မြစ်ဆုံမှ ဧရာဝတီတိုင်း ဒေသကြီး မြစ်ဝကျွန်းပေါ် ဒေသအထိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်၌ ကြုံတွေ့ နေရသည့် လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများကို ဒေသခံများမှ ကိုယ်တိုင်သုတေသန ပြုလုပ်လျက်ရှိရာ ယခုနှစ်ပိုင်းအတွင်း မြစ်ကမ်းပါး ပြိုကျမှု ဖြစ်စဉ်များကြောင့် ဒေသခံအများစု အတည်တကျ လုပ်ကိုင်စားသောက်ရန် ခက်ခဲမှုများနှင့် အများဆုံး ကြုံတွေ့နေကြောင်း သိရသည်။
ယင်းကဲ့သို့ လေ့လာနေမှုများအား ၂၀၁၃ ခုနှစ် ဇွန်မှစတင်ကာ လာမည့်ဒီဇင်ဘာလအထိ ခြောက်လတာ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ မဲခေါင်စွမ်းအင်နှင့် ဂေဟဗေဒကွန်ရက် (Mekong Energy and Network-MEE Met)၊ Point အဖွဲ့၊ မန္တလေး စိမ်းရောင်စို အဖွဲ့နှင့် ပြန်လည်ပြည့်မြဲစွမ်းအင်-REAM အသင်းတို့ ကြီးမှူးဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြန်လည်ပြည့်မြဲစွမ်းအင် အသင်းမှ ဦးအောင်မြင့်က ပြောကြားခဲ့သည်။
"ဧရာဝတီမြစ်ကြောင်းကို ၁၁ နေရာခွဲပြီး လေ့လာနေကြတာမှာ ကျွန်တော်တို့က ရှစ်နေရာ လေ့လာရတယ်။ အခု ကျွန်တော်တို့ တွေ့ရှိချက်တွေ အားလုံးခြုံပြောရရင် မြစ်ကြောင်းပြောင်းလဲမှုတွေ ဖြစ်စဉ်တွေကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေက ပေါ်လွင်ပါတယ်။ မြစ်ကြောင်းပြောင်းလဲတယ် ဆိုတာမှာ တရားမ၀င် ရွှေကျင်တာတွေ၊ သစ်တောပြုန်းတီးတာတွေ စတဲ့အချက်တွေကြောင့်ပါ" ဟု ကိုမောင်မောင်ဦး (စိမ်းရောင်စို)က ပြောကြားသည်။
ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ရပ်ရွာအခြေပြု မဟာဗျူဟာမြောက် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ လေ့လာမှု ဆန်းစစ်ချက်များ ပြုလုပ်ရာ၌ စိမ်းရောင်စို (မန္တလေးအဖွဲ့)မှ မြစ်ဆုံ၊ ထီးချိုင့်၊ ကသာ၊ ရှိန်းမကား၊ သံဗိုကျွန်း-ညောင်ပင်သာ၊ သာတိုးမြို့ ပြင်ကြီးကျေးရွာ၊ တံတားဦး-ဆီမီးခုံနှင့် ရေနံချောင်းတို့တွင် လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
"မြစ်ကမ်းပါးတွေပြိုတော့ မြစ်ကိုမှီတင်း နေထိုင်ကြတဲ့ ဒေသခံတွေ ထိခိုက်မှုတွေ ဖြစ်လာတယ်။ သဲသောင်ပြင် မြစ်ကမ်းပါးတွေ ပြိုကျတော့ အတည်တကျ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာတယ်။ သောင်တွေပေါ်မှာ စိုက်လို့ပျိုးလို့ ရတယ်ဆိုပေမယ့် ချက်ချင်းစိုက် မရသေးဘူး။ အနည်းဆုံး သုံးနှစ်လေးနှစ်လောက် စောင့်ရတယ်။ အဲဒီကာလမှာ ဒေသခံတွေက နီးစပ်ရာ မြို့တွေမှာ ကြုံသလို ရရာအလုပ်တွေ လုပ်ကိုင်စားသောက် နေရတယ်" ဟုလည်း ကိုမောင်မောင်ဦးက ဆက်လက်ပြောကြား ခဲ့သည်။
အောက်တိုဘာ ဒုတိယပတ်တွင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး နယ်မြေ (မန္တလေး-ကျောက်မြောင်း) အတွင်း စဥ့်ကူးမြို့နယ်ရှိ ဥဒိန်ကျေးရွာနှင့် ကျွန်းတော်လေးကျေးရွာ ရေပြင်တွင် လင်းပိုင်များကို တွေ့ရှိခဲ့ရပြီး ယခုအခါ ရေပြင်အနေအထား အပြောင်းအလဲ ဖြစ်ပေါ်လာမှုကြောင့် သဖန်းထောင့် ကျေးရွာနှင့် သူဌေးကုန်း ကျေးရွာများတွင် ပြောင်းရွှေ့ကျက်စားလျက်ရှိကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment