Pages

Thursday, November 7, 2013

စစ်တပ်နှင့်တအာင်းတပ်တို့ကွတ်ခိုင်တွင်တိုက်ပွဲဖြစ်ပွားဟုဆို


တအာင်းလွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)နှင့်မြန်မာ့တပ်မတော်တို့ ယမန်နေ့ညနေ ပိုင်းက နှစ်ဖက် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း PSLF/TNLA မှ သတင်းနှင့်ပြန်ကြား ရေးဌာနက ယနေ့တရားဝင် သတင်းထုတ်ပြန် လိုက်သည်။ 

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ နယ် နမ့်ဖတ်ကာ အုပ်စု ဂျုံနန်းရွာအနီး၌ တအာင်းပြောက်ကျားတပ် တပ်ရင်း (၁၁၃)နှင့် မြန်မာ့တပ်မတော်မှ ခလရ (၁၂၃)(၄၅)(၁၄၃)နှင့် ၁၄၅ပူးပေါင်းစစ်ကြောင်း တို့သည် ညနေ ၄နာရီခွဲမှ ညနေ ၆နာရီအထိ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ညနေ ၆နာရီ အမှောင်ဝင်ချိန်တွင် တိုက်ပွဲရပ်စဲသွားပြီး တအာင်းတပ်အနေဖြင့် ထိုစခန်းမှဆုတ်ခွာခဲ့ ကြောင်း၊ တိုက်ပွဲဆက်လက်ဖြစ်ပွားမည့် အနေ အထားဆက်ရှိနေကြောင်း၊ ယမန်နေ့တိုက်ပွဲ၌ တအာင်းတပ်မှ တစ်ဦးဒဏ်ရာရရှိကာ မြန်မာ တပ်မှ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို မသိရ သေးကြောင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်တအာင်းလွတ်မြောက်ရေး တပ်ဦး(PSLF/TNLA )တို့သည် ယခုလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် စီစဉ်ထားကြောင်း မြန်မာ့ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC)မှ ပရိုဂရမ်ဒါရိုက်တာဦးအောင်နိုင်ဦးက ပြောကြားထားသည်။ 
ယင်းကဲ့သို့ဆွေးနွေးရန် အောက်တိုဘာလ အတွင်းက နှစ်ဖက် Technical Team တို့ ဆွေးနွေး ညှိနှိုင်းပြီးဖြစ်သည်။

နှစ်ဖက်အဖွဲ့များသည် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပြီးဖြစ်သော်လည်း အပစ် အခတ်ရပ်စဲရေး လက် မှတ်ရေးထိုးနိုင်ခြင်းမရှိ သေးဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းသိရသည်။ ပြည်တွင်း၌ လက်နက် ကိုင် ၁၆ဖွဲ့ရှိသည့်အနက် ၁၄ ဖွဲ့နှင့် လက်မှတ် ရေးထိုးထားပြီး KIA နှင့် တအာင်းတပ်သာ လက်မှတ်ရေးထိုးရန် ကျန်ရှိတော့သည်။

The Union Daily 

0 comments:

Post a Comment