင် အကြမ်းဖက်သမားတစ်ဦးက အသေခံဖောက်ခွဲခဲ့သဖြင့် supermarket အတွင်းရှိ ဒါဇင်ပေါင်းများစွာသော လူများ သေဆုံးစေခဲ့သော မီးလောင်မှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နောက်နာရီဝက်ကြာချိန်တွင် mall ဟာ တာဝန်ရှိသူများ လက်ထဲသို့ ပြန်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ဆေးဝန်ထမ်းများ ၊ စစ်ဆင်ရေးအဖွဲ့များနှင့် အနံ့ခံခွေးများဟာ သေဆုံးသူများ ၊ mall အတွင်း ပိတ်မိနေသူများနှင့် ဖောက်ခွဲရေး ပစ္စည်းများအား ရှာဖွေတွေ့ရှိနိုင်ဖို့ အလို့ငှါ အထူးအားသွန်ခွန်စိုက် ကြိုးစားလျက် ရှိကြောင်း သိရသည်။
လွန်ခဲ့သော စနေနေ့က အကြမ်းဖက်သမား (၁၀)ဦးကနေ (၁၅)ဦးခန့်ဟာ mall ထဲကို ဝင်စီးခဲ့ တာဖြစ်ကြောင်း ကင်ညာ ရှိ တာဝန်ရှိများက ပြောဆိုခဲ့သည်။ ထိုစစ်ဆင်ရေးတွင် ကင်ညာ စစ်သားများ အား အသေပစ်ဖမ်းဖို့ အမိန့်ပေးခြင်းခံခဲ့ရပြီး နှိမ်နင်းရာ၌ အကြမ်းဖက်သမား (၅)ဦး သေဆုံးခဲ့ကာ အခြား (၁၀)ဦးအား ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိရသည်။
Source : Daily Mail
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရှုံးခဲ့သည့် ငွေစက္ကူများ ဗိုလ်ချုပ် ပုံဖြင့် ပြန်ထုတ်ရန် အဆို ပြည်သူ့လွှတ်တော်သို့ တင်မည်
 ငွေစက္ကူများတွင် ဗိုလ်ချုပ်ပုံ ပြန် လည်ရိုက်နှိပ်ထုတ်ဝေရန် အဆို ရှုံးနိမ့်ခဲ့သည့်အတွက် ရန်ကုန်တိုင်း ဒေ သကြီးလွှတ်တော်ကိုယ်စား လှယ်ဦးကျော်၏ အဆိုအား ပြည် သူ့လွှတ်တော် သို့ ဆက်လက်တင် သွင်းသွား မည်ဟု သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်ကပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ''မင်္ဂလာတောင် ညွန့်မြို့နယ်က ကိုယ်စားလှယ် ဒေါက်တာစောလှထွန်း ရဲ့ ပြော ကြားချက်အရ ဒီအဆိုက ပြည် ထောင်စုမှာ တင်သင့်တဲ့ အဆို ဖြစ်လို့တင်မှာပါ။ နိုင်ငံတကာမှာ ဆိုရင် ခေါင်းဆောင်ပုံတွေကို ပဲ ငွေစက္ကူတွေမှာ သုံးတယ်။ ဒါဟာ သမိုင်းအစဉ်အလာကိုလဲ လေး စားရာကျပါတယ်။ ယဉ်ကျေးမှု မြင့်မားတဲ့ နိုင်ငံတိုင်းမှာလဲ ဒီအ တိုင်းပဲ ကျင့်သုံးပါတယ်။ ဒါကြောင့် ဒီအဆိုက တိုင်းပြည်အတွက် အရေးကြီးတဲ့ အဆိုတစ်ခုဖြစ်ပါ တယ်''ဟု ရန်ကုန်တိုင်းမ်သတင်း စာသို့ ပြောသည်။
ယင်းအဆိုအား မင်္ဂလာ တောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည် ခိုင်ဖြိုးပါတီ မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာစောလှထွန်းက ကန့်ကွက်ခဲ့ ခြင်းဖြစ်သည်။
 ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ''ပွင့်ပွင့် လင်းလင်း ပြောရရင် ခြသေ့င်္တံဆိပ် ဆိုတာပြည်ခိုင်ဖြိုးပါတီရဲ့ အမှတ်တံဆိပ်ဖြစ်တယ်။ နိုင်ငံတော်နဲ့ ဆိုင်တဲ့ တံဆိပ်က ပါတီတစ်ခုရဲ့အရိပ်နဲ့ငြိ စွန်းလို့ မသင့်တော်ပါဘူး။ ကျွန် တော့်အဆို ရှုံးခဲ့ပေမယ့် ပြည်သူ ရဲ့ တောင်းဆိုသံတွေ ဝေဖန်သံ တွေ ကြားနေရတယ် ဆိုတော့ ဒီမိုကရေစီ တည်ဆောက်ရင် ငါ ထည့်ချင်တဲ့ ပုံ ထည့်မယ်လို့ လုပ်လို့ မရတော့ပါဘူး။ ပြည်သူ့ဆန္ဒကို ထည့်တွက်ရမယ်။ ပြည်သူက တ စိုက်မတ်မတ် တောင်းဆိုရင်တော့ မလွဲမသွေ လုပ်ပေးရမှာပဲ'' ဟု ပြောသည်။
လက်ရှိ အသုံးပြုနေသော ခြင်္သေ့ရုပ်နေရာတွင် ဗိုလ်ချုပ်ပုံ ထည့်သွင်း သည့် အဆိုနှင့် ပတ် သက်၍ ပြည်သူ တစ်ဦးက''နိုင်ငံ တကာကပိုက် ဆံတွေ ကိုကြည့်ရင် သူတို့နိုင်ငံရဲ့ လေးစားရ တဲ့ခေါင်း ဆောင်ပုံတွေကို ထည့်ထား တယ်။ ဒီနိုင်ငံတစ်ခုတည်း တိရစ္ဆာန်ပုံ ဖြစ်နေတာ။ ဒါကြောင့် ဗိုလ်ချုပ် ပုံထည့်မယ်ဆိုတာက ကန့်ကွက် စရာကိုမလိုပါဘူး''ဟု ပြောသည်။
စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အ စည်းအဝေး ပထမနေ့တွင် သင်္ဃန်း ကျွန်းမဲဆန္ဒနယ်အမှတ် (၁)မှတိုင်း ဒေသကြီးလွှတ်တော် ကိုယ်စား လှယ်ဦးကျော်က ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ်တတ် ရပ်ဆန္ဒပြုနည်းဖြင့် ဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဒီခေတ်နေ 
အာမခံဖြင့် ပြန်လွှတ်သည့် ပုဒ်မအားမကျေနပ်၍ သံတွဲပဋိပက္ခဖြစ်ပွားရခြင်းဖြစ်
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌  ပြစ်မှုပုဒ်မအား မကျေနပ်ရာကနေ ဆူပူမှုတစ်ခု စက်တင်ဘာ ၂၉ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအသင်း၏ ဗုဒ္ဓဘာသာ အလံအား သုံးဘီးဆိုင်ကယ်တွင် ချိတ်ထား သည်ကို အစ္စလာမ်ဘာသာဝင်အချို့က ဖျက်ဆီးသဖြင့် ဒေသခံတို့က မကျေနပ်၍ သံတွဲရဲစခန်း၌ တိုင်ချက်ဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 
သံတွဲရဲက အဆိုပါကျူးလွန်သူတို့အား ပုဒ်မ ၂၉၄/၅၀၆၊ တို့ဖြင့် စွဲချက်တင်ကာ အာမခံဖြင့် ပြန်လွှတ်ပေး လိုက်သည်။
''သံတွဲအခြေအနေက ပုဒ်မကိစ္စကို မကျေနပ်လို့ဖြစ်တာလို့တော့ ပြောနေကြတယ်၊ အသေချာတော့ မသိသေးဘူး၊ ရဲစခန်းမှာ သူတို့အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့တွေ လာတယ်၊ ဘုန်း တော်ကြီးလည်း ပါတယ်၊ စခန်းမှူနဲ့ စကားပြောကြတယ်၊ သူတို့ဘက်ကတော့ ချက်ချင်းလုပ် မပေးသေးဘူး၊ သူတို့ ကိစ္စကို ပြောတော့ မတင်မကျနဲ့ ပြီးသွားတယ်၊ အဲဒါနဲ့မကျေနပ်လို့ခဲနဲ့ ပေါက်တာပါ''ဟု သံတွဲ မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါကိစ္စကို ဒေသခံများမကျေမနပ်ဖြစ်ရာမှ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် သံတွဲမြို့ အမှတ်(၃) ရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင် နေအိမ်များဖြစ်သည့် ဦးကျော်ဇံလှနှင့် ဦးတင်ဝင်း တို့နေအိမ် ကို ခဲဖြင့်ပစ်ပေါက်ခဲ့ကြောင်း၊ ခဲဖြင့်ပစ်ပေါက်ခဲ့သူ ညီညီလွင်နှင့်ကျော်မင်းထိုက်တို့ နှစ်ဦးအား ရဲတပ်ရင်း (၃၃)က ဖမ်းဆီး၍ သံတွဲရဲစခန်းသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ညနေ ၆ နာရီခွဲအချိန်၌ သံတွဲမြို့ ဒွါရာဝတီမြို့သစ်(က)ရပ်ကွက်နှင့်(ခ)ရပ်ကွက်မှလူ ၅၀ခန့်မှာ စုဝေးချီတက် လာသဖြင့်ခရိုင်ရဲမှူးဦးစီးသည့် လုံခြုံရေးအဖွဲ့များက လမ်းများပိတ်ဆို့ထားနိုင်ခဲ့သည်ဟု သိရသည်။
ည ၇နာရီ တွင် သံတွဲမြို့ အမှတ်(၃)ရပ်ကွက်၊တာဝတိံသာလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်ရှိ အစ္စလာမ် ဘာသာဝင်ဦးခင်မောင်နေအိမ်နှင့် ၄င်းနေအိမ်အတွင်းရှိ အာရ်ဗီစာသင်ကျောင်းအား ခဲဖြင့် ပစ်ပေါက်ခဲ့ ကြသည်။ လူအင်အားမှာ (၈၀)ခန့်ဖြစ်လာပြီး ဦးခင်မောင်နေအိမ်အား မီးရှို့ခဲ့ကြသဖြင့် ခရိုင်ရဲတပ်ဖွဲ့တို့ ရောက်လာကာ အဆိုပါလူစုအား သတိပေးပြောဆိုခဲ့ပြီး  ရဲတပ်ဖွဲ့မှ လူစုခွဲမရသဖြင့် မီးခိုးဗုံး(၁)လုံးနှင့် ရော် ဘာကျည်အတောင့် ၂၀ဖြင့် သတိပေးပစ်ခတ်ခဲ့ရသဖြင့် လူအုပ်စုမှာ ညနေ၇နာရီကျော်တွင် လူစုကွဲသွား ခဲ့သည်ဟု သိရသည်။
ည(၈)နာရီဝန်းကျင်တွင် မီးသတ်ကား(၂)စီး ရောက်ရှိလာပြီး မီးငြှိမ်းသတ်ခဲ့ရာမှ မီးညွန့်ကျိုးခဲ့သည် ဟုသိရသည်။ယခုအခါ တောင်ကုတ်မြို့နယ်ရဲစခန်းမှရဲတပ်ဖွဲ့အင်အား (၂၀)မှာ သံတွဲမြို့သို့ လာရောက်ပူး ပေါင်းပြီး လုံခြုံရေးများ တိုးမြှင့်ချထားရသည်ဟု သိရှိရသည်။
ဒေသလုံခြုံရေးအားနည်းသဖြင့် ပြည်သူ့စစ်များ ဖွဲ့ပေးရန် ရခိုင်အဖွဲ့အစည်းများ သူရဦးရွှေမန်းထံ တင်ပြ
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ရခိုင်ပြည်နယ်၁၇မြို့နယ်မှ ကိုယ်စားလှယ်များ တွေ့ဆုံ ပွဲတွင် ရခိုင်ဒေသ၌ နယ်မြေလုံခြုံရေးအားနည်းသောကြောင့် တပ်မတော်အောက်တွင် ပြည်သူ့စစ်များ ဖွဲ့စည်းပေးရန် အဓိက တင်ပြခဲ့သည်။
တွေ့ဆုံပွဲ၌ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်ပြည်နယ်၏ ပထ၀ီနိုင်ငံရေး၊ လူမှု ရေးနှင့် နယ်စပ်လုံခြုံရေးကိစ္စများကို တင်ပြခဲ့ပြီး န.စ.က ဂိတ်များ ဖျက်သိမ်းပြီးနောက်ပိုင်း နယ်မြေမ တည် ငြိမ်မှုများ အခြေအနေများကို တင်ပြခဲ့သည်။
နစကဌာနကို ဇူလိုင် ၁၂ရက်က အစိုးရက ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီး ၎င်းတို့၏နေရာတွင် ရဲများကိုအစား ထိုးလုံခြုံရေး ချထားခဲ့သည်။
“ရခိုင်ပြည်နယ် လုံခြုံရေးအတွက် နိုင်ငံတော်အစိုးရနဲ့ ရခိုင်ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါ တယ်။ မြို့နယ် အသီးသီးမှာ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ ရခိုင် တိုင်း ရင်းသားတွေကို ယုံကြည်ပါ။ ကျွန်တော်တို့ကို တာဝန်ပေးပါ”ဟု ဦးဇော်အေးမောင်က ပြောကြားခဲ့ သည်။
အလားတူ မောင်တောမြို့နယ် ကိုယ်စားလှယ်အဖြစ် တက်ရောက်သော ဦးအောင်ကျော်ညွန့်ကလည်း ရခိုင် ပြည်နယ် တွင် တရားဥပဒေစိုးမိုးရေနှင့် တည်ငြိမ်ရေး ပျက်ပြားလျက်ရှိခြင်း၊ ခိုးမှု၊ တိုက်မှု၊ လုယက်မှုများ မကြာခဏ ဖြစ်ပွားနေခြင်းနှင့် လုံခြုံရေးအင်အား နည်းနေခြင်းကြောင့် ပြည်သူ့စစ် ဖွဲ့စည်းပေးရန် လိုအပ် ကြောင်း တင်ပြခဲ့သည်။
တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မောင်တောမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်မှ ကိုယ်စားလှယ်များက ပြည်သူ့စစ် ဖွဲ့ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသော ကိုယ်စားလှယ်အားလုံးက နယ်မြေလုံခြုံရေးနှင့် ပတ်သက်သည့် အားနည်းချက်များ ကို တင်ပြကြသည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ကျွန်တော့်အနေနဲ့ အခုတင်ပြချက်တွေကို နိုင်ငံတော် သမ္မတနဲ့ တကွ လွှတ်တော်အားလုံးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့ စတာတွေကို တင်ပြသွားပါမယ်” ဟု ပြန် လည် ပြောကြားခဲ့သည်။
ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍လည်း လျှပ်စစ်မီတာခ ငါးရာနှင့်အထက် ကြီးမြင့်မှုကြောင့် ရခိုင် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လျှပ်စစ်မီတာ ဈေးနှုန်းချိုသာစွာ ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူငယ်ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ လိုအပ်နေမှု စသည်တို့ကို တင်ပြခဲ့သည်။
ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ၅၀၀ ကောက်ခံနေခြင်းအား ချက်ချင်း ပြန်လည် ကျဆင်း နိုင်ရန်မှာ မလွယ်ကူကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက စက်တင်ဘာ ၁၆ ရက်က စစ်တွေမြို့တွင် ဒေသ အာဏာပိုင်များနှင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သေးသည်။
“ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး မိသားစု တွေ့ဆုံပွဲ”အမည်ဖြင့် သူရဦးရွှေမန်းနှင့် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ အဖွဲ့အစည်း များ ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၉ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ စီးပွားရေး ဗဟိုခန်းမ (IBC) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုတွေ့ဆုံပွဲကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက စတင်ဖိတ်ကြား ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် မြို့နယ်တစ်ခုမှ ကိုယ်စားလှယ် သုံးဦး တက်ရောက်ခဲ့သည်။
လူသတ်မှုတွင် အစွပ်စွဲခံရသော တပ်မတော်သားသုံးဦးကို အရေးယူခြင်းမရှိ၍ အာဆီယံနိုင်ငံ ကာ/ချုပ်များထံ စာပို့မည်
ပြည်မြို့ န၀ဒေးတံတားအနီး View Point ကမ်းနားသောင်ပြင်တွင်ဖြစ်ပွားခဲ့သည့် ပစ္စည်းလုကာလူသတ် ရိုက်နှက်မှု တွင် စွပ်စွဲခံထားရသော တပ်မတော်သား သုံးဦးအား အရေးယူနိုင်ခြင်း မရှိသေး၍ ဒေသခံများ က လက်မှတ်ရေး ထိုးကာ အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များထံ ပန်ကြားလွှာပို့မည်ဟု သိရသည်။
ကာယကံရှင်များ၏ တောင်းဆိုမှုဖြင့် မြို့ခံလူမှုရေးအဖွဲ့များက ဦးဆောင်ကာ လက်မှတ်ကောက်ခံခဲ့ရာ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူအပါအ၀င် စုစုပေါင်း လက်မှတ်ရေးထိုးသူ နှစ်သောင်း ၀န်းကျင်ခန့် အထိ ရရှိပြီဖြစ်ကြောင်း ဦးဆောင်ပါဝင်သူတစ်ဦးက ပြောသည်။
“ကာယကံရှင်က တောင်းဆိုတဲ့အတွက် မြို့ခံလူထုက နည်းလမ်းရှာပြီး လုပ်ဆောင်ပေးတာပါ။ သူတို့ကို လူတွေ ပစ်မထားဘူးဆိုပြီး စိတ်ဓာတ်တက်ကြွလာမယ်။ ဦးကျော်သူရဲ့လက်မှတ်ကို ရတဲ့ရက်က မိသားစု အားလုံး ၀မ်းသာခဲ့ ရတယ်”ဟု အထက်ပါပုဂ်္ဂိုလ်က ပြောသည်။
ထို့အပြင် ပြည်မြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ လက်မှတ်များကိုလည်း ရယူရန် ကြိုးပမ်းမည်ပြီး ရရှိ သည့် လက်မှတ်များကို အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များနှင့် သမ္မတဦးသိန်းစိန်ထံ ပန်ကြား လွှာများ ပို့မည်ဟု ပြည်မြို့ လူမှုရေးအဖွဲ့တစ်ခုမှ ဥက္ကဋ္ဌက ပြောသည်။ သမ္မတထံကိုမူ ပန်ကြားလွှာအား အောက်တိုဘာ ၅ ရက်တွင် ပို့မည်ဖြစ်သည်။
ထိုပန်ကြားလွှာတွင် ပြစ်မှုကျူးလွန်သူများကို အမှန်အတိုင်း ဖော်ထုတ်ပေးရန်၊ ပြစ်မှု ကျူးလွန်သူများကို ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန်၊ နစ်နာသူများကို ကုစားခွင့်ပေးရန်နှင့် အလားတူအဖြစ် နောက်တစ် ကြိမ် မဖြစ်ပေါ်စေရေး အတွက် အာမခံပေးရန် အချက်များ တောင်းဆိုထားသည်။
ထိုတပ်မတော်သားသုံးဦးသည် ဧပြီလ၂၃ ရက်က ပြည်မြို့ View Point ကမ်းနားသောင်ပြင်တွင် ကို ဇော်မင်းဦးအား သတ်ဖြတ်ပြီး အတူပါလာသော အမျိုးသမီးတစ်ဦးကို လည်ပင်းညှစ် ရိုက်နှက်ကာ သတိ လစ်နေစဉ် လက်စွပ်ချွတ်ယူ ခဲ့သည်ဟု သေဆုံးသူ၏ မိသားစုက စွပ်စွဲထားခြင်း ဖြစ်သည်။
mizzima 
အခြေခံ ဥပဒေကို "ပြင်မလား၊ အသစ်ရေးမလား"
 အခြေခံ ဥပဒေကို ပြင်မလား၊ အသစ်ရေးမလား" ဆိုတာကို တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပွဲမှာ ဆုံးဖြတ် ချက် တစ်ခုတည်း မရလို့ လူထုဆန္ဒခံယူပွဲ (Referendum) လုပ်ဖို့ လိုမယ်လို့ NLD က ကြေငြာတဲ့ အပေါ် အသံလေးတွေ ထွက်လာပါတယ်။ တတိယ အုပ်စု ပညာတတ် (နာမည်ကြီး စာရေးဆရာ) ဆိုသူတွေရဲ့ အသံတွေပါ ကြားလာရပါတယ်။NLD ဟာ လူထုကို ဦးဆောင်ဖို့ ... လူထု နောက်ဆွဲ လုပ်ဖို့ မဟုတ်ဘူး၊ လူထုကို ဦးမဆောင်နိုင်ရင် ... ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့ ... စတဲ့ ဘာဘာညာညာပေါ့။ NLD ရဲ့ ပြောဆိုချက်ဟာ ... ဘောင်းဘီချွတ်တွေနဲ့ စစ်တပ် စိတ်ကြိုက် ရွေးချယ်စရာ ဖြစ်တဲ့ "အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်ရေး" မပါဘဲ ... အာဏာရှင်ပုံပြောင်း ဘောင်းဘီချွတ်တွေ မဖြစ်စေချင်တဲ့ "ပြင်မလား၊ အသစ်ရေးမလား" .. ဆိုတဲ့ ရွေးချယ်မှုကိုပဲ ပေးထားပြီး လူထုကို လှုပ်နှိုးစေတဲ့ ကိစ္စ ဖြစ်လို့ ဆန့်ကျင်တယ်လို့သာ မြင်မိပါတယ်။ ဒီနေရာမှာ ဆရာ့ ဆရာကြီးတွေ မေ့နေတာက ... ဒီမိုကရေစီရဲ့ အခြေခံ အကျဆုံး သဘောတရား ဖွင့်ဆိုချက် ဖြစ်တဲ့ ပြည်သူက အုပ်ချုပ်ရတယ် "Rule by the People" ဆိုတာကို မေ့နေကြပုံရပါတယ်။ NLD က တိုင်းပြည်ရဲ့အရေးကြီးဆဲ့ ဆုံးဖြတ်ချက်ဖြစိတဲ့ အခြေခံဥပဒေကိစ္စမှာ သူတို့ သင့်တော်တယ်ထင်တာကို လုပ်ချင်တိုင်းလုပ်တာဟာ ဒီမိုကရေစီ မဟုတ် ပါဘူး။ ဦးသိန်းစိန် အစိုးက လုပ်ချင်ရာ လုပ်တာဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ ပြည်သူက ဖြစ်စေချင် တာကို အကောင်အထည် ဖေါ်တာသာ ဒီမိုကရေစီ ဖြစ်ပါတယ်။တိုင်းပြည်ရဲ့ ကံကြမ္မာဖြစ်တဲ့ နိုင်ငံ တစ်ခုလုံးရဲ့ အုပ်ချုပ်ရေး ပုံစံကို ဘယ်လို ဖြစ်သင့်တယ်ဆိုတဲ့ နည်းပညာပိုင်းဆိုင်ရာ အသေးစိပ်အချက်အလက်တွေကို ပြည်သူတွေက နားမလည် မတတ်ကျွမ်းလို့ ပါဝင် လုပ်ဆောင်မှု မပေးနိုင်ရင်တောင်မှ ... ဘယ်လို ဖြစ်သင့်တယ်၊ ဘယ်သူတွေပါဝင်ပြီး ဘယ်လို ရေးဆွဲသင့်တယ်၊ ပြင်သင့်လား၊ အသစ်ရေးသင့်လား ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြည်သူက လွတ်လပ် မျှတတဲ့ သဘောထား ခံယူပွဲ (free and Fair referendum) နဲ့ ဆုံးဖြတ်ပေးတာသာ အကောင်းဆုံး ဖြစ်ပါတယ်။ဒီလို လုပ်ခြင်းအားဖြင့် ... ရလဒ်က ဘယ်လိုပဲ ရလာလာ ... (အခြေခံ ဥပဒေကို မထိချင်တဲ့ လက်တဆုပ်စာ လူတန်းစားကလွဲရင်) ... ပြည်သူ အများစုနဲ့ တိုင်းရင်းသားတွေ အားလုံးက ... ပြည်သူတွေထဲက လာတဲ့ အများသဘောတူ ဆုံးဖြတ်ချက် သဘောထား ဖြစ်လို့ ကျေနပ်လက်ခံပြီး .. အဲဒီ ဆုံးဖြတ်ချက် အပေါ်မှာ မျှမျှတတ လုပ်ကိုင် ဆောင်ရွက်သွားရင်ဖြင့် .. သာမန် နိုင်ငံရေး သဘောထား ကွဲလွဲမှုကနေ အနှစ် ၆၀ ကျော်ကြာတဲ့ ပြည်တွင်းစစ် ရပ်သွားနိုင်တဲ့ အထိ ... နိုင်ငံရေး ရလဒ်ကောင်းတွေ ရနိုင်ပါတယ်။ ဒါကြောင့် NLD ရဲ့ ဆန္ဒခံယူပွဲ လုပ်ပြီး ပြည်သူကို မေးရမယ် ဆိုတာ ... လူထု နောက်ဆွဲ လုပ်တာ မဟုတ်ဘဲ ... ဒီမိုကရေစီ ကျကျ လူထုကို ဆုံးဖြတ်ခိုင်းပြီး .. ရလာတဲ့ ဆုံးဖြတ်ချက် အပေါ်မှာ နည်းပညာပိုင်းမှာသာ လူထုကို နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေးသမားတွေက ဦးဆောင်မှု ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ လူထု သဘောထားနဲ့ ကင်းကွာပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ နိုင်ငံရေး ပါတီတွေ၊ အစိုးရတွေက လုပ်ချင်ရာ လုပ်တာကို "နိုင်ငံရေး ဦးဆောင်မှု ပေးတယ်" ဆိုပြီး ပြည်သူက အကုန် လက်ခံနေ ရမယ်ဆိုရင်ဖြင့် ... မြန်မာပြည်မှာ "ဒီမိုကရေစီ" ဖေါ်ဆောင်နေတယ်ဆိုတာ လူကြားကောင်းအောင် ပြော နေတဲ့ "Lip Service" သာ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။
(ကိုထိုက်)
အိန္ဒိယ - မြန်မာ - ထိုင်း ဖြတ် ဘတ်စ်ကား နိုဝင်ဘာ ၄ ရက် စတင်ပြေးဆွဲရန် စီစဉ်
 အိန္ဒိယ နိုင်ငံ အင်ဖာလ်မှ ထိုင်းနိုင်ငံ ဘန် ကောက်သို့ မြန်မာနိုင်ငံမှ ဖြတ် ကျော်၍ အဲကွန်းဘတ်စ်ကားများ လာမည့်နိုဝင်ဘာ၎ရက်တွင် စတင် ကာ တိုက်ရိုက်ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း (New Light )အလင်း သစ် ကုမ္ပဏီမှ သိရသည်။
