Pages

Monday, November 4, 2013

နှစ်ပေါင်း ၁၅၀ ကျော်တွင် ပထမဆုံး ဖြစ်ပေါ်ခဲ့သည့် မျိုးစပ်နေကြတ်မှုဖြစ်စဉ်


NASAက လ၏ သက်ရောက်ပိတ်ပင်နိုင်စွမ်း နည်းပါးသည့် ယင်းဖြစ်စဉ်ကို ရှားပါးသော မျိုးစပ်နေကြတ် ခြင်းဟု အမည်ပေးထားသည်။

မျိုးစပ်နေကြတ်ခြင်းခေါ် ထူးခြားကွဲပြားသည့် နေကြတ်မှု ပုံစံတစ်မျိုးကို ကမ္ဘာအနှံ့မှ လူသန်းပေါင်းများစွာက စောင့်ကြည့်ခဲ့ကြသည်။ အထူးသဖြင့် အာဖရိက၊ ဥရောပနှင့် အမေရိက ဒေသများတွင် အဆိုပါ ဖြစ်ရပ်ကို ပိုမိုထင်ရှားစွာ တွေ့မြင်ခဲ့ရကြောင်း သိရှိရသည်။ NASAက လ၏ သက်ရောက်ပိတ်ပင်နိုင်စွမ်း နည်းပါး သည့် ယင်းဖြစ်စဉ်ကို ရှားပါးသော မျိုးစပ်နေကြတ်ခြင်းဟု အမည်ပေးထားသည်။ ယခုအခြေအနေသည် နှစ်ပေါင်း (၁၅၀)ကျော်အတွင်း ပထမဆုံးအကြိမ် ပေါ်ပေါက်ခဲ့သည့် မျိုးစပ် နေကြတ်မှုဖြစ်သည်။ ကမ္ဘာ့ နေရာအချို့တွင် လုံးဝ မှောင်အတိကျသွားပြီး အချို့သော နေရာများတွင်မူ တစ်ပိုင်းတစ်စ နေကြတ်နေသည့် ဖြစ်စဉ်ကို တွေ့မြင်ခဲ့ကြရသည်။


နေသည် လ၏ ပိတ်ဆို့ခြင်းကြောင့် ကမ္ဘာမြေသို့ အလင်းရောင် ကျရောက်မှု အားနည်းသွားခဲ့သည်။ ကမ္ဘာ့ တည်နေရာအလိုက် နေကြတ်ပုံကို တွေ့မြင်ရသည့် အခြေအနေ မတူညီခဲ့ချေ။ အမေရိကန်တွင် တနင်္ဂနွေ နေ့ နံနက်ပိုင်းက ပထမဆုံးအကြိမ် မျိုးစပ်နေကြတ်မှုကို စတင်တွေ့ရှိရပြီး ထို့နောက်ပိုင်းတွင်မှ အတ္တလန္တိတ် သမုဒ္ဒရာနှင့် အာဖရိက ဒေသများတွင် တွေ့မြင်လာရသည်။ အရှေ့အလယ်ပိုင်းတွင်လည်း တစ်ဝက်တစ် ပျက် နေကြတ်နေသည့် ပုံရိပ်များကို တွေ့ရှိခဲ့ရသည်။ NASA၏ မှတ်တမ်းများအရ မျိုးစပ်နေကြတ်မှု ဖြစ်စဉ် သည် (၁၈၅၄)ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့က နောက်ဆုံး ပေါ်ပေါက်ခဲ့ဖူးကြောင်း သိရသည်။ နောက်တစ်ကြိမ် အလားတူ ဖြစ်စဉ် ပေါ်ပေါက်ရန်မူ (၂၁၇၂)ခုနှစ်၊ အောက်တိုဘာ (၁၇)ရက်နေ့ထိ စောင့် ရဦးမည်ဖြစ်သည်။




အာဖရိကတိုက်ရှိ ဂါဘွန်နိုင်ငံသည် ယခုဖြစ်စဉ်ကို မြင်ကွင်းအရှင်းဆုံး အထင်ရှားဆုံး တွေ့မြင်ခဲ့ရသည့် နိုင်ငံတစ်ခုဖြစ်သည်။ ကင်ညာနိုင်ငံ မြောက်ပိုင်းရှိ မြို့များတွင်လည်း လုံးဝ မှောင်အတိကျခဲ့ပြီး ယင်းဖြစ် ရပ်ကို ကမ္ဘာလှည့် ခရီးသည် အများအပြား အချိန်ယူ စောင့်ကြည့်ခဲ့ကြသည်။ ယူဂန္ဓာတွင် သမ္မတ ယိုဝါရီ မူဆီဗီနီကိုယ်တိုင် မူလတန်းကျောင်းလေး တစ်ခုတွင် ကလေးများနှင့်အတူ မျိုးစပ်နေကြတ်မှု ဖြစ်စဉ်ကို နေကာမျက်မှန်တပ်၍ စောင့်ကြည့်ခဲ့သည်။ အဘူဒါဘီတွင်မူ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ကျင်းပနေ စဉ် ပရိသတ်များက နေကြတ်မှုကို စောင့်ကြည့်ခဲ့ကြသည်။


သိပ္ပံ ပညာရှင်များက ယခုဖြစ်စဉ်ကို အရှည်ကြာဆုံးအဖြစ် (၁)မိနစ်ကျော်သာ တွေ့မြင်ရပြီး လိုက်ဘေးရီး ယား အနောက်တောင်ဘက် (၂၀၅)မိုင်အကွာ သမုဒ္ဒရာထဲတွင် အချိန်အကြာဆုံး သက်ရောက်ကြောင်း အတည်ပြုခဲ့သည်။ ယင်းဖြစ်ရပ်ကို စောင့်ကြည့်သူများ အနေဖြင့် အကာအကွယ် မပါသည့် ဗလာမျက်စိဖြင့် မကြည့် ရန်မူ နက္ခတ်ဗေဒ ပညာရှင်များက ကြိုတင် သတိပေးထားပြီးဖြစ်သည်။ သာမန်အားဖြင့် အပြည့် အဝ နေကြတ်ခြင်းတွင် လသည် နေ၏ ပုံရိပ်ကို လုံးဝ ကာကွယ်လိုက်လေ့ရှိသည်။ သို့သော်လည်း မျိုးစပ် နေကြတ်မှုတွင် လသည် ကမ္ဘာနှင့် အဝေးဆုံးနေရာတွင် ရှိနေရာ နေ၏ ပုံရိပ်ကို အပြည့်အဝ မကာကွယ် နိုင်ချေ။ အဆိုပါ ရှားပါးဖြစ်စဉ်မျိုးတွင် လ၏ တားဆီးမှုကြောင့် နေလုံးကွယ်သွားသည့်တိုင် ရောင်စဉ် စက်ကွင်းတစ်ခု တောက်ပစွာ ဖြစ်တည်နေတတ်သည်။ ၎င်းကို "မီးလျံကွင်း"ဟုလည်း ခေါ်ဝေါ်လေ့ရှိပြီး လကိုပတ်လျှက် တောက်ပစွာ ထွန်းလင်းနေလေ့ရှိကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment