မျိုးရိုးက အထက်တန်းစားတွေ ဆိုကတည်းက ကျနော်ဘာကို ဆိုလိုတယ်၊ ဘာကိုပြောချင်တယ် ဆိုတာ အထူးပြောစရာမလိုဘူးထင်ပါတယ်။ ဟုတ်ကဲ့ အဲဒီ..ကျောင်းတွေကမှာ ဆိုရတဲ့ ပဒေသရာဇ် အနံ့မပျောက်တဲ့၊ တဖက်စွန်း အမျိုးသားရေးဝါဒီ သီချင်းကို ပဲပြောတာပါ။
အဲဒီ ဘယ်သူမဆိုချင်တဲ့၊ အော်ဂလီဆန်စရာ သီချင်းကို ကလေးတွေက သီချင်းစာသားတွေ အမျိုးမျိုးပြောင်းပြီး ( “အောက်က မခံဘူးဟေ့…. အမျိုးသားတို့ရေ”….. “မျိုးရိုးက အောက်တန်းစားတွေ” )စသည်ဖြင့် နောက်ပြောင်ဆိုနေတဲ့ ကြားထဲမှာ (ဗမာကျောင်းသား ကလေးတွေ အပါ) မြစ်ကြီးနား၊ အ.ထ.က(၃) က ကိုးတန်းကျောင်းသူ မမယ်ဆာဝေ နဲ့ သူငယ်ချင်းတယောက် ကျောင်းဆယ်ရက် နားခံ ခဲ့ရတယ်။
မနေ့ နဲ့ ဒီနေ့ ဖြစ်ခဲ့တဲ့ အဖြစ်လေးပါ။ ဖြစ်ပုံက အဲဒီ အ.ထ.က (၃)၊ ကိုးတန်း၊ Eco တွဲ၊ တန်းခွဲ (D)၊ ကျောင်းသူ မမယ်ဆာဝေက သူတို့ဆိုရတဲ့ အဲဒီ တဖက်စွန်းအမျိုးသားရေးဝါဒီသီချင်းရဲ့ အဓိကစာသား တခုဖြစ်တဲ့ “မျိုးရိုးက အထက်တန်းစားတွေ” ဆိုတဲ့ စာသားကို “မျိုးရိုးက အောက်တန်းစားတွေ” ဆိုပြီး မနေ့က နောက်ပြောင် ဆိုခဲ့တာကို သူ့ရဲ့ အတန်းပိုင် ဆရာမ ဒေါ်ဂျွန်မာဘီ က အတန်းထဲမှာ ခေါ်ရိုက်ခဲ့တယ်။ အတန်းထဲမှာ အပြစ်ပေးအရိုက်ခံရ ရုံနဲ့ ပြီးမသွားပဲ အဲဒီကလေးမ နှစ်ယောက်ကို ဒီကနေ့ ကျောင်းအုပ်ရုံးခန်းကို ပို့ပစ်ပြီး ကျောင်း (၁၀) ထုတ်ခဲ့ပါတယ်။ ကျောင်းအုပ်ကတော့ ဒေါ်မြတ်ကေသွယ်ပါ။ ကျောင်းရုံးခန်းရောက်ချိန်မှာလည်း တခြားဘေးက ဆရာမတွေက ကလေးတွေကို ခွင့်မလွတ်နိုင်တဲ့ အမှား ကျူးလွန်သလို၊ နိုင်ငံတော် (အစိုးရနေမှာပေါ့) ကိုပဲ ပုန်ကန်သလို မျိုးပြောဆိုခဲ့ပါတယ်။ ကလေးတွေရဲ့ အုပ်ထိန်းသူတွေက ဆရာမတွေကို တောင်းပန်ပြောဆိုပေမယ့် မခွင့်လွတ်ပေးပဲ ကျောင်းသူလေးတွေကို ကျောင်း (၁၀) ရက် ထုတ်ခဲ့တာ လို့ မြစ်ကြီးနား ဒေသခံ တဦးက အင်ဂွန်ဂျဝါ ကို သတင်းပို့လာပါတယ်။
ဒီအဖြစ်လေးကို ပြန်ကြည့်ရင် ကလေးကို အရှက်ရအောင်၊ နောင်မှာ မတရားမှုတွေ၊ လူမျိုးကြီးဝါဒကို မကြိုက်ပေမယ့် ငြိမ်ခံနေအောင် သင်ပေးတာ၊ ရိုက်သွင်းတာ၊ ကိုယ်တိုင်လည်း တဖက်စွန်းအမျိုးသားရေးဝါဒီကို အားပေးတာလို့ ပဲမြင်မိတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ဘယ်သူမှ မဆိုချင် (မြစ်ကြီးနား ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်းက ဆရာမ တယောက် ကိုယ်တိုင်ပြောပြတာ)၊ ကျောင်းသား/သူ တိုင်းနောက်ပြောင်တဲ့ အဲ့သီချင်းကို ဘာလို့ အခု မမယ်ဆာဝေနဲ့ သူငယ်ချင်း (ကချင် မျိုးနွယ်စု၊ လီဆူတိုင်းရင်းသူ) ကိုပဲ ဖမ်းမိရသလဲ။ အတန်းပိုင်က အပြစ်ရှိတယ်လို့ယူဆရင် (တကယ်တော့ လုံးဝ အပြစ်မဟုတ်.. တဖက်စွန်းရောက်အမျိုးသားရေး သီချင်းသာ ပြဿနာ) အတန်းထဲမှာ ရိုက်ရုံနဲ့ မပြီးလိုက်ပဲ ကျောင်းရုံးခန်းပို့ပစ်ပြီး ကလေးကို အရှက်ရအောင်၊ အငုံ့စိတ်တွေ ဝင်လာအောင် ကျောင်း (၁၀) ရက်ထုတ်ပြီးအပြစ်ပေးတာကို လုံးဝ ရှုံ့ချပါတယ်။