အင်ဖာလ်-တမူး-မန္တလေး -ရန်ကုန်-မြိတ်-ထားဝယ်-ဘန် ကောက်သို့ ပြေးဆွဲပေးမည့် ခရီး သည် ၃၆ဦးပါ ခရီးသည်တင်မော် တော်ယာဉ်အစီး၂ဝကို ယင်းကု မ္ပဏီမှစတင်ကာ ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း အလင်း သစ် ကုမ္ပဏီဥက္ကဋ္ဌ ဦးသာနိုင် က ပြောသည်။ ဦးသာနိုင်က ''နိုင်ငံတော် က သတ်မှတ်ပေးထား တဲ့ဈေးနှုန်း နဲ့ ပြေးဆွဲပေးသွားမှာပါ။ နိုင်ငံ ဖြတ်ကျော်ခရီးစဉ်ကို ကားနဲ့တိုက် ရိုက် တရားဝင်ပြေးဆွဲပေးတာ တော့ ပထမဆုံးပါ။ ခရီးသွား တွေ အတွက် အဆင်ပြေ အောင် ဆောင် ရွက်ပေးသွားမှာပါ''ဟု ပြောသည်။
အဆိုပါခရီးစဉ်အစအဆုံး ကို ကျပ်ခြောက်သောင်းထက်မ နည်းသတ်မှတ်ပေးထားပြီး ခရီး စဉ်တစ်ဖြတ်လျှင် ကျပ်တစ်သောင်း နှုန်းဖြင့်သတ်မှတ်ကာ အစားအ သောက်စရိတ်ပါ စီစဉ်ပေးထား ကြောင်း သိရသည်။ လိုက်ပါမည့်ခရီးသည်များ အနေနှင့် နိုင်ငံကူးဗီဇာကိစ္စများကို မိမိကိုယ်တိုင် ဆောင်ရွက်ရမည် ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် ခရီးသည် ပို့ဆောင်ရေးအတွက် နယ်စပ်ဂိတ် ဝင်ကြေးများကို အစိုးရနှင့်ဆွေးနွေး ဆောင်ရွက်ထားသည်။
ခရီးစဉ်လက်မှတ်များကို ခရီးသွားများ အဆင်ပြေ ဝယ်ယူ နိုင်ရန်အတွက် ရန်ကုန်၊ မန္တလေး အပါအဝင် တခြားသောမြို့နယ် များတွင်ပါ အရောင်းကိုယ်စား လှယ်များ ထားရှိပေးသွားမည်ဖြစ် ပြီး တိကျ သောသတင်းအချက် အလက်များကို ပြည်သူ များ ထံသို့ ထပ်မံပြောကြား ရန်ရှိကြောင်း သိရသည်။ ဦးသာနိုင်က ''နိုင်ငံကူးလက် မှတ်နဲ့ ဗီဇာကိစ္စကတော့ သူတို့ ဘာသာပဲလုပ်ရမှာပါ။ ကိုယ်သွား ချင်တဲ့ နိုင်ငံရဲ့ သံရုံးမှာ ဒေါ်လာ ၄ဝပေးပြီး အချိန်မရွေးဆောင် ရွက်နိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့က နယ်စပ် ဝင်ကြေး တွေကိုပဲ ဆောင်ရွက်ပေး ထားပါတယ်''ဟု ပြောသည်။ သယ်ယူပို့ဆောင်ပေးမည့် ကား များသည် ဂျပန်နိုင်ငံမှထုတ် လုပ်ထားပြီး ဝန်ဆောင်မှုများကို အာဆီယံနိုင်ငံများနည်းတူ အ ဆင့်မီ ဆောင် ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Sunday, September 29, 2013
တောင်ငူခရိုင်တွင် သေမှုသေခင်းဖြင့် သေဆုံးသူ ၁၀၃ ဦးမြောက် တွေ့ရှိ
 ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာနယ်မြေ ရဲစခန်းအပိုင် ဂုံမင်းကွင်းကျေးရွာအုပ်စု ၏မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ဗိုလ်မှူးတောင်ကြောပေါ်၌ ပုပ်ပွ နေသည့် လူသေအလောင်းအားတွေ့ရှိ သဖြင့် ဆွာရဲစခန်းမှ သေမှုသေခင်း အမှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် နံနက် ၈ နာရီခန့်က (၆)မိုင်ရွာသား သုံးဦးသည် ဝါးခုတ်ရန် တောထဲသို့ သွားကြရာ ဗိုလ်မှူးတောင်ကြောပေါ်ရှိ လှည်းလမ်းပေါ်၌ သာဂရမြို့ သရက်ကုန်းရွာနေ ဦးသိန်းလွင် (၅၇)နှစ်၏ ပုပ်ပွနေသောအလောင်းအား တွေ့ရှိကြသဖြင့် ရွာသို့ပြန်လာပြီး ရာအိမ်စုမှူး ကိုထွန်းထွန်းထံ ပြော ပြကြရာကိုထွန်းထွန်းက ဆွာနယ် မြေရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားခဲ့သည်။
ဆွာနယ်မြေရဲစခန်းမှူး ရဲအုပ် သောင်းစံနှင့်အဖွဲ့သည် သက်သေများ အားခေါ်၍ သွားရောက်စစ်ဆေးခဲ့ပြီး ဦးသိန်းလွင်မှာ လွန်ခဲ့သည့်ငါးလခန့်က မိန်းမဖြစ်သူနှင့်ကွဲကာ ဂုံမင်းကွင်း ကျေးရွာအုပ်စုမြောက်ဘက် တစ် မိုင်ခန့်အကွာရှိ ဗိုလ်မှူးတောင်ကြောပေါ်တွင် သွားရောက်နေထိုင်ခြင်းဖြစ်ပြီး ယခုသေဆုံးမှသာ အလောင်း အားတွေ့ရှိရခြင်းဖြစ်ကြောင်း သိရ သည်။
ရေတာရှည်မြို့နယ်တွင် ယခုသေ ဆုံးသူသည် သေမှုသေခင်းဖြင့်သေဆုံး သူ ၂၀ ဦးမြောက်ဖြစ်ပြီး တောင်ငူ ခရိုင် အနေဖြင့် သေမှုသေခင်းဖြင့်သေဆုံးသူ ၁၀၃ ဦးမြောက်ဖြစ်ကြောင်း သိရ သည်။
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း
အမေရိကန်နှင့် ဖိလစ်ပိုင် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို တရုတ်အစိုးရ အထူးစိုးရိမ်
တောင်တရုတ် ပင်လယ်ပြင်အနီး အမေရိကန်ပြည်ထောင်စုနှင့် ဖိလစ်ပိုင်နိုင်ငံတို့ လတ်တလော ပူးတွဲ စစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက များစွာစိုးရိမ်မကင်း ဖြစ်လျက် ရှိကြောင်း The China Daily သတင်းစာက ရေးသား ဖော်ပြသည်။
အာရှဒေသတွင်း နိုင်ငံများအနေဖြင့် ဒေသတွင်း မဟုတ်သော ပြင်ပနိုင်ငံများကို ဆင်ခြင်တုံတရား ကင်းမဲ့ စွာ ကျောထောက်နောက်ခံ မပြုရန် လိုအပ်သည်ဟု လတ်တလော အမေရိကန်ပြည်ထောင်စုနှင့် ဖိလစ်ပိုင် နိုင်ငံတို့ တောင်တရုတ် ပင်လယ်ပြင်အနီး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တရုတ်အစိုးရက ညွှန်းဆိုကာ သတိပေး ပြောကြားသည်။
“ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ချမ်းသာကြွယ်ဝမှု ဟူသည် ဒေသတွင်း ပြည်သူလူထု၏ ဆန္ဒဖြစ်ပြီး သက်ဆိုင်သူနိုင်ငံများ အားလုံးက ဝိုင်းဝန်း ထိန်းသိမ်းကြရမည် ဖြစ်သည်” ဟု တရုတ်အမျိုးသား ကာကွယ် ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်သည်။
“ဒေသတွင်း မဟုတ်သော ပြင်ပနိုင်ငံများ အနေဖြင့် သဘောထား ကွဲပြားအောင် ပြုလုပ်ခြင်းထက် ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးကို အလေးပေးသည့် လုပ်ရပ်များအား ပိုမိုအသားပေး လုပ်ကိုင်သင့်သည်” ဟု ဆက်လက်ဖော်ပြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပိုင်နက် အငြင်းပွားလျက် ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သော ဖိလစ်ပိုင်သည် စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ကာ အမေရိကန်ပြည်ထောင်စုနှင့် ရက်သတ္တ သုံးပတ် ကြာမြင့်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို တောင်တရုတ် ပင်လယ်ပြင်အနီး ပြုလုပ်ခဲ့သည်။
AFP သတင်းဌာန အဆိုအရ အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် ဖိလစ်ပိုင် စစ်ရေးအင်အား တိုးချဲ့ ရာတွင် အမေရိကန်ပြည်ထောင်စု၏ အကူအညီ ရရှိရေးနှင့် တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုင်နက် အငြင်း ပွားမှု၌ တရုတ်ပြည်၏ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာ မျှနိုင်ရေးအတွက် လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။
 ထို့ပြင် ဖိလစ်ပိုင်သည် ဆူးဘစ်ပင် လယ်အော်ဒေသရှိ ယခင် အမေရိကန်ရေတပ် အခြေစိုက်စခန်း ဖွင့်လှစ်ခဲ့ရာ နေရာကို အမေရိကန် တပ်ဖွဲ့များအား ပြန်လည် အခြေစိုက်ခွင့်ပြုရန် ကြိုးပမ်းလျက် ရှိကြောင်း၊ သို့အတွက်ကြောင့် တောင်တရုတ် ပင်လယ်ပြင်တွင်း တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများကို တန်ပြန် ချိန်ခွင်လျှာ မျှနိုင်မည်ဟု ယူဆထားကြောင်း Wall Street Journal သတင်းစာက ရေးသားဖော်ပြသည်။
ထိုသို့ အမေရိကန်နှင့် စစ်ရေး လေ့ကျင့်မှုများ တိုးမြင့်လာခြင်း၊ အမေရိကန် စစ်အခြေစိုက် စခန်းများ ခြေကုပ်ယူ ဖွင့်လှစ်လာခြင်းတို့ကြောင့် ဒေသတွင်း မတည်မငြိမ်မှုများ ဖြစ်လာနိုင်သည်ဟု စစ်ရေး ကျွမ်းကျင်သူများက သုံးသပ်သည်။
“ဝါရှင်တန်အနေနဲ့ အာရှပစိဖိတ် ဒေသတွင်း စစ်တပ် ဖြန့်ကျက်မှုတွေ တိုးမြှင့်လာတာနဲ့ ပတ်သက်ပြီး အထူးသတိထား သင့်ပါတယ်။ အဲဒီလို ဖြစ်ရပ်တွေက ဒေသတွင်း မတည်မငြိမ်မှုနဲ့ မသေချာ မရေရာမှု တွေကို ဖြစ်ပေါ်စေပါလိမ့်မယ်” ဟု တရုတ် ခေတ်ပြိုင် နိုင်ငံတကာ ဆက်ဆံရေး အင်စတီကျု၊ ဖိလစ်ပိုင်ရေးရာ လေ့လာရေးဌာနမှ သုတေသီတစ်ဦးက ပြောကြားသည်။
The Voice Weekly
နောင်တရားမြို့နယ်ခွဲ၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများတွေ့ဆုံ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့နယ်ခွဲ၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် ပြည်သူများတွေ့ဆုံပွဲအခမ်းအနားကို စက်တင်ဘာ(၂၆)ရက် နံနက်(၁၁)နာရီ တွင် ပေါ့အင်ကျေးရွာအုပ်စု၊ ထီရွေး- ထီရဲုင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်း ထွန်း၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လှဆန်းနှင့် ဦးခွန်အောင်နိုင်ဦးတို့က ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက် များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)
ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီရင်ဆိုင်ရန် ကျည်တောင်ကန် ရဲစခန်းသို့ လာရောက်အဖမ်းခံ
