Pages

Friday, November 29, 2013

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ရိုးသားရန် ဦးပီတာလင်းပင် ပြောခြင်း


ငွေကြေး၊ နေအိမ်၊ ကားများပေး၍ ပြည်ထောင်စုဝန်ကြီးများ စည်းရုံးမှု အကြောင်းစုံဖွင့်ချပြီသူတို့ကို ပုဂ်္ဂိုလ် ရေး မုန်းတီးမှု လုံးဝမရှိဘူး ဦးအောင်မင်းကိုလည်း ကျွန်တော် မုန်းတီးမှုမရှိဘူး ကျွန်တော်က ဘာကိုမုန်းလဲ ဆိုရင် လိမ်တာ၊ ညာတာ၊ လှည့်တာ၊ ကောက်တာကို မုန်းတယ် . . . ဘယ်သူ မရိုးသားဘူး၊ ရိုးသားတယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိတယ် . . .

မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ အတွဲ(၂)၊ အမှတ်(၃၇) နိုဝင်ဘာလ ၂၃ ရက်နေ့ ထုတ်တွင် အစိုးရသစ် လက်ထက် မြန်မာနိုင်ငံသို့ ပထမဦးဆုံး ပြန်လည် ၀င်ရောက်လာေ သာ ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးပီတာလင်းပင်နှင့် တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြခဲ့ပါသည်။ ထိုတွေ့ဆုံ မေးမြန်းခန်းပါ အကြောင်းအရာ အချို့နှင့် ပတ်သက်၍ တိုက်ရိုက် သက်ဆိုင်နေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ၊ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ မြန်မာသံတော်ဆင့်မှ တိုက်ရိုက်တွေ့ဆုံ မေးမြန်းလိုကြောင်း နိုဝင်ဘာလ (၂၁)ရက် နေ့ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ပါသည်။ သို့သော် ယနေ့အချိန် ထိ ပေးပို့စာနှင့် ပတ်သက်၍ ပြည်ထောင်စု ၀န်ကြီးထံမှ တစ်စုံတစ်ရာ ဆက်သွယ် အကြောင်းပြန်ကြားမှု မရှိသေးသော်လည်း နိုဝင်ဘာလ (၂၇)ရက်နေ့ ထုတ် 7 Day သတင်းဂျာနယ်တွင် ၎င်းပြည်ထောင်စုဝန်ကြီး တွေ့ဆုံမေးမြန်းခန်း ဖော်ပြ ပါရှိခဲ့ရာ မြန်မာသံတော်ဆင့်မှ တွေ့ဆုံမေးမြန်းခွင့် တောင်းခံထားသော အကြောင်းအရာကို ဦးစွာအဓိကထား မေးမြန်း ထားမှုများကို တွေ့ရှိရပါသည်။ ထိုနေ့တွင်ပင် ဦးပီတာလင်းပင်က မြန်မာသံတော်ဆင့်သို့ ဆက်သွယ် လာသဖြင့်  ပြည်ထောင်စု ၀န်ကြီးထံ တွေ့ဆုံမေးမြန်း ခွင့် တောင်းခံထား သည့်   မြန်မာသံတော်ဆင့်တွင် ဖော်ပြခဲ့ပြီး 7 Day သတင်းဂျာနယ်တွင် ထပ်မံဖော်ပြခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်အား ယုံကြည် ဖတ်ရှုလျက် ရှိကြသော ပြည်သူလူထုအမြင် ရှင်းလင်းမှု ရှိစေရန် ဦးပီတာလင်းပင်အား ထပ်မံ၍ ပြည့်စုံစွာ ပြောကြားပေး ပါရန် မေတ္တာရပ် ခံခဲ့ပါသည်။ ပြည်သူလူထု ရှင်းလင်းစွာ အကြောင်းအရာ ဖြစ်ရပ်အစုံအလင် သိရှိနိုင်စေရန် မြန်မာသံတော်ဆင့်၏ မေတ္တာရပ်ခံချက်နှင့်အတူ  7 Day သတင်းဂျာနယ်ပါ ပြည်ထောင်စုဝန်ကြီး၏ ပြောကြားမှုများကို ပြန်လည် ရှင်းလင်းလိုသည့် ဦးပီတာလင်းပင်၏ သဘောထားများကို ယခု ဖော်ပြအပ် ပါသည်။ …

