Pages

Thursday, November 21, 2013

တမူးနယ်စပ် မူးယစ်ဆေးဝါးနှင့်လက်နက် ဖမ်းဆီးအဖွဲ့ဝင်များ ပြောင်းလဲမည်


ကလေး- တမူးနယ်စပ်တစ်လျောက် မူးယစ်ဆေးဝါးနှင့်လက်နက် ဖမ်းဆီးရေးအဖွဲ့ဝင်များ ပြောင်းလဲတာ ၀န်ပေးမည်ဖြစ်ကြောင်း ကလေးမြို့ အခြေစိုက် အထက်ချင်းတွင်းလူငယ် ကွန်ယက်အဖွဲ့မှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်က အထက်ချင်းတွင်း လူငယ်ကွန်ယက်အဖွဲ့နှင့် ယခုလအပတ်၌ တွေ့ဆုံ စဉ်က ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ကိုကျော်သက်ဝင်းက ပြော ကြားသည်။

“မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်မှုတွေမှာ တာဝန်ရှိသူတွေက သတင်းရမှသာ ဖမ်းဆီးမှုလုပ်တော့ ထိရောက်မှုမရှိဘူး။ ဒါကြောင့် တိုင်း ဒေသကြီးဝန်ကြီးချုပ်က ဖမ်းဆီးရေးအဖွဲ့တွေကိုတော့ ပြောင်းလဲဖို့ မရှိဘူး။ တကယ်အလုပ်မလုပ်တဲ့ အဖွဲ့ဝင်တွေကို ပြောင်းလဲတာဝန်ပေးမယ်လို့ပြောသွားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် ကလေး-တမူး နယ်စပ်တစ်လျောက်မူးယစ်ဆေးဝါး လက်နက်ရောင်းချမှုနှင့် ပတ်သက်၍ ထိရောက်သောအရေးယူမှုများ မပြုလုပ်နိုင်သေးကြောင်း၊ စစ်ဆေးရေးဂိတ်များကို ထပ်မံတိုးချဲ့ သင့် ကြောင်း ကလေးမြို့ဒေသခံတစ်ဦးက ဆိုသည်။

ကလေးမြို့ဒေသခံများဖြင့် ဖွဲ့စည်းထားသော အထက်ချင်းတွင်း လူငယ်များ ကွန်ယက်သည်ယခုလ ၁၇ ရက်နေ့တွင် ပြည်ထောင် စုလွှတ်တော် နာယကသူရဦးရွှေမန်း အပါဝင်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကလေးမြို့၌ တွေ့ဆုံခဲ့ပြိး မြန်မာ- အိန္ဒိယနယ်စပ်ရေးရာပြဿနာများ၊ မူးယစ်ဆေးဝါး လက်နက်ရောင်း ချမှုပြဿနာများကို အဓိကထား၍ တင်ပြဆွေးနွေးခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှသိရသည်။

အထက်ချင်းတွင်း လူငယ်များကွန်ယက်အဖွဲ့သည် သူရဦးရွှေမန်းနှင့်တွေ့ဆုံစဉ် မြွေတောင်ဖားတောင် စီမံကိန်းနှင့်ပတ်သက်သော သဘောထားမှတ်တမ်းများအား တက်ပြပေးအပ်ခဲ့ပြီး အထက်ချင်းတွင်းလူငယ် များ ကွန်ယက်အဖွဲ့၏တင်ပြချက်များကိုလက်ခံစဉ်းစားမည်ဟု သူရ ဦးရွှေမန်းကပြန်လည်ပြောကြား ခဲ့ကြောင်း ကို ကျော်သက်ဝင်းကပြောကြားသည်။

People power

0 comments:

Post a Comment