ယခုလာရောက် အဖမ်းခံသည့် ၁၀ ဦးသည် ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းဝင်းက တရား လိုပြုလုပ်၍ တိုင်တန်းထားသည့် ပြစ်မှုများဖြစ်သည့် (ပ)အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ တို့အတွက် ဥပဒေနှင့်အညီ ရင်ဆိုင်ရန် လာရောက်အဖမ်း ခံခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ၁၀ ယောက်လုံး ဒီအမှုကို ရင်ဆိုင်ဖို့အတွက် လာရောက်အဖမ်း ခံတာပါ။ နောက်တစ်ခါ သူ တို့ဘက်က အချိန်မတော် လာရောက်ကျူးလွန် ထားတာကိုလည်း ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမှု ပြန်ဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုအချိန်မှာ အဲလောက်ပဲ ကျွန်တော်ပြောချင်ပါတယ်။ အခုအချိန်မှာ ထင် ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်" ဟု ကိုဇော်လတ်က ပြောကြားခဲ့သည်။
ဥတ္တရသီရီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဦးသူရက "သူတို့တွေ အမှုပြန်ဖွင့်မယ် ဆိုရင်လည်း ကျွန် တော်တို့ အနေနဲ့ လက်ခံပြီး ပြန်ဖွင့်ပေးမယ်။ ကျွန်တော်တို့ အနေနဲ့ အမှုမှန် ပေါ်ပေါက်အောင် တရား ဥပဒေနဲ့အညီ ပြန်လည်ဆောင်ရွက် ပေးမှာပါ။ ဒီအမှုကို ပွင့်လင်းမြင်သာစွာနဲ့ စစ်ဆေးသွားမှာပါ။ အမှု စစ်မယ့် နေ့မှာလည်း ဘယ်သူမဆို လာရောက်နားထောင် နိုင်ပါတယ်။ ကိုဇော်လတ်ကို စစ်ဆေးတဲ့ အခါ မှာလည်း ကိုဇော်လတ် အနေနဲ့ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် ရှိပါတယ်။ အခုဟာက ရဲကိုရိုက်လို့၊ ရဲ ဒဏ်ရာရလို့ အမှုဖွင့်တာ မဟုတ်ပါဘူး။ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်တာကို နှောင့်ယှက်လို့ ဒီပုဒ်မနဲ့ စွဲတာပါ။ ဥပဒေ လမ်းကြောင်းအရ ကျွန်တော်တို့က ဘယ်သူ့ကိုမှ ခွင့်ပြုလို့ မရပါဘူး" ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ လာရောက်အဖမ်းခဲ့သည့် ရွာသား ၁၀ ဦးသည် စက်တင်ဘာ ၁၂ ရက်တွင် အစိုးရ သတင်း စာတိုက်အတွက် သိမ်းယူထားသည့် ၀ဲကြီးကျေးရွာသားများ ယခင်က လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများကို ၀င်ရောက်ထွန်ယက်ခဲ့ကြောင်း၊ ယင်းသို့ ထွန်ယက်ပြီးနောက်ပိုင်း စက်တင်ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်ဖြင့် ည ၂ နာရီ ၁၅ မိနစ်ခန့်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ညပိုင်း အချိန်မတော် ဖမ်းဆီးခြင်းမှာ တစ်ခါတစ်ရံမှာ လိုအပ်ချက် အရဖြစ်ကြောင်း၊ တရားခံရှိတဲ့အချိန် ၀င် ရောက်ဖမ်းရခြင်း ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း တတ်နိုင်သလောက်တော့ ဒီလိုမျိုး မဆောင်ရွက်အောင် တာဝန်ရှိသူတွေကို မှာကြားထားကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
လာရောက်အဖမ်းခံခဲ့သည့် ၀ဲကြီးကျေးရွာသား ၁၀ ဦးမှာ ကိုဇော်လတ်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်၊ ဒေါ်မာသင်း၊ ကိုအောင်ကျော်မိုး၊ ကိုဆန်းလွင်၊ ကိုသက်နိုင်၊ ကိုထွန်းလတ်၊ ဦးစိုးမြင့်တို့ဖြစ် ကြောင်း သိရသည်။
အဆိုပါ လယ်မြေများ အတွင်းရှိ ယူကလစ်ပင်များကို ခုတ်သည့်အတွက် ဇေယျာသီရိမြို့ ရွှေတွင်းကုန်း ရဲစခန်းမှ ၀ဲကြီးကျေးရွာသားများဖြစ်သည့် ဒေါ်ဝင်းကြည်၊ ဒေါ်ခင်အေး၊ ကိုဇော်ခင်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်တို့အား ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ကိုဇော်လတ်နှင့်ဇနီး မမာသင်း အဖမ်းခံသည့်အတွက် ငါးနှစ်သမီးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က "ဥပဒေမှာကတော့ လူတစ်ယောက်ရဲ့အိမ်ဟာ သူ့ရဲ့ခံတပ်ပဲ။ သူ့ရဲ့ပိုင်နက်ကို ကျူးကျော်လာရင် အကြောင်းမရှိဘဲနဲ့ ဥပဒေနဲ့အညီ ဆိုတစ်မျိုး၊ ၀ရမ်းမပါဘဲနဲ့ ကျူးကျော် လာရင် ဒါဟာသူ့ကို တိုက်ခိုက်တာဘဲ။ သူ့မှာတုံ့ပြန်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ ညအချိန် ကျွန်တော်တို့ ပိုင်နက်ကို ကျူးကျော်လာရင် သေသည်အထိ ပစ္စည်းကို ခုခံနိုင်တာ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ရှိပြီးသားပါ။ ဒါပေမဲ့ အခုဟာက လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့၊ တစ်နည်းဆိုရင် ရဲလက်စွဲနဲ့ အညီပေါ့ဗျာ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတို့၊ အဲဒါတွေနဲ့အညီ ၀င်တာဆိုရင် တစ်မျိုးပေါ့။ ရွာမပြောနဲ့။ အိမ်တစ်အိမ် ၀င်ရင်တောင် ၀ရမ်းပါရတယ်ဗျာ။ ရှာဖွေဝရမ်းဆိုတာ ပါရတယ်။ ထောက်ပြရမယ် ဆိုရင်တော့ ပထမတစ်ချက်က ည အချိန်မတော် ၀င်တယ်။ ဒုတိယတစ်ချက်က ရပ်ရွာလူကြီး မပါဘူး။ တတိယ တစ်ချက်က ဖမ်းတဲ့ဝရမ်း မပါ ဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။
Eleven Media Group
ချင်းတောင်တွင် မျောက်ငိုသီး ဖြစ်ထွန်းအောင်မြင်
 ချင်းပြည်နယ်သည် စီးပွားရေး၊ ပညာရေး၊ လူမှုရေးများတွင် နိုင်ငံတော်၏ ကူညီပံ့ပိုးမှုဖြင့် အဘက် ဘက်မှ တိုးတက်ဖွံ့ဖြိုးမှုရရှိနိုင်ရန် ချင်းတိုင်းရင်းသားအားလုံးက ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိကြသည်။ ယ ခု အချိန်တွင် တစ်ပိုင်တစ်နိုင် စီးပွားရေးမှ ပြည်နယ် ပြည်သူများ၏ အကျိုးစီးပွားအဖြစ် နွားနောက်များ မွေးမြူခြင်း၊ လက်ဖက်ပြည်နယ်အဖြစ် သတ်မှတ်နိုင်ရေးအတွက် လက်ဖက်စိုက်ပျိုးရေးစီမံချက်ထား ရှိဆောင်ရွက်ခြင်း၊ ချင်းတောင်ပန်းသီးကို ဧကအလိုက် စိုက်ပျိုးခြင်းများဆောင်ရွက် လျက်ရှိကြသည်။ ယင်း အပြင် ချင်းပြည်နယ်၏ သီးနှံတစ်မျိုးဖြစ်သော မျောက်ငိုသီး သည် ဟားခါးမြို့နယ်၊ ထန်တလန် မြို့နယ်နှင့် ဖလမ်းမြို့နယ်တို့တွင် အထူးဖြစ်ထွန်း အောင်မြင်လျက်ရှိပြီး အဆိုပါမျောက်ငိုသီးများကို အပင် လိုက်သော်လည်းကောင်း၊ အခိုင်လိုက်သော်လည်းကောင်း ရောင်းကြပြီး အပင်ကြီး၍ အသီး ကောင်းသောအပင် သည် တစ်ပင်လျှင် ငွေကျပ် ၄ဝဝဝဝဝ ခန့်ဖြင့် ရောင်းရသည်။
 အဆိုပါ မျောက်ငိုသီးများကို ကလေးမြို့၊ တမူးမြို့နှင့် ဂန့်ဂေါမြို့များသို့ တင်ပို့ရောင်းချကြသည့်အပြင် အိန္ဒိယ နိုင်ငံနှင့် တရုတ်နိုင်ငံများသို့လည်း ဆက်လက်တင်ပို့ရောင်းချကြ ပြီး မျောက်ငိုသီးများသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသများ၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံများတွင် လည်း ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ဂျူနိုင်း
မွန်အမျိုးသားကွန်ဖရင့် ကျင်းပနေ
 မွန်အမျိုးသားကွန်ဖရင့်ကို စက်တင်ဘာ၂၈ရက်နေ့မှ၃၀ရက်အထိမော်လမြိုင် ပြည်နယ်ခန်းမတွင် ကျင်းပ လျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တက်ရောက်ပြီး တစ်နိင်ငံလုံးအပစ်အခတ် ရပ်စဲရေး သ ဘောတူညီမှု ဆောင်ရွက်လျှင် အဖွဲ့ ၁၆ဖွဲ့လုံးကို ဖိတ်ကြားမည်ဖြစ်ပြီး မည်သည့်အဖွဲ့ ကိုမျှခွဲခြားဆက် ဆံခြင်း၊ချန်ထားခြင်းပြုလုပ်မည် မဟုတ်ပါကြောင်း ယင်းကို၂၀၁၃ခုနှစ် အောက်တိုဘာလကုန်ခန့်တွင် ပြုလုပ်ရန်ပြင်ဆင်လျက်ရှိကြောင်းပြောသည်။ ၄င်းပွဲကို အပစ်အခတ်ရပ်စဲထားသော တိုင်းရင်း သားလက် နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ နိင်ငံရေးပါတီများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်သည်။ 
ထူးထူး(မော်လမြိုင်)
မိုးညှင်းမြို့လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်အစည်းဝေး အတွေ့အကြုံများအားရှင်းလင်းပွဲနှင့် အကြိမ်(၂၀)မြောက် ပညာရည်ချွန် ဆုပေးပွဲကျင်းပ
 ၂၈ ရက်နေ့ နံနက်(၁၀)နာရီတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့စိမ်းလဲ့ရတနာ ခန်းမတွင် မိုးညှင်းမြို့ လွှတ်တော်ကိုယ်စားလှယ်များမှ ပထမအကြိမ်လွှတ်တော် သတ္တမပုံမှန်အစည်းဝေး အတွေ့အကြုံများကို ပြည်သူများအား ရှင်းလင်းပွဲနှင့် နှစ်စဉ် ကျင်းပသော အကြိမ်(၂၀)မြောက် ပညာရည်ချွန်ဆု ပေးပွဲကို ကျင်း ပခဲ့သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းတင်အောင်မှ လွှတ်တော်တွင်း အတွေ့အကြုံများအား ရှင်းပြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေးမှ ပြီးခဲ့သော တက္ကသိုလ်ဝင်တန်း စားမေးပွဲတွင် ထူးချွန် စွာ အောင်မြင်ခဲ့ကြသော သုံးဘာသာ ဂုဏ်ထူးရှင်(၃၃)ဦးအား စုစုပေါင်း ကျပ်၉၉သိန်း၊ လေးဘာသာ ဂုဏ်ထူးရှင်(၂၅)ဦးအား ဆယ်သိန်း၊ ငါးဘာသာဂုဏ်ထူးရှင်(၂၃)ဦးအတွက် ၁၁သိန်း၅သောင်းကျပ်၊ ခြောက် ဘာသာ ဂုဏ်ထူးရှင်(၂)ဦးအား ငွေကျပ် ၁သိန်း၂သောင်း စသည်ဖြင့် ဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။ ယင်းအပြင် အောင်ချက် အကောင်းဆုံးကျောင်း ပထမဆုကို အ.ထ.က နန်းမား ကျောင်းအား သုံးသိန်း၊ ဒုတိယဆုကို အ.ထ.က(၁)မိုးညှင်း နှစ်သိန်း၊ တတိယဆကို အ.ထ.က မြသီတာ(ဟိုပင်) တစ်သိန်းကျပ်တို့ ချီးမြှင့်ခဲ့ပြီး အောင်ချက်အကောင်းဆုံး ပြင်ပကျူရှင် ထူးဘော်ဒါအား ကျပ်ငွေ တစ်သိန်းနှင့် အ.ထ.က(၂)ကျောင်း ရန်ပုံငွေအတွက် ကျပ်သုံးသိန်းကိုလည်း ပေးအပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေးက“ ပြည်သူတွေ တင်မြောက် ခဲ့လို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် အလျောက် ပြည်သူတွေပေးတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါမယ်။ ကျေပွန်အောင်လည်း ကြိုးစားနေပါတယ်။ ပြည်သူ့လိုအပ်ချက်ဖြစ်သော မြို့အတွက် လမ်းကောင်းဖို့၊ မီးရဖို့လိုတယ်ဆိုတာသိလို့ လွှတ်တော်မှာ တင်ပြခဲ့တယ်။ လမ်းတွေအတွက် ကြိုးစားနေသလို လျှပ်စစ်မီးလည်း ရရှိနေပြီဖြစ်ပါတယ်။ ပြည်သူ့ဆေးရုံကို ကုတင်(၂၀၀)ဆန့် ဆေးရုံသို့ မြှင့်တင်ပေးရန်၊ ဆေးရုံဝင်း ကျဉ်းမြောင်းသည့်အတွက် တိုးချဲ့ပေးရန်၊ မိုးညှင်းဒီဂရီကောလိပ်ကို တက္ကသိုလ်အဖြစ်သို့ မြှင့်တင်ပေးရန် တောင်းဆိုထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များနဲ့ နိုင်ငံ ရေးပါတီများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နေကြသော ပုဂ္ဂိုလ် များဖြစ်ပါတယ်။ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးမှုကို အားတက်သရော ၀ိုင်းဝန်းစွမ်းဆောင်ပေးကြဖို့ လိုအပ်ပါတယ်”ဟု ပြောကြားသည်။