7 Day ဂျာနယ်မှာ ပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော်တို့ မြန်မာသံတော်ဆင့်က ဖော်ပြခဲ့တဲ့ အန်ကယ် ပြန်လည် ၀င်ရောက်လာချိန် ဦးအောင်မင်း၊ ဦးစိုးသိန်းတို့က အန်ကယ့်ကို ကား၊ ငွေကြေး၊ နေအိမ် စတာတွေ ပေးခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး ဦးအောင်မင်းကို မေးမြန်း ဖော်ပြထားတာ တွေ့ရတယ်။ ဒါပေမဲ့ ဒီပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံ ခန်း ပြောကြားချက်တွေက ကျွန်တော် ဖတ်ရတာ သိပ်ရှင်းလင်းမှု မရှိသလို ဖြစ်နေတယ်။ အန်ကယ့်အနေနဲ့ အပန်းမကြီးဘူးဆိုရင် ဒီအကြောင်းအရာရဲ့ အဖြစ်အပျက် အစုံအလင်ကို ပြောကြား ပေးနိုင်မလားခင်ဗျာ။

ဒီကိစ္စက ကျွန်တော် ပြောခဲ့သလို  ရှင်းရှင်းလေးပါပဲ။ ကျွန်တော် ပြန်ရောက်လာတဲ့ အချိန်မှာ ဒေါက်တာ နေဇင်လတ်တို့နဲ့ ဆက်သွယ်မိပြီး ဒေါက်တာနေဇင်လတ်ရဲ့ ဟိုတယ်မှာ တည်းတယ်။ အဲဒီဟိုတယ်ကို ရောက်ပြီး သုံးလေးရက်လောက်နေတော့ ဦးလှမောင်ရွှေက ကျွန်တော့်ဆီ ရောက်လာတယ်။ ဦးအောင်မင်းတို့နဲ့ တွေ့ဖို့ သင့်တယ်ဆိုပြီး အဆိုပြုလို့ ကျွန်တော်ကလည်း ယုံယုံကြည်ကြည်နဲ့ လက်တွဲပြီး ဆောင်ရွက်ဖို့ ပြန်လာတာ ဖြစ်တဲ့အတွက် တွေ့ဖို့ လက်ခံ လိုက်တယ်။ ဒီတော့ ဦးအောင်မင်းတို့နဲ့ တွေ့ကြတယ်။ ကျွန်တော် ရိုးသားစွာ အမှန်အတိုင်း ပြောခဲ့ပြီးသားပဲ။ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့ တွေ့တဲ့ အချိန်မှာ Myanmar Egress က ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဦးဆန်နီညွန့်သိန်းတို့ ပါတယ် ဆိုတာတောင် ပြောခဲ့သေးတာပဲ။ ဦးအောင်မင်း 7 Day မှာ ပြောတဲ့အထဲမှာ ကျွန်တော်က မြန်မာနိုင်ငံကို ပထမဦးဆုံး ပြန်ဝင်လာတယ်ဆိုတာ ဟုတ်တယ်။ သူပြောတဲ့ အခွင့်အရေး ဆိုတာတွေ တောင်းခဲ့တာလည်း ဟုတ်တယ်။ ဒါပေမဲ့ သူပြောတာက ပြည့်စုံမှု တိကျမှု မရှိဘူး။ တကယ့် အကြောင်းအရာတွေ ကျန်နေတယ်။

