ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ပစ္စည်းကိရိယာများ ထုတ်လုပ် ဖြန့်ချိလျက် ရှိသောSaab ကုမ္ပဏီသည် အမေရိကန် ဒေါ်လာ ၁၉.၉ သန်း တန်ဖိုးရှိ Arthur လက်နက်တည်နေရာ ရှာဖွေရေး စနစ်များ ထုတ်လုပ် ပံ့ပိုး ပေးနိုင်ရေး အမှာစာ တစ်ခုကို လက်ခံ ရရှိခဲ့ပါသည်။
အဆိုပါ စနစ်များအား လာမည့် ၂ဝ၁၄ ခုနှစ်အတွင်း မှာယူသူများ ထံသို့ ပေးပို့နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Arthur လက်နက်တည်နေရာ ရှာဖွေရေး စနစ်သည် တာလတ် ထောက်လှမ်းရေး C-band စနစ် အမျိုးအ စားဖြစ်ပြီး ရန်သူ့အမြောက် ပစ်ခတ်သည့် တည်နေရာများကို ရှာဖွေထောက်လှမ်း နိုင်စွမ်းရှိပါသည်။ ကုမ္ပ ဏီမှ ယင်းစနစ်အား ကမ္ဘာတစ်ဝန်းရှိ တပ်ဆင် အသုံးပြုသူများ၏ လိုအပ်ချက်အရ ထုတ်လုပ် ပေးလျက် ရှိပြီး တပ်ဆင် အသုံးပြုလျက်ရှိသော နိုင်ငံများမှာ ဆွီဒင်နိုင်ငံ၊ နော်ဝေးနိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ ချက်ခ်သမ္မတ နိုင်ငံ၊ စပိန်နိုင်ငံနှင့် အီတလီ နိုင်ငံတို့ ဖြစ်ပါသည်။
Saab ကုမ္ပဏီသည် လက်နက်တည်နေရာ ရှာဖွေရေး စနစ်များ ထုတ်လုပ်သည့် ကုမ္ပဏီများတွင် ထိပ်တန်းမှ ဦးဆောင်လျက် ရှိပြီး လက်ရှိအချိန် အထိ အမှာစာများ လက်ခံ ရရှိနေခြင်းသည်လည်း Arthur စနစ်အား တပ်ဆင် အသုံးပြုသူများမှ ယုံကြည်အားထားမှုကို သက်သေပြနေသော အချက်လည်း ဖြစ်ပါသည်။ ကုမ္ပဏီ အနေဖြင့် လက်ရှိတွင် Arthur စနစ် အရေအတွက် ၈ဝ ခန့်အား ထုတ်လုပ် ရောင်းချခဲ့ပြီး စစ်ဆင်ရေး များတွင်လည်း နာရီပေါင်း များစွာ တပ်ဆင် အသုံးပြုနိုင်ခဲ့ပြီး ဖြစ်ကြောင်း Saab ကုမ္ပဏီ၏ အီလက်ထရောနစ် ကာကွယ်ရေးစနစ် ဌာနမှ အကြီးအကဲ တစ်ဦးဖြစ်သူ Micael Johansson မှ ပြောကြားခဲ့ ပါသည်။
ယင်းစနစ်တွင် တန်ပြန် တိုက်ခိုက်ရေး စနစ်၊ ပစ်ခတ်မှု ထိန်းသိမ်းရေး စနစ်၊ နယ်မြေ ထိန်းချုပ်ရေး စနစ်နှင့် ရန်သူ့အမြောက်၊ စိန်ပြောင်းနှင့် ဒုံးကျည်များ အန္တရာယ်မှ ကာကွယ်နိုင်ရေး စနစ်များ ပါဝင် တပ်ဆင် ထားပါသည်။ Arthur စနစ်အား စစ်မြေပြင်တွင် စွမ်းရည်မြင့်မားစွာ အသုံးပြုနိုင်ရန် passive phased-array antenna စနစ်ကို တပ်ဆင် အသုံးပြု ထားပါသည်။ ယင်းစနစ်သည် လျင်မြန်မှု၊ တိကျမှု၊ အကွာအဝေးများစွာ ထောက်လှမ်းနိုင်မှုနှင့် ECCM စွမ်းရည်၊ စစ်မြေပြင် လိုအပ်ချက်နှင့် စစ်ရေး အသုံး စရိတ်တို့တွင် အချိုးညီစွာ ပံ့ပိုးဆောင်ရွက်နိုင်စွမ်း ရှိပါသည်။
ကုမ္ပဏီ၏ စက်ရုံအနေဖြင့် ကုန်ပစ္စည်းနှင့် တပ်ဆင် အသုံးပြုမည့်သူ၏ အခြေအနေအပေါ် မူတည်၍ ထောက်ပံ့ ဆောင်ရွက်ပေးလျက် ရှိပါသည်။ သို့သော်တပ်ဆင် အသုံးပြုမည့်သူများနှင့် ပတ်သက်၍ သတင်း အချက်အလက် များကိုမူ ကုမ္ပဏီမှ ထုတ်ပြန်ကြေညာခြင်း မရှိကြောင်း သိရှိရပါသည်။
Saabကုမ္ပဏီသည် ကမ္ဘာ့နေရာဒေသ အနှံ့အပြားတွင် စစ်ဘက်ဆိုင်ရာနှင့် အများပြည်သူ လုံခြုံမှုဆိုင်ရာ လုပ်ငန်းများတွင် ကုန်ပစ္စည်းများကို ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပြီး ယင်းတို့နှင့် ပတ်သက်သော ဝန်ဆောင် မှု လုပ်ငန်းများကိုလည်း ထောက်ပံ့ ဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့အပြင် နေရာဒေသအနှံ့ အပြား၌ ကုမ္ပဏီ၏ ထုတ်လုပ်မှု လုပ်ငန်းများကို ဝန်ထမ်းဦးရေ အများအပြားဖြင့် စွမ်းအားပြည့် လုပ်ကိုင်လျက် ရှိပြီး ကုန်ပစ္စည်း အသစ်များ၊ နည်းပညာသစ်များဖြင့် ဝယ်ယူ အသုံးပြုသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါသည်။
အေးချမ်းမွန်
0 comments:
Post a Comment