ယင်းအခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဖေသောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းတင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ယု၊ ဒီဂရီကောလိပ်ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာ အောင်မင်းဝင်း၊ မြို့နယ်အထောက်အကူပြုအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးးရာယဉ်ကျေးမှု အဖွဲ့များနှင့် ပြည်သူ(၈၀၀)ကျော် တက်ရောက်ခဲ့ကြသည်။
သီဟအောင်(ကချင်)
အကျဉ်းသားများနှင့် ပြဿနာ ဖြစ်ပွားခဲ့သည့် ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်းအားလုံးကို နေရာပြောင်းရွှေ့
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါ အ၀င် အကျဉ်းဦးစီး ၀န်ထမ်းအား လုံးကို ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်းက စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြောကြားသည်။
ယင်းကဲ့သို့ ကော့သောင်းထောင် အတွင်းရှိ အကျဉ်းဦးစီး ၀န်ထမ်းများအားလုံး ၃၀ ကျော်ကို ပြောင်းရွှေ့ လိုက်သည့်အပြင် အဆိုပါ ထောင်အတွင်း၌ ထောင်ဝန်ထမ်းများနှင့် အကျဉ်းကျ အကျဉ်းသားအချို့ စည်း ကမ်းလျော့ရဲမှုများကြောင့် စည်းကမ်းထိန်းသိမ်းရေး အပိုင်းများကိုလည်း ဆောင်ရွက်နေကြောင်း ကော့ သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက ပြောကြားသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ကော့သောင်းအကျဉ်းထောင်အတွင်း အကျဉ်း ကျနေသူများက ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်း တွင်းမှ ဆူပူအုံကြွ ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခဲ့ရာမှ အကျဉ်းသားနှစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရ အဖွဲ့၏ သတင်းထုတ်ပြန်မှုအပေါ် မကျေနပ်သဖြင့် စက်တင်ဘာ ၁၅ ရက်တွင် ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများက ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက "ကော့သောင်း အကျဉ်းထောင်မှာ တာဝန်ကျနေတဲ့ အကျဉ်းဦးစီး ၀န်ထမ်းတွေ အကုန်လုံးကို အခြားထောင်တွေမှာ ပြောင်း ပြီး တာဝန်ပေးထားတယ်လို့ သိရတယ်။ ဖြစ်စဉ်ကို စစ်ဆေးနေတဲ့ ကာလအတွင်းမှာ အကျဉ်းဦးစီး ၀န်ထမ်း တွေကို အခြားထောင်တွေမှာ တွဲဖက်ပြီးတော့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်" ဟု စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပြောကြားသည်။
"စုံခုံဖွဲ့ပြီး စစ်ဆေးတာ ပြီးသွားပြီ။ ဒီစစ်ဆေးချက်တွေကို ပြည်ထောင်စု ၀န်ကြီးဆီ တင်ပြထားတယ်။ ဘယ် လိုဆက်လက် ဆောင်ရွက်မယ် ဆိုတာတော့ မသိရသေးဘူး။ ဒါပေမဲ့ ၀န်ကြီးဌာန အနေနဲ့ ထိထိ ရောက်ရောက် အရေးယူ သွားမယ်ဆိုတာတော့ သိရတယ်" ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်းက ပြောကြားသည်။
ကော့သောင်း အကျဉ်းထောင် အတွင်းရှိ အကျဉ်းသားဦးရေ ၁၂၀ ကို မော်လမြိုင်ရှိ အကျဉ်းထောင်သို့ ပြောင်း ရွှေ့ ထားပြီး အဆိုပါ အကျဉ်းထောင်မှာ အကျဉ်းသားဦးရေ ၁၀၀၀ ဆံ့ ထောင်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
တောင်ကြီးတွင် ဆေးတက္ကသိုလ်တည်ဆောက်ပေးမည်
မြန်မာနိုင်ငံ၏တောင်တန်းဒေသ တစ်ခုဖြစ်သောရှမ်းပြည်နယ်(တောင် ပိုင်း)ဒေသ၌ ဆေးတက္ကသိုလ်ကြီး တစ်ခု တည်ဆောက်ဖွင့်လှစ်သွားရန် စီစဉ်နေ ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဆေးသိပ္ပံပညာ ဦးစီး ဌာနက ကြေညာ ချက် တစ်ရပ်ထုတ်ပြန်ထားသည်။
ဆေးတက္ကသိုလ်(တောင်ကြီး)ကို တည်ဆောက်ဖွင့်လှစ်သွားရန် စီစဉ် နေပြီဖြစ်ကြောင်း၊ ဆေးတက္ကသိုလ် (တောင်ကြီး) တည်ဆောက်မည့် လုပ်ငန်းခွင်တွင် အဓိကအားဖြင့် ပင်မ ဆောင်ကြီးအပြင် အမှုထမ်းနှင့် အရာ ထမ်းဝန်ထမ်းအိမ်ရာများပါ ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ နေပြည်တော်ရှိ ကျန်းမာ ရေးဝန်ကြီး ဌာန ဆေးသိပ္ပံပညာဦးစီးဌာနမှ သတင်းရရှိသည်။ နိုင်ငံတော်အစိုးရ အနေဖြင့်ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ယခုထက် ပိုမိုမြှင့် တင်သွားရန် စီစဉ်လျက်ရှိရာ တစ်ဖက် မှတိုင်း ဒေသကြီးနှင့် ပြည်နယ်များ ရှိဆေးရုံများအတွက် ဆေးဝါးဘတ် ဂျက်များတိုး မြှင့်ချပေးလျက်ရှိသည့် အပြင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ ဆရာဝန်များ မွေးထုတ် ပေးသွားရန်ပြင်ဆင်လျက်ရှိသည်။
ဆေးတက္ကသိုလ်(တောင်ကြီး)ကို တည်ဆောက်ဖွင့်လှစ်လိုက်ခြင်းဖြင့် တောင်တန်းဒေသနေ ကျောင်းသား ကျောင်းသူများ ဆေးတက္ကသိုလ်သို့ အိုးမကွာအိမ်မကွာ တက်ရောက်နိုင် တော့မည်ဖြစ်သည်။
ဤဒေသ၌ ဆေးတက္ကသိုလ်ဖွင့် လှစ်နိုင်ခြင်းကြောင့် တောင်တန်း ဒေသနေပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း ပိုမိုတိုးတက် ရရှိလာနိုင်သည်။ ဆေးတက္ကသိုလ် ဆင်းဆရာဝန် အများအပြား ဤ ဒေသ၌ ပေါ်ထွန်းလာနိုင်သည်။
မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ် များကို ရန်ကုန်၊ မန္တလေး၊ မကွေး စသော မြို့ကြီးများ၌ ဖွင့်လှစ် သင်ကြားလျက်ရှိရာမှ တောင်တန်း ဒေသတွင် ဆေးတက္ကသိုလ်ကြီးတစ်ခု ပေါ်ထွန်းလာမည်ဖြစ်သည်။ ယခု ကဲ့သို့ မြန်မာနိုင်ငံတွင် ဆေးတက္က သိုလ်တစ်ခု တိုးမြှင့်ဖွင့်လှစ်ရန် စီစဉ် လိုက်ခြင်းကြောင့် ဆရာဝန်ဘွဲ့ရများ ပိုမိုများပြားလာကာ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမို ပေးနိုင်တော့မည်ဖြစ်သည်။
သတင်းမှတ်စု-ကြံတိုင်းအောင်
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း 
သုံးမြွာပူးမိန်းကလေးများအား ပခုက္ကူဆေးရုံကြီးတွင် အောင်မြင်စွာမွေးဖွား
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အထွေထွေရောဂါကုဆေးရုံကြီး သားဖွားမီးယပ်ကုသဆောင်တွင် စက်တင် ဘာ ၂၇ ရက် နံနက်ပိုင်းက သုံးမြွှာပူးမိန်းကလေးများအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ ကြောင်းသိရ သည်။ စက်တင်ဘာ ၂၇ ရက် နံနက်တွင် ပခုက္ကူမြို့နယ် ကုက္ကိုလှကျေးရွာအုပ်စု သင်္ဘောကုန်းကျေးရွာနေ ဦးအောင်ကျော်သူ၏ဇနီး ဒေါ်သင်းသင်းအေးမှ ပခုက္ကူပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်ကုသဆောင်တွင် နံနက် ၉ နာရီ ၃၅ မိနစ်က ပထမမိန်းကလေးကို ငါးပေါင်ဖြင့်လည်းကောင်း၊ ဒုတိယမိန်းကလေးကို နံနက် ၉ နာရီ ၃၆ မိနစ်တွင် သုံးပေါင် ၁ဝ အောင်စဖြင့်လည်းကောင်း၊ တတိယမိန်းကလေးကို နံနက် ၉ နာရီ ၃၇ မိနစ်တွင် လေးပေါင်ဖြင့်လည်းကောင်း ပခုက္ကူဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကုဆရာဝန်ဒေါက်တာ ဒေါ်အေးအေးသင်းက အောင်မြင်စွာဖြင့် မိခင်နှင့် ကလေးသုံးဦးစလုံး ကျန်းမာစွာမွေးဖွား ပေးနိုင်ခဲ့သည်။ သုံးမြွှာပူးမိခင်ဒေါ်သင်းသင်းအေးအား ပခုက္ကူဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သင်းသင်းအေးနှင့် အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ ဆေးလူမှုဆက်ဆံရေးမှူးနှင့်ဝန်ထမ်းများက ပိတ်အနှီး စနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်(မန်းတက္ကသိုလ်)
သတင်းနှင့်မီဒီယာကွန်ယက်
Friday, September 27, 2013
ဒုကာချုပ်ဟောင်းမိသားစုဝင်များကို အစိုးရစက်မှုဝန်ကြီးဌာနက မောင်းထုတ်
လက်ရှိအစိုးရကို အေးချမ်းစွာ အာဏာလွှဲပြောင်း ပေးအပ်ခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ မိသားစုဝင်များ ပိုင်ဆိုင် လုပ်ပိုင်ခွင့်ရထားသော လှိုင်သာယာမြို့နယ်၊ ၀င်းသူဇာ အရောင်းဆိုင်ကို အစိုးရ စက်မှုဝန်ကြီးဌာနမှ တင်ဒါခေါ်ယူ ရောင်းချခဲ့ပြီး ယခုလကုန်အတွင်း (နှစ်ပတ်ခန့် အချိန်) ဆိုင်မှ ပစ္စည်းများနှင့်တကွ ဖယ်ရှားပေးရန် အကြောင်း ကြားခဲ့ကြောင်း၊ လုံလောက်သော အချိန်မပေးဘဲ ရက်ပိုင်းအတွင်း ဆိုင်မှ မောင်းထုတ်သည့် သဘောဖြစ်ကြောင်း ၎င်းဆိုင်၏တာဝန်ခံက မြန်မာသံတော်ဆင့်သို့ ပြောသည်။
အဆိုပါ ၀င်းသူဇာဆိုင်များသည် နယက အစိုးရလက်ထက် (၂၀၀၉ခုနှစ်) ဦးမောင်အေး အာဏာရှိစဉ်က စက်မှု(၁) ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း စီမံခန့်ခွဲမှုဖြင့် ပုဂ္ဂလိကသို့ သတင်းစာမှ တရားဝင် ခေါ်ယူ ငှားရမ်းလုပ်ကိုင် ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
လှိုင်သာယာ ၀င်းသူဇာဆိုင်မှ ကိုဘုန်းနိုင်(ဦးမောင်အေး၏ မိသားစုဝင်တစ်ဦး)က ““အခုလက်ရှိ စက်မှု ၀န်ကြီးဌာန၀န်ကြီးနဲ့ အောက်က ထွေ/ထိန်း ဌာနနဲ့ပဲ သက်ဆိုင်တာ။ ၀န်ကြီးကတော့ ကျွန်တော် ခြုံပြောရတာပေါ့ဗျာ။ အဓိက သက်ဆိုင်သူကတော့ မြန်မာ့အထွေထွေ ပြုပြင်ထိန်းသိမ်းရေးဌာန၊ ထွေ/ ထိန်းဌာနကို ဒီဝင်းသူဇာဆိုင်လေးက၊ လှိုင်သာယာက။ ထွေ/ ထိန်း အောက်က ဆိုင်ဆိုတော့ ထွေ/ ထိန်းနဲ့ စာချုပ်ချုပ်ပြီး ထွေ/ထိန်း ဌာနကို ကျွန်တော်တို့က စပေါ်တင်ထားရတာ။
စပေါ်တင်တဲ့အထဲမှာ ကျွန်တော်တို့က အဲဒီလှိုင်သာယာကပဲ ကျန်စစ်သား ဆိုင်တစ်ခန်းကို သိန်း ၇၀၀ တန်တယ်။ နှစ်ခန်း သိန်း ၁၄၀၀ တန်ကို ကျွန်တော်တို့ စပေါ်တင်ထားတာ။ အဲဒီတင်တဲ့ အချိန်တုန်းကတော့ တစ်ခန်းကို သိန်း ၂၅၀ ပေါ့ဗျာ။ အခု ကာလတန်ဖိုးက သိန်း ၇၀၀ ပေါက်နေတယ်။ အဲဒါကြီး ပျောက်နေတယ်။…
ဒီဆိုင်ကတော့ ကျွန်တော်တို့ ဒီလိုငြိနေတယ်။ ကျွန်တော်တို့ဟာကြီး ပျောက်နေတယ်။ ပြန်ပေးဖို့အတွက် မရှိဘူးနော်။ အဲလိုမျိုး အောက်ကတာဝန်ယူ၊ ပြီးတော့ GM တို့ ဘာတို့အဆင့်တွေက မတင်ပြလို့ပေါ့။ ဒီလကုန်နောက်ဆုံး။ ဒီလ ၃၀ရက်ကို အပြီးရွှေ့ပါ ဆိုပြီးတော့ ကျွန်တော်တို့ကို စာထုတ်ထားတာ။
ဘာမှလည်း လုပ်ခွင့်မရှိတော့ဘူး။ အချိန်လည်း ဆွဲလို့မရတော့ဘူး။ ဖြစ်စဉ်က ဘယ်လိုလဲဆိုတော့ ဒီစက်မှု ဆိုင်တွေကို ၀င်းသူဇာဆိုင်တွေကို ငှားတဲ့ အချိန်တုန်းက သူတို့က ငှားခါနီးတင်ဒါပေါ့၊ အရင်ဦးဆုံး တင်ဒါဆွဲဖို့ အချိန်လုပ်တယ်။ တင်ဒါလုပ်တဲ့အချိန်မှာ သူတို့က ကွင်းဆင်းပြီးတော့ ဆိုင်တွေမှာ ကုန်ပစ္စည်းလက်ကျန် ဘယ်လောက်ရှိတဲ့အချိန် သူတို့ စက်မှုပစ္စည်းတွေကို ကျွန်တော်တို့က လွှဲယူထားခဲ့ရတာ။ ၀ယ်ထားခဲ့ရတာဗျာ စယူတုန်းက။ ဘယ်ဆိုင်ကတော့ ဘယ်လောက် ကျန်သေးတယ်။ ဥပမာ ကျွန်တော်တို့ဆိုင်ဆိုရင် သိန်းပေါင်း ဘယ်လောက်ရှိတယ်၊ စက်မှုပစ္စည်းက။ လက်ရှိက သိန်း ၆၀၀ လောက် ရှိတယ်။ သူတို့ စာရင်းကောက်သွား တယ်။ ဘာလို့ကောက်လဲ ကျွန်တော်တို့မေးတော့ တင်ဒါကျရင် ဒီဟာ၊ ဒီဟာ ဒီဆိုင်တွေဟာ ဒီလိုတွေရှိနေ တယ်။ ၀န်ကြီးကို တင်ပြမယ်ပေါ့ဗျာ။ အနစ်နာခံတဲ့ လူတွေဆိုပြီး ကျွန်တော်တို့ကို စပြောမယ်။ တင်ဒါတော့ ၀င်ပြိုင် ဈေးချင်း တူလာရင် စဉ်းစားကြည့်လေ၊ တင်ဒါအောင်မြင်သူပဲ ကြေညာမယ် ဘာညာဆိုတော့ ဒါနည်းနည်း ဟထားတာလေ။ ကျွန်တော်တို့ကို ခေါ်ပြောတာကတော့ ဒီဟာတွေ ကုန်ပစ္စည်း လက်ကျန်တွေတော့ ရှိနေတယ်။ ခင်ဗျားတို့ကိုတော့ ငဲ့ညှာမှာပဲ။ တင်ဒါလည်း လုပ်လည်းလုပ်ရော ကျွန်တော်တို့ကို မခေါ်တော့ပြန်ဘူး။ မခေါ်တော့ဘူး ဆိုတော့ တင်ဒါအောင်တဲ့လူ ပထမ ငါးယောက်ကို ခေါ်ညှိမယ်ဆိုပြီး နောက်တော့ ချက်ချင်းပဲ အဲဒီပွဲမှာတင် မိနစ် ၂၀ လောက်ပဲ ကြာတယ်။ တင်ဒါ ဖွင့်နေတဲ့ အချိန်မှာ သုံးယောက်ဖြစ်သွားရော ဖွင့်ပြီးတဲ့ အချိန်မှာ။ အမှန်ကတော့ အဲဒီသုံးယောက်မှာ သူတို့အုပ်စုတွေက အကုန်ရထားပြီးပြီ။ ကဲ ထားတော့ ငါတို့ ကံမပါတော့ မရဘူး။ မရဘူးဆိုတဲ့ အချိန်မှာ သူတို့က ဘာထပ်ပြောလဲဆိုတော့ ခင်ဗျားတို့ကို ဆိုင်ခန်းပြောင်းတဲ့ အချိန်လေးတော့ အထိုက်အလျောက်တော့ ပေးရမှာပေါ့ဗျာ ဆိုပြီးတော့ သူတို့ပါးစပ်က ထွက်ပြန်ရောဗျ သိလား။  ပြီးတော့မှ ထွက်တော့မှ လူတွေ နည်းနည်း ငြိမ်လောက်ပြီ ဆိုတော့မှ …. တွေနဲ့ စာချုပ်ချုပ်တော့မယ်။ တစ်ရက် နေ့ဆို စာချုပ်ချုပ်ပြီ။ ခင်ဗျားတို့ ဒီလအပြီးဆင်းပါ ဆိုတဲ့စာတွေ ထုတ်ပစ်လိုက်တာ။ ကျွန်တော်တို့ ဒီဝင်းသူဇာကို ယူတယ်ဆိုတာလည်း တိုးတိုးတိတ်တိတ် ယူခဲ့ကြတာမဟုတ်ဘူး။ အဲဒီအချိန်တုန်းက သတင်းစာထဲမှာပဲ ကျွန်တော်တို့ခေါ်ခဲ့တာ။ ၀င်းသူဇာ ကိုယ်စားလှယ် အရောင်းဆိုင်များအဖြစ် ငှားရမ်းမှာဖြစ်ပါတယ်။ အရောင်းပစ္စည်းတွေ ယူရပါမယ်။ အခြားပြင်ပပစ္စည်းတွေ မရောင်းရဘူး။ စက်မှုပစ္စည်းတွေကိုပဲ ကျွန်တော်တို့ဝယ် ပေးပါ။ အဲဒီပစ္စည်းတွေကိုပဲ ရောင်းပေးပါ။ တစ်လကို ဘယ်နှသိန်းဖိုး ရောင်းပေးပါဆိုပြီး သူတို့ ၀န်ကြီးဌာနမနိုင်တဲ့ အထုပ်ကို ကျွန်တော် တို့ကို စမ်းသပ်ချင်တဲ့ သူတွေကို ခေါင်းပေါ်တင်ပေးခဲ့တာ။ အဲဒီအချိန်တုန်းက တကယ်တမ်းရှိတာက နှုတ်ကတိနဲ့ ကျွန်တော်တို့ကို ငါးနှစ်ဆိုပြီး ပြောခဲ့တယ်။ ခင်ဗျားတို့ ငါးနှစ်လောက်တော့ အချိန်ပေးမှာပေါ့ဆို ပြီးတော့ပြောခဲ့တယ်။ ဒါပေမဲ့လို့ နှစ်နှစ်ကိုတစ်ခါ၊ နှစ်နှစ်ကို တစ်ခါစာချုပ်တာ။ အခုကလည်း ဒီလိုကိစ္စလုပ်မယ် ဆိုတာ ကျွန်တော်တို့အတွက် ပြင်ဆင်ချိန်မရဘူး။ တစ်လလောက် အတွင်းမှာတင် လုပ်ချပစ်လိုက်တာ။
အခုကတော့ ကျွန်တော်တို့ မရတော့တဲ့ အတွက် ကျွန်တော်တို့မှာ ရွှေ့ပြောင်းဖို့ အချိန်တော့ ရှိတယ်လေဗျာ။ ရွှေ့ပြောင်းဖို့ အချိန်တော့ သူတို့ပေးရမှာပေါ့။ အနည်းဆုံး တစ်လ၊ နှစ်လတော့ သူတို့ ပေးရမယ်လေ။ သိထား သလောက်ကတော့။ ဆိုင်မရှိတဲ့သူတွေက ဘယ်မှာသွားထားမလဲ။ လှိုင်ဝင်းသူဇာဆို ကျွန်တော်ကြားတာ အနောက်ဘက်က ဂိုထောင်လေးထဲမှာ သွားပြီးထိုးသိပ်ထည့်ရမလို”” ဟု မြန်မာသံတော်ဆင့်သို့ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်၏ ဗိုလ်ချုပ်အောင်ဆန်းဈေးအတွင်း ဖွင့်လှစ်ထားသော စက်မှုဝန်ကြီးဌာနက ၀င်းသူဇာ ဆိုင်ကိုလည်း လေလံပစ်ခဲ့ကြောင်း အဆိုပါ ၀င်းသူဇာဆိုင်ကို လက်ရှိ လုပ်ကိုင်ခွင့်ရနေသူ ဒေါ်စပယ်မော်က ““နစ်နာတာကတော့ တော်တော်နစ်နာတယ်။ အစ်မကတော့ အချိန်တောင်းထားတယ်။ အချိန် ၅ လ ပေးပါဦးလို့။ အဲဒါပဲ ပြောထားသေးတယ်။ ဒီနေ့တော့ စာရောက်လာပြီဆိုတော့ မနက်ဖြန် အစ်မ စာပို့ မှာပေါ့နော်။ ၅ လလောက် ပေးပါဦးလို့။ ကိုယ့်ရဲ့ ဌာနဆိုင်ရာကိုပဲပေါ့။ ၃၁ သိန်းခွဲနဲ့ လေလံပစ်သွားတာ။  စက်မှုက စည်ပင်ကနေတစ်ဆင့် ဒေါ်စံပယ်မော်ကိုတော့ သူတို့ ငှားရမ်းထားတယ်ပေါ့။ ဒေါ်စံပယ်မော်မှ မယူရင် သူတို့ကို ပြန်အပ်ပါဆိုတာ သူတို့ ထုတ်ပြန်ထားတော့ အန်တီ ဖတ်ခဲ့ရတယ်။ အန်တီက စည်ပင်ကနေ စာချုပ် ချုပ်ထားတယ်။ ဒေါ်စံပယ်မော်က ဘယ်နှခုနှစ်က စည်ပင်အမိန့်နဲ့ ငှားထားတယ်။ ဒေါ်စံပယ်မော် ဆက်ငှားမယ်ဆို လေလံ မတင်ရဘူးပေါ့။ အဲလိုရေးထားတယ်။ ဆက်မငှားတော့ဘူးဆို သူတို့ကို ပြန်အပ်ပါလို့ ပြောထားတယ်။ လေလံတင်လိုက်တယ်။ အန်တီဆက်မငှားဘူးဆို ပြန်အပ်ပေါ့။ အဲလိုပြောတာ။ စည်ပင်က ဘယ်ခုနှစ်မှာ ဘယ်လို ဒေါ်စံပယ်မော်ကို တစ်ဆင့်ငှားရမ်းထားတယ်ပေါ့ အဲလိုပြောတာ””ဟု မြန်မာ သံတော်ဆင့် သို့ ပြောသည်။
ရန်ကုန်မြို့ရှိ ၀င်းသူဇာ အရောင်းဆိုင်များမှ အချိန်တိုအတွင်း ဖယ်ရှားပေးရန် အကြောင်းကြားခြင်း ခံရသည့် လုပ်ငန်းရှင်များက နိုင်ငံတော်သမ္မတထံ အချိန်တိုးပေးရန်နှင့် နစ်နာမှုများအား ပြန်လည် စိစစ်ပေးရန် တင်ပြခဲ့ရာ ““မြန်မာတစ်ပြည်လုံး ၀င်းသူဇာပေါင်း ၇၈ ဆိုင် ရှိသည့်အနက် တင်ဒါခေါ်ယူမှုမှာ ယခု ၃၈ ဆိုင်နှင့် နောက် ၁၃ ဆိုင် စုစုပေါင်း ၅၄ ဆိုင်သာ တွေ့ရှိရပါသည်။ ကျန် ၂၅ ဆိုင်ကို စာရင်းဖော်ပြထားခြင်း မရှိဘဲ တင်ဒါ ခေါ်ယူမှုတွင်လည်း မပါဝင်ခဲ့ပါ။
ထိုအချိန်က လက်ရှိ ရောင်းချနေသော ပစ္စည်းများအား တစ်လအတွင်း ငွေချေရခြင်း၊ ထပ်မံမှာ ယူလိုသော ပစ္စည်းများအား တစ်လဆိုင်း ငွေပေးချေမှုဖြင့် စက်မှုထွက်ကုန်များကို ရောင်းချ ပေးခဲ့ကြပါသည်။ ထိုပစ္စည်းများသည် အခြေခံ လူတန်းစားများ သုံးစွဲနေသည့် စက်မှုထွက်ကုန်များ ဖြစ်သည့်အပြင် ပြည်တွင်းဖြစ်ကို အားပေးရာလည်း ဖြစ်ခဲ့ပါသည်။
စက်မှုထွက်ကုန်များသည် မိမိတို့၏ ဆိုင်များတွင် ကျပ် ၈ သန်း ကျော်မှ ကျပ် သန်း ၆၀ ကျော်အထိ လက်ကျန်များ ကျန်ရှိ နေပါသည်။ ထိုပစ္စည်းများ ကျန်ရှိနေမှုကို ဌာနမှ သိရှိပြီး ဖြစ်ပါသည်။ တင်ဒါခေါ် ယူမည် ဆိုသော ကိစ္စအား ဌာနမှ ကြိုတင် အသိပေးမှု မရှိဘဲ အများကဲ့သို့သာ တင်သွင်း ယှဉ်ပြိုင်ခဲ့ရပါသည်။ ၀င်းသူဇာ (ကိုယ်စားလှယ်) အရောင်းဆိုင် ဖွင့်လှစ်ထားသူများသည် အခြေခံ လူတန်းစားများသာ ဖြစ်ပါသည်။