အန်ကယ်ပြောသလိုပါပဲ။ ဒီ 7 Day နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အန်ကယ့်ကို ငွေတွေ၊ အိမ်တွေ၊ ကားတွေပေးတဲ့ ကိစ္စ မေးမြန်းတဲ့အခါ ““အဲဒါတွေမပြောခင် သူတို့ လုပ်နေတဲ့ကိစ္စလေး ပြောချင်ပါ တယ်ဆိုပြီး သမ္မတကြီးက   ၂၀၁၁ ခုနှစ်က အခြေပြ မိန့်ခွန်းပြောခဲ့တာ ဒီမိန့်ခွန်းထဲမှာ  အားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့ တာ၊ သမ္မတကြီး ဖိတ်ခေါ်ပြီးနောက် အန်ကယ်က ပထမဆုံး ပြန်လည် ၀င်ရောက်လာပြီး ဦးအောင်မင်းတို့နဲ့ တွေ့ဆုံမှု ရှိခဲ့တာ၊ ပြီးတော့ အန်ကယ်က အခွင့်အရေးတွေ တောင်း တယ်။ ဒါပေမဲ့ အခုက ခေတ် ပြောင်း သွားပြီ၊ တန်းတူညီမျှပဲ ဘယ်သူမှ အခွင့်အရေး ပိုယူလို့မရဘူး။ ဒါကြောင့် သူတို့အနေနဲ့ ဘာမှပေးလို့ မရဘူးလို့ ဆိုထားတယ်””။ ဒါက ပထမမေးခွန်းမှာ ဖြေတဲ့ အကြောင်း အရာတွေ ဒီတော့ မေးတဲ့သူက အန်ကယ်က ဘာအခွင့်အရေးတွေ တောင်းတာလဲဆိုတာ ဒုတိယမေး ခွန်းအနေနဲ့ မေးခဲ့တယ်။ ဒီတော့ ဦးအောင်မင်းက““အန်ကယ်က အန်ကယ့်ရဲ့ပင်စင်လစာ ပြန်လည်ခံ စားခွင့်၊ ပြီးတော့ မေမြို့က အန်ကယ့်ရဲ့ အိမ်မြေကွက်ဂရန် ပျောက်သွားတဲ့ကိစ္စ ပြန်လျှောက်ဖို့တွေ ပြောတယ်။ ဒီအခါမှာ ဦးအောင်မင်းတို့အနေနဲ့ ဘာပဲဖြစ်ဖြစ် ပြည်ပက ပြန်လာတဲ့ လူတစ်ယောက် အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပြောပေးတာ တို့၊ လုပ်ပေးတာတို့ ဒီလောက်ပဲ ရှိတယ်””လို့ ပြန်ဖြေတယ်။ အဲဒီတော့ ဒီတွေ့ဆုံ မေးမြန်းခန်းမှာ အန်ကယ်နဲ့ ပတ်သက်ပြီး မေးတာ၊ ဖြေတာ ဒီနှစ်ခုပဲ တွေ့တယ်။ နောက်ပိုင်းမှာ ဘာမှ ဆက်မတွေ့တော့ဘူး။ အခု အန်ကယ်က ဦးအောင်မင်း အနေနဲ့ ပြောတာ ပြည့်စုံမှု မရှိဘူးဆိုတော့ ဘာတွေ ကျန်နေတာလဲ။