နောက်ထပ်ပိုဆိုးတာက အဖိနှိပ်ခံရတဲ့ သူအချင်း မရပ်တည်ပဲ၊ ပိုဒုက္ခရောက်အောင်တွန်းပို့တဲ့ အတန်းပိုင် ဆရာမ ဂျွန်မာဘီပဲ။ သူက ကုလား။ ကိုယ့်ကိုကိုယ် သားကောင်ဖြစ်မှုကနေ သက်သာရာကအောင် အနိုင်ကျင့်သူတွေ အားရှိအောင်၊ ပြုကျင့်နိုင်အောင် လုပ်ခြင်းဟာ ကျင့်ဝတ်ပိုင်းအရ လုံးဝ လက်ခံနိုင်စရာမရှိပါ။ ကလေးကို သောက်မြင်ကပ်လို့ပဲဖြစ်ဖြစ်၊ သူ့ဆီ ကျူရှင်မယူလို့ ဒုက္ခပေးတာဖြစ်ဖြစ် အဲ့လောက်အထိ လုပ်စရာမလိုပါ။ ထားပါ… ဒါက ကောက်ချက် သတ်သတ်။
အဓိက ပြောချင်တာက ကလေးကို ကျောင်း (၁၀) ရက်ထုတ်ပစ်တဲ့၊ ကျောင်းအုပ်ဆရာမအပါအဝင်၊ အတန်းပိုင်အစ၊ ပါဝင်အားလုံးက ကလေးတွေရဲ့ မတရားတာကို တော်လှန်တဲ့စိတ်ဓာတ်၊ ရဲရင့်တဲစိတ်ဓာတ်၊ ပျော်ရွင်တတ်တဲ့ ဟာသဥာဏ်စိတ်ဓာတ် (ဟာသ ဥာဏ်ရှိခြင်းဟာလည်း အကြမ်းမဖက် လူထုလှုပ်ရှားမှုမှာ အားကောင်းတဲ့ ကိရိယာ တခုဖြစ်ကြောင်းနောက်များ အချိန်ရ ရင်ရေးပါမယ်) ကို ရိုက်ချိုးပစ်တာ။ ကလေးတွေကို အငုံစိတ်ဝင်အောင် လုပ်ပေးတာ။ တကယ်တော့ ပညာရေး၊ ပညာ သင်ကြားရခြင်းဟာ လွတ်မြောက်မှု ရရှိဖို့ ဖြစ်တယ်။ ဘာအရောင်မှ မရှိသေးတဲ့ ကလေးတွေကို အဲ့လို လုပ်ခြင်းဟာ ကလေးကို အရောင်ဆိုးပစ်လိုက်တာ။ လူမျိုးရေး ပုံစံခွက်ထဲ ကန်ချပစ်တာ။ အဲ့လို အပြစ် ပေးလိုက်ခြင်းကြောင့် ကလေးမှာ ရှက်စိတ်အတူ လူမျိုးရေးမုန်းတီးမှုပါ ကပ်ပါလာနိုင်တယ်။ ဘာလို သူ့ကိုမှ ရွှေးလုပ်ရတာလဲ ဆိုပြီး စသည်ဖြင့်ပေါ့ဗျာ….။
ပိုပြီးဆိုးတာကတော့ ကလေးရဲ့ အုပ်ထိန်းသူတွေက တောင်းပန်ပြောဆိုတာကို လက်မခံခြင်းပဲ။ သီချင်းထဲအတိုင်းပဲ အထက်တန်းမျိုးရိုးမှန်ရင်… လာတောင်းပန်တာကို ဘာလို့ မကြေအေးတာလဲ။ ဘာလဲ ထိုင်မ ရှိခိုးလို့လား….။ ခများတို့က ကလေးမလေးဆိုသလို “မျိုးရိုးက အောက်တန်းစားတွေ” လို့ပဲ ဆဲချင်တယ်။
နောက်ဆုံးပြောချင်တာကတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေတဲ့ ကျနော်တို့ နိုင်ငံမှာ အဲဒီ လူမျိုး၊ ဘာသာ တခုတည်းကိုပဲ ရွေးပြီးချီးမြှေက်တဲ့သီချင်းဟာ… စိတ်အနှောင့်အယှက်ဖြစ်စေတယ်၊ စိတ်မလုံခြုံမှု၊ နဲ့ တဖက်က လူမျိုးဝါဒကို ရိုက်သွင်းပေးနေတာကြောင့် (အထူးသဖြင့် အာဇာနည် ဗုဒ္ဓဘာသာ အမျိုး သားတိုင်းပြည်အပိုင်း) မဆိုသင့်တော့ပါဘူး။ ရပ်သင့်ပါပြီ။ လူမျိုးဝါဒ မရှိပါဘူး။ မကျင့်သုံးပါဘူးလို့ ပြော နေတဲ့ ဗမာမိတ်ဆွေများလည်း ဒီကိစ္စကို အလေးအနက်ထားသင့်ပါပြီလို့ ပြောချင်ပါတယ်။
နိုဝင်ဘာလ ၂၆၊ ၂၀၁၃
ည ၁၀နာရီ ၉ မိနစ်
အင်ဂွန်ဂျဝါ
0 comments:
Post a Comment