တင်ဒါ ခေါ်ယူရာတွင်လည်း သိန်း ၅၀ မှ သိန်း ၅၀၀ သို့ တိုးမြှင့်သည့်အတွက် လက်ရှိ ကိုယ်စားလှယ်များစွာ တင်ဒါ တင်သွင်းနိုင်ခြင်း မရှိခဲ့ပါ။ တင်ဒါ တင်သွင်းခဲ့သူများသည်လည်း လုပ်ငန်းရှင်ကြီးများ၏ တင်သွင်းမှု များအား အမီလိုက်နိုင်ခြင်း မရှိခဲ့ပါ။ ဌာနမှ လက်ရှိ ဆိုင်ဖွင့်ထားသူများအား ဦးစားပေးမည်ဟု နှုတ်ကတိ ပြုလုပ်သည်ဖြစ်ပါ၍ ဌာနမှ မည်သို့မျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟုဆိုကာ တင်ပြမှုများကို ညှိနှိုင်းပေးမှု မရှိခဲ့ပါ။ ထို့အပြင် စက်တင်ဘာ ၁၉ တွင် ဌာနမှ စက်တင်ဘာ လကုန်တွင် အပြီး ဖယ်ရှားပေးရန် အကြောင်းကြား လာပါသည်။ ဆိုင်တင်ရောင်းချမှု တန်ဖိုးများမှာ ကျပ် ၁၀သန်း မှ ကျပ် သန်း ၁၃၀ ကျော် လက်ကျန်များ ကျန်ရှိနေပြီး အလွယ်တကူ ပြောင်းရွှေ့ရန်မှာ မဖြစ်နိုင်ပါ။
ဌာနမှ ကိုယ်စားလှယ် အရောင်းဆိုင်များအပေါ် လက်ကျန်များ ရှိနေသည်ကို သိပါလျက်-
(၁) တင်ဒါမခေါ်ယူမီ တာဝန်ယူ တင်ပြပေးမှု မရှိခြင်း
(၂) ဆိုင်ခန်း ငှားရမ်းမှုများ လွန်စွာ ကြီးမြင့်နေခြင်း (မြစ်ကြီးနား တစ်လငှားရမ်းမှု ကျပ်သိန်း ၁၆၀)
(၃) ရွှေ့ပြောင်းမှုအား လုံလောက်သော အချိန်မပေးခြင်း စသည်တို့ကြောင့် ၀င်းသူဇာ (ကိုယ်စားလှယ်) အရောင်းဆိုင် ဖွင့်လှစ်ထားသူများ အနေဖြင့် များစွာ နစ်နာလျက်ရှိနေပြီး အားကိုးရာမဲ့ ဖြစ်နေကြပါသည်…”” စသည်ဖြင့် ထည့်သွင်း ရေးသားထားသည်။
မင်းကင်းမြို့ရှိ စာသင်ဝိုင်းတစ်ခုမှ ကလေးငယ်များအား မစင်ပုံးများ စွန့်ပစ် ခိုင်းခြင်းကိစ္စ တားဆီး ဖြေရှင်းပေးစေလို
စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးခရိုင် ၊မင်းကင်းမြို့ စာသင်ဝိုင်း တစ်ခုမှ အထက်တန်း အဆင့် ကျောင်း သားလေးများအား ကျောင်းသူ ကျောင်းသား ဆရာဆရာမများ၏ အပေါ့အပါး ထည့်ထားသော ပုံးများအား အလှည့်ကျ စနစ်ဖြင့် စွန့်ပစ်ခိုင်းနေကြောင်း အဆိုပါ စာသင်ဝိုင်းအနီးတွင် နေထိုင်သူ တစ်ဦးမှ ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ၄င်းစာသင်ဝိုင်းတွင် ပညာသင်ကြားနေသော ကျောင်းသားလေး တစ်ဦး ကလည်း သေးပုံတွေကိုသားတို့ ကျောင်းသားတွေ အကုန်လုံး သယ်စွန့်တဲ့ အလုပ်လုပ်ရတယ် ကျောင်းသူ တွေတော့ မပါပါဘူး။ ကျောင်းသားတွေ ကိုယ့်အလှည့်ကျနဲ့ ကိုယ်ပစ်ရတာပါ။ တစ်ဖွဲ့ကို (၈) ယောက်ဖွဲ့   ထားပါတယ်။ နောက်ပြီး သားတို့က အဲဒီ စာသင်ဝိုင်းကို တစ်နှစ်ကို သုံးခါခြောက်သောင်းကျပ် သွင်းရတယ်။ အားလုံးပေါင်း တစ်သိန်းရှစ်သောင်းပါ။သားတို့ ဒါတွေကို မလုပ်ချင်ဘူးဆိုရင်လည်း အိမ်က အငေါက်ခံရမှာ စိုးလို့ပါလို့ ပြောခဲ့သည်။
ကျောင်းသား မိဘတစ်ဦးကတော့ ဒီကိစ္စသူ့ဆရာတွေ သွားပြောရင်လည်း သားသမီးတွေရဲ့ ပညာရေးအတွက်က စိုးရိမ်ရတယ်လေ။ ဒါကြောင့် ကိုယ့်သားသမီးကို မလုပ်စေချင်ပေမယ့်လည်း သား သမီး ပညာရေးကို ထောက်ထားပြီး ဒီအတိုင်းပဲ နေကြရတာပေါ့လို့ ပြောသည်။
၎င်းကိစ္စအား ကျောင်းသား  များ ကျောင်းသား မိဘများကပညာရေး ထောက်ထားကာ နှုတ်ဆိတ်နေသော် လည်း ဒေသရှိ လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် အထက်ချင်းတွင်း ဒေသလူငယ်များ ကွန်ယက်မင်း ကင်းမြို့လူငယ်များအနေဖြင့် မခံမရပ်နိုင်ဖြစ်ခဲ့ကြပြီး ILO ချင်း/စစ်ကိုင်း ကိုယ်စားလှယ်သို့ ပါတိုင်ကြားထားပြီးILO ဒေသကိုယ်စားလှယ် အနေဖြင့် မင်းကင်းမြို့ မြို့နယ်အုပ်ချုပ်ရေးသို့ ပြေလည်စေရေး ဆောင်ရွက်ပေးရန် ညှိနှိုင်း ပြောဆိုခဲ့သည်။
အဆိုပါ ကလေးငယ်များအား မစင်ပုံးများစွန့်ပစ်ခိုင်းသည့် စာသင်ဝိုင်းမှာ မင်းကင်းမြို့အမှတ်(၁)ရပ်ကွက်ရှိ ထူးချွန်အောင်စာသင်ဝိုင်းဖြစ်ပြီး ၄င်းကိစ္စအား ကျောင်းသားများနှင့် မိဘများမှ မပြောရဲပဲ ရှိနေသော်လည်း မင်းကင်းလူငယ်များမှ လုံးဝမကျေနပ်ပဲ မြို့နယ်အနေဖြင့် တားဆီးအရေးယူခြင်း ပြုလုပ်မပေးပါက သက် ဆိုင်ရာဌာနများ အထိ စာတင်တိုင်ကြားမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါ မစင်ပုံးများကို ညစဉ် အလှည့်ကျတာဝန်ဖြင့် ချင်းတွင်းမြစ်အတွင်း သို့ လည်ေးကာင်း ဆင်လည် တောင်ခြေ ရှိ တောစပ်အနီးသို့ လည်းကောင်း စွန့်ပစ်နေကြသည် ဟုလည်းသိရပါသည်။
မင်းကင်း စစ်နိုင်
ThanLarWaddy Times 
ကျောင်းသားငယ်ကို လိင်တူ ဆက်ဆံရန် ဖျားယောင်းသည်ဟု ပြည်မြို့ နယ်မှ ကျောင်းဆရာ စွပ်စွဲခံရ
 ပြည်မြို့၊ ၀က်ထီးကန်တိုက်နယ် အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းဆရာတစ်ဦးသည် ကိုးနှစ်အရွယ် စတုတ်္ထတန်းကျောင်းသားတစ်ဦးကို လိင်တူဆက်ဆံရန် ဖျားယောင်းသည်ဟု စွပ်စွဲကာ ကျောင်းသား မိဘများက မြို့နယ်ပညာရေးမှူးရုံးသို့တိုင်ကြားထားသည်။
“ကျောင်းသားမိဘနဲ့ ကျောင်းကော်မတီဝင်တွေ လာကြတယ်။ ရုံးအနေနဲ့ ခံဝန်လက်မှတ်ထိုးပေးထားတဲ့ အစီအစဉ် လောက်နဲ့ မကျေနပ်နိုင်ဘူး။ ဆရာကြီးကို ဒီကျောင်းက ပြောင်းပေးဖို့ပါ နှုတ်နဲ့ တိုင်သွားတယ်”ဟု အဆိုပါ အခြေခံ မူလတန်းကျောင်း၏ ကျောင်းအုပ်ကြီးက မဇ်္ဈိမကို ပြောသည်။
တိုင်ကြားခံရသူ ကျောင်းဆရာမှာ ၀န်ထမ်းလုပ်သက်၂၂ နှစ်ရှိပြီဖြစ်သည်။ ကျောင်းဆရာနှင့် ကျောင်းသား တို့ ကျောင်းအိမ်သာအတွင်းအတူ ရှိနေသည်ဟု စွပ်စွဲကာ ကျောင်းသားမိဘများ က တိုင်ကြားကြခြင်း ဖြစ်သည်။ ““ဘောင်းဘီ ၀တ်ထားရင် ဘောင်းဘီမျှော့ကြိုးကို ဖြည်ပြီး ဆရာကြီးက အတင်းနှိုက်တဲ့ အ ကြောင်း ကလေးက ပြောတယ်။ ကလေးက မေးလို့ မရဘူး။ ငိုဘဲငိုနေတယ်” ဟု ကျောင်းသား မိဘက ပြောသည်။
ကျောင်းသားမိဘများ၏ တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးနိုင်အောင် ထွန်းသို့ ဆက်သွယ်မေးမြန်းရာတွင် စွပ်စွဲခံရသူ ကျောင်းဆရာနှင့် ဆွေးနွေးရန် ရှိသည်ဟု ပြန်လည်ဖြေ ကြားသည်။ စွပ်စွဲခံရသူ ကျောင်းဆရာကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ ငြင်းဆိုထားသည်။
ရေခဲ (ပြည်)
Mizzima - News in Burmese 
မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပါးရိုက်
ရန်ကုန်-မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်တွင် သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပါးရိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သပိတ်ကျင်းမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
စက်တင်ဘာ ၂၆ ရက်က သပိတ်ကျင်းမြို့နယ် ၀က်သေရွာနှင့် ဖက်ရွှေရွာတွင်ဖြစ်ပွားနေသော မြေယာ အငြင်းပွားမှုပြဿနာအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးဆောင်ကာ လာရောက်စစ်ဆေးသည့် ခရီးစဉ် ကြို ဆိုရန်ပြင်ဆင်နေစဉ် ယင်းပြဿနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“သတ်မှတ်ထားတဲ့နေရာကို အချိန်နည်းနည်းနောက်ကျပြီးမှရောက်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လူရှေ့ သူရှေ့မှာ ရိုက်တာပါ။ ကြီးတဲ့သူတစ်ယောက်ကို ငယ်တဲ့သူက (အသက်အရွယ်) ရာထူး အရှိန်အ၀ါကြောင့် ပါးရိုက်တယ်ဆိုတာလူကြားလို့တောင် မကောင်း ပါဘူး”ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ ၀က်သေရွာသား တစ်ဦးက ပြောသည်။
စက်တင်ဘာ ၂၆ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်ကို ကြိုဆိုရန်သတ်မှတ် ထားသည့်နေရာအား သပိတ်ကျင်းမြို့နယ် ဘုံဇုံးကျေးရွာ အုပ်ချုပ်ရေးမှူးဦးမြင့်မှာ ဆယ်မိနစ်ခန့် နောက်ကျ မှ ရောက်ရှိလာခဲ့ခြင်းကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်က ပါးရိုက်ခဲ့ခြင်းဖြစ်သည် ဟုလာရောက် တိုင်ကြားထားကြောင်း သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။
“ဆေးရုံကစစ်ဆေးချက်အရ သာမန်ဒဏ်ရာလို့ ဆေးစာထုတ် ပြန်တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးကို ချက်ချင်းအရေးယူလို့ မရသေးပါဘူး။ တရားလို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဘက်က ရပ်တည်ပြီး အမှုကို တရားရုံးကို လွှဲပြောင်းပေးသွားမှာပါ”ဟု အဆိုပါ ရဲအရာရှိကပြောသည်။
ယင်းဖြစ်စဉ်ကို ခရိုင်အဆင့် အထက်အရာရှိများထံသို့ သတင်း ပေးပို့ထားပြီး ပြစ်မှုပုဒ်မ ၃၂၃ ဖြင့် အမှု ဖွင့်ကာ တရားရုံးသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ မပေးလိုကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
Myanmar  Online News
မွန်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မှားယွင်းမှု ၈၀ ရာခိုင်နှုန်းခန့် ဖြစ်နေသည်ဟုဆို
ရန်ကုန်တွင် မွန်လူမျိုး သန်းခေါင်စာရင်းကောက်ယူမှုကို ဆောင်ရွက်နေရာ လူမျိုးအမည် မှားယွင်းမှုများ
တွေ့ရသည်မှာ စာရင်းကောက်သည့် လူဦးရေ၏၈၀ ရာခိုင်နှုန်းခန့် ဖြစ်နေသည်ဟု မွန်လူမျိုးလူဦးရေ စာရင်းကောက်ယူရေးစီမံချက် ဦးဆောင်ကော်မတီအဖွဲ့ဝင် မိခင်လေးမြင့်က စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။