အဓိကက ပထမ မေးခွန်းမှာပါတဲ့ ကျွန်တော့်ကို ကားတွေ၊ ငွေတွေ၊ အိမ်တွေ ပေးတယ်ဆိုတဲ့ ကိစ္စ ဖြေထားတာ မတွေ့ဘူး။ မဖြေလို့ ထပ်မေးတာလည်း မတွေ့ဘူး။ နောက်ပြီးတော့ အဲဒီအခွင့်အရေးတွေ ဆိုတဲ့ကိစ္စ သူပြောတာ လွဲနေတယ်။ ကျွန်တော်ပြောပြမယ်။ ကျွန်တော်နဲ့ တွေ့တဲ့အချိန်မှာ သူတို့ကစပြီး Offer လုပ်တာ။ ကျွန်တော် က ဒီကိစ္စကို လိမ်ပြောစရာလည်း မလိုဘူး။ အမှန်ကို အမှန်အတိုင်းပဲ။ ကျွန်တော်က ကြောက်တဲ့ သူလည်းမဟုတ်ဘူး။ ကျွန်တော့်ကို သူတို့က ကားသုံးစီးထဲက တစ်စီး ယူသွား၊ နေစရာမရှိရင် အင်လျား ကန်စောင်းမှာ ဗိုလ်ချုပ်တွေ ပြောင်းသွားလို့ နေရာတွေ လွတ်နေတယ်။ အဲဒီက တစ်နေရာ လုပ်ပေးမယ်။ လောလောဆယ် သုံးဖို့လည်း အသုံးစရိတ် သိန်းတစ်ထောင်ပေးမယ်။ ဒါကို သူတို့က စပြီး Offer လုပ်တာ။ သူတို့ အဲဒီလိုပြောတော့ ကျွန်တော်က ဒါတွေယူဖို့ လာတာမဟုတ်ဘူး။ ဒီတော့ ကားကိုလည်း ကျွန်တော့် ဘာသာ စာတင်ပြီး ရောင်းဖို့ လျှောက်မယ်။ နောက်ဖုန်းလည်း တရားဝင်လျှောက်မယ်။ နောက်နေဖို့ အခန်းလည်း ရောင်းပေးဖို့ ကိုယ့်ဘာသာ လျှောက်မယ်ဆိုတာ ပြောခဲ့တယ်။ အဲဒါကို ဦးလှမောင်ရွှေက စာရေး တင်လိုက်ပါဆိုလို့။ အဲဒီနောက် ဒေါက်တာ နေဇင်လတ်ဆီက တစ်ဆင့် ကျွန်တော် တကယ်လည်း လျှောက်ခဲ့ တယ်။ ဒါပေမဲ့ အခုအချိန်ထိ ဘာမှ အကျိုးအကြောင်း မသိရဘူး။ ဒီတော့ 7 Day ထဲမှာ သူရှင်းတာ၊ သူဖြေ ထားတာကိုက ဒီကိစ္စတွေ မပါဘူး။ သူတို့က လိုချင်ရင် အခု ဒါတွေ၊ ဒါတွေ ယူသွားလို့ offer လုပ်တာ။ ကျွန်တော်က မယူဘဲ ကိုယ့်ဘာသာ တရားဝင် လျှောက်မယ်လို့ ပြန်ပြောခဲ့တာ။ ဒါကအခု ဦးအောင်မင်း ပြန်ရှင်းတဲ့ အထဲမှာ မပါတဲ့ကိစ္စ။ သူပြောတဲ့ ပင်စင်တို့၊ ဂရန်တို့ ဆိုတာက ပင်စင်က ကျွန်တော် ပြည်ပထွက် သွားတော့ အသိမ်းခံလိုက်ရတာ ဒါကိုပြန်ရဖို့ လျှောက်တာ။ နောက် ဂရန်ကလည်း ကျွန်တော် နိုင်ငံခြား ထွက်သွားတဲ့ အချိန် ဘယ်သူ ယူသွားမှန်း မသိဘဲ ပျောက်သွားလို့ ပြန်လျှောက်ဖို့ လုပ်တာ။ ဒါတွေက ကျွန်တော့် ရပိုင်ခွင့်တွေကို ကျွန်တော်တောင်းတာ။ ဒေါက်တာ နေဇင်လတ်ဆီမှာပဲ အဲဒါတွေနဲ့ ပတ်သက်ပြီး စာပေးခဲ့တယ်။ ဒါတွေမကဘူး အခုဖွဲ့ထားတဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေမှာ လည်း အကုန်ပူးတွဲပြီး တင