အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နိုဝင်ဘာလ ၂၆ရက်မှ ဒီဇင်ဘာလ ၂ရက်အထိ သြစတြေးလျနိုင်ငံသို့ သွားရောက်ရန် ခရီးစဉ်အား NLDမှ နိုဝင်ဘာလ ၂၀ရက်တွင် ထုတ်ပြန် လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၂၆ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ဆစ်ဒနီမြို့သို့ ဦးစွာသွားရောက်ကာ သြစတြေးလျရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပြီး Sydney Opera House တွင် တက္ကသိုလ်သုံးခုပူးပေါင်း ပြုလုပ်သည့် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အမှာစကားပြောမည်ဖြစ်သည်။
ထို့အပြင် ကင်ဘာရာမြို့(Canberra)သို့ သွားရောက်ကာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီ ဘစ်ရှော့၊ သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘော့တို့နှင့် တွေ့ဆုံပြီး သြစတြေးလျလွှတ်တော်သို့ သွားရောက် လေ့လာကာ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့အပြင် သြစတြေးလျ အမျိုးသား တက္ကသိုလ်တွင် ပညာရေးဆိုင်ရာကိစ္စများကို လေ့လာဆွေးနွေးမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ သြစတြေးလျနိုင်ငံ နောက်ဆုံးအစီအစဉ်အဖြစ် မဲလ်ဘုန်းမြို့ကို သွားရောက်ကာ Monash Universityတွင် ပညာရေးဆိုင်ရာကိစ္စများ ဆွေးနွေးပြီး မြန်မာမိသားစုများနှင့် တွေ့ဆုံမည်ဖြစ်သည်။ ထိုမြို့၌ပင် ၂၅နှစ်မြောက် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကို တက်ရောက်မည်ဖြစ်ပြီး ဒီဇင်ဘာလ ၂ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
သူမ၏ ခရီးစဉ်တွင် သူမ၏ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ပါတီဗဟိုကော်မတီဝင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေနှင့် ပြန်ကြားရေးအရာရှိ ဦးမိုးဇော်ဦးတို့ လိုက်ပါမည်ဖြစ်သည်။
Mizzima
0 comments:
Post a Comment