မွန်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မှားယွင်းမှု ၅၀ ရာခိုင် နှုန်းခန့်ရှိမည်ဟု ခန့်မှန်းသော်လည်း လက်တွေ့ကောက်ယူရာတွင် ၈၀ ရာခိုင်နှုန်းခန့် လွဲမှားနေခြင်းဖြစ်သည်ဟု ၎င်းင်းက ပြောခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် မွန်လူမျိုးလူဦးရေစာရင်း ကောက်ယူ ရေးစီမံချက်ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်လူမျိုး လွှတ်တော်အမတ်ပေါ်ထွက် လာစေရန် ဖြစ်သည်။ ယင်းအပြင် ရန်ကုန်တိုင်းဒေသ
ကြီးအတွင်းရှိ မွန်လူဦးရေသည် တစ်နိုင်ငံလုံး လူဦးရေ၏ ၀.၀၁ရာခိုင်နှုန်းထက် ကျော်လွန်ကြောင်း တင်ပြနိုင်ရန်အတွက်လည်း ကွင်းဆင်းစာရင်း ကောက်ယူခြင်းဖြစ်သည် ။
မိခင်လေးမြင့်က “သန်းခေါင်စာရင်း မှားနေတဲ့ မွန်တွေက မွန်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းပဲ သန်းခေါင်စာရင်းမှာ လူမျိုး အမည်မှားနေမယ်ပေါ့။ အခုတကယ်တမ်းကောက် ကြည့်တော့မှ ၈၀ရာခိုင်နှုန်းလောက်က မှားနေမှန်းသိရတယ်” ဟု ပြောသည်။
မွန်လူမျိုးလူဦးရေ စာရင်းကောက်ယူရေး စီမံချက်အား ဇူလိုင်လ ပထမပတ်တွင် စတင်ခဲ့ပြီး ဒီဇင်ဘာလတွင် အပြီးသတ်မည်ဖြစ်ကာ ရန်ကုန်မြို့တွင် ခန့်မှန်းအားဖြင့် မွန်လူဦးရေ တစ်သိန်းခွဲခန့် ရှိမည်ဟုလည်း ၎င်းက ဆိုသည်။
ယခင်က မွန်လူမျိုးများသည် သန်းခေါင်စာရင်းတွင် ဗမာလူမျိုးဟု မှားယွင်းဖော်ပြခြင်းခံရသည်ဟု စစ်တမ်းများ အရ တွေ့ရှိ ရသော်လည်း သန်းခေါင်စာရင်း ကောက်ယူချိန်တွင် မွန်လူမျိုးများအား ကရင်လူမျိုးဟု မှားယွင်း
ဖော်ပြထားသည်များလည်း တွေ့ရှိ နေရသည်ဟု မွန်လူမျိုးလူဦးရေစာရင်းကောက်ယူရေးစီမံချက် ဦးဆောင်ကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးနိုင်မင်းသောင်းသျှင်က ပြောသည်။
လူမျိုး လူဦးရေစာရင်းကောက်ယူရေး စီမံချက်အရ စမ်းသပ်ကောက်ယူသော မွန်အိမ်ထောင်စု ၃၀ ၌ ၁၀ စုသာ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတွင် မွန်လူမျိုးဟု စာရင်းအမှန်တွေ့ရှိရသည်ဟု မွန်လူမျိုး လူဦးရေ စာရင်းကောက် ယူရေး စီမံချက်၏ ဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် နိုင်ခင်မောင်မောင်က ဇူလိုင်လအတွင်းက ပြောခဲ့သည်။
ရန်ကုန်တိုင်းအတွင်းရှိ မွန်လူဦးရေ စာရင်းကောက်ယူရာတွင် ပါဝင်မည့် ၀န်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို သြဂုတ်လ အတွင်းက လူဦးရေစာရင်းကောက်ယူရာတွင် ကျွမ်းကျင်သည့် ဆရာမ တစ်ဦးခေါ်ယူကာ နှစ်ရက်သင်တန်းပေးခဲ့သေး သည်ဟု လည်း စီမံချက်စီမံခန့်ခွဲမှုဒါရိုက်တာ ဦးမင်းစိုးအောင်က ပြောသည်။
မွန်လူမျိုး လူဦးရေစာရင်း ကောက်ယူရာတွင် အဆင်ပြေစေရန်အတွက် မြို့နယ်များတွင် စေတနာ့ဝန်ထမ်းများ ထားရှိကာ ခန့်အပ်ထားသည့် ၀န်ထမ်းများနှင့် ချိတ်ဆက် ဆောင်ရွက်သွားခြင်း ဖြစ်သည်။
Mizzima - News in Burmese
တောင်ဥက္ကလာ ဆိပ်ငြိမ်ရပ်ကွက် တစ်ခုတွင် လူငယ်တချို့ မဖွယ်မရာပြသ သောင်းကျန်းနေ
ရန်ကုန် မြို့ တောင်ဥက္ကလာပမြို့နယ် ရှိ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်သော ၁၄/၃ ရပ်ကွက်တွင် နေထိုင် သည့် အမျိုးသမီးငယ်တချို့မှာ လူငယ် တစ်စု၏ မဖွယ်မရာများကိုပြပြီး ကာယိအိနြေ္ဒကို ထိပါးစေသောအ ပြုအမှုများကို မကြာခဏကြုံတွေ့ နေရကြောင်း အဆိုပါရပ်ကွက် နေ အမျိုးသမီးများ၏ ပြောပြချက် အရသိ ရသည်။ တောင်ဥက္ကလာပမြို့နယ် ၁၄/၃ ရပ်ကွက်သည် လူခြေတိတ် ဆိတ်သည့် ရပ်ကွက်ဖြစ်သည်ကို အ ခွင့်ကောင်းယူကာ ယင်း အမျိုး သားလူငယ်တစ်စုသည် မိန်းကလေးအများစု ဖွင့်လှစ်နေသည့် အ လှပြင် ဆိုင်၊ အပ်ချုပ်ဆိုင်များရှေ့ တွင် ယင်းတို့ လိင်အင်္ဂါများကို မဖွယ်မရာပြသပြီး အနှောင့်အယှက်ပေးနေကြ ကြောင်း နှောင့် ယှက်ခြင်းခံရသူ ရပ်ကွက်နေ အမျိုး သမီးများ က ဆိုသည်။
၁၄/၃ ရပ်ကွက်နေ စကား ဖြူလမ်းအတွင်းရှိ အလှပြင်ဆိုင် တစ်ခုမှ အမျိုးသမီးတစ်ဦးက''ကောင် လေးတွေ စက်ဘီးနဲ့ အိမ်ရှေ့ကို လာပြီး ဒီလိုမဖွယ်မရာ လာလုပ် ကြတာ၊ အခုဆို လေးခွတောင် ဆောင်ထားရတယ်။ သူတို့လာရင် ပစ်ဖို့၊ အသက်ကလဲ အရမ်းမကြီး ဘူး၊ ၂၀ ပတ်ဝန်းကျင်လောက်ပဲ။ လူရှင်းတဲ့ မွန်းလွဲ ၁ နာရီ ဝန်း ကျင်လောက် လာကြတာ။ မိန်း ကလေးရှိတဲ့ အိမ်တိုင်းကိုလုပ်တယ်။ သူတို့အကြောင်းကို ဒီတစ်ရပ် ကွက်လုံးသိတယ်''ဟု ပြောသည်။
ယင်းက ''ရပ်ကွက်ထဲမှာ အိမ်တော်တော်များများက ခြံတံ ခါးတွေ ပိတ်ထားကြတာများတယ်။ ကျွန်မတို့က ဆိုင်ဆိုတော့ တံခါး ဖွင့်ထားရတယ်။ လမ်းပေါ်ဘယ် သူဖြတ်ဖြတ် လှမ်းကြည့်ရတာ။ သူ့ကိုကြည့်သလို ဖြစ်သွားတာ ပေါ့၊ အဲ့ဒါ လိုက်ဖမ်း ရင် ပြေးတာ ပဲ''ဟု ပြောသည်။ ယင်းလူငယ်များကို ရပ်ကွက် အတွင်း နှိမ်းနင်းမည့်သူများ မရှိ ကြောင်း၊ ဖမ်းမိသူတချို့ရှိကြောင်း ရပ်ကွက်လူကြီးများကို မိန်းကလေး ငယ်များမှ တိုင်ကြားထားကြောင်း နှင့် ယခုနှစ်ဧပြီလတွင် စတင်ကြုံ တွေ့ကြရခြင်းဖြစ်ကြောင်း ယင်း ရပ်ကွက်နေ အမျိုးသမီးများက ဆိုသည်။
ရပ်ကွက်အတွင်းရှိ ပွင့်ဦးစံ အပ်ချုပ်ဆိုင်မှ အမျိုးသမီးတစ်ဦး က ''အစ်မတို့လဲ ဒီလိုကြုံရတယ်၊ အစ်မတို့က မိန်းကလေးတွေဆို တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး၊ အကုန်လုံးက မိန်းကလေး တွေဆိုတော့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်တာပေါ့၊ တစ်ခါတစ် ခါလာတဲ့သူက မတူတော့ ရုပ်ရည် လဲသေချာမမှတ်မိဘူး။ မိန်းကလေး တွေ အများစုဝင်ထွက်နေတဲ့ နေရာ မို့လို ဒီလိုလုပ်တာဖြစ်မယ်''ဟု ပြောသည်။
ယင်းနှင့်ပတ်သက်ပြီးတောင် ဥက္ကလာပ မြို့နယ်ရဲစခန်းကို ရန်ကုန် တိုင်းမ်သတင်းစာက ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက ''ဒါနဲ့ပတ်သက်ပြီး တိုင်းကြားထား တာတွေတော့ ယနေ့ထိမရှိသေး ပါဘူး။ ရပ်ကွက်တာဝန်ရှိသူကလဲ လာရောက် အကြောင်းကြားထားတာ မရှိသေးပါဘူး။ အခုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်ထိန်းတွေ နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကို အဲဒီနေရာတွေကိုသေချာ စောင့် ကြည့်ဖို့ တာဝန်ပေးလိုက်ပါပြီ''ဟုပြောသည်။
Credit to - ဟာဂျူလီ ကသာ
Classic Burma News 
အခြေခံဥပဒေအသစ် ပြန်လည် ရေးဆွဲရေးထက် ပြင်ဆင်ရေးသာ လက်တွေ့ကျဟု KNU ပြောကြား
အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုများ စတင်လျက်ရှိသော ကရင်အမျိုးသား အစည်းအရုံး (KNU) သည် လက် နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေးပါတီ အချို့က တောင်းဆိုနေသော အခြေခံဥပဒေအသစ် ပြန်လည် ရေးဆွဲ မှုကို သဘောမတူဘဲ အခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းသည်သာ လက်တွေ့ကျသော နိုင်ငံရေး ဖြေ ရှင်းမှုဟု ယုံကြည်ကြောင်း KNU အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကိုအသစ် ပြန်လည် ရေးဆွဲခြင်း ထက် ပြင်ဆင်ရေးဆွဲခြင်းသည် အစိုးရက ဖွင့်ပေး ထားသော လမ်းကြောင်းအတိုင်း သွားခြင်း ဖြစ်သောကြောင့် ပိုမိုထိရောက်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲပါက အစိုးရနှင့်ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အစိုးရကို ထိပ်တိုက်ရင်ဆိုင်တာထက် ပူးပေါင်းတာက ပိုကောင်းပါတယ်။ သမိုင်းကြောင်းတွေလည်း အ များကြီး ရှိပါတယ်” ဟု ၎င်းကဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ ပါဝင်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင် စီ UNFC နှင့် UNA တို့ ပူးပေါင်းပြီး အခြေခံဥပဒေအသစ်ကို သြဂုတ်လအတွင်းက စတင် ရေးဆွဲခဲ့ပြီး ၂၀၁၄ တွင် ကျင်းပမည်ဖြစ်သော တိုင်းရင်းသား ညီလာခံတွင် အစိုးရထံ တင်သွင်းမည် ဖြစ်ကြောင်း UNFC မှ ထုတ်ပြန် ကြေညာထားသည်။
အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲပါက တိုင်းပြည် နောက်ကြောင်းပြန်လှည့် သွားနိုင်သောကြောင့် ပြင်ဆင် ရေးဆွဲခြင်းကိုသာ ဦးစားပေးသင့်ကြောင်း ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက စက်တင်ဘာလအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မ တီကို ဖွဲ့စည်းခဲ့ပြီး တိုင်းရင်သားပါတီများနှင့် တွေ့ဆုံကာ အခြေခံဥပဒေ ပြင်ဆင်ရေး အချက်များကို ယခုလအတွင်း ထုတ်ပြန်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ထုတ်ပြန် ချက်များအရ သိရသည်။
တောင်ကြီးမြို့တွင် သုံးရက်တိုင် ကျင်းပသော ရှမ်း၊ ကယား၊ မွန်တိုင်းရင်းသား ညီလာခံမှ အခြေခံဥပဒေ ပြင် ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး အပါအဝင် ကြေညာချက် ငါးချက်ကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ကရင်အမျိုးသား အစည်းအရုံး KNU ကို ၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ နှစ်ပေါင်း ၆၀ ကျော် စစ်အစိုး ရကို လက်နက်ကိုင် တော်လှန်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
(ဟိန်းသွင်ထက်)
The Voice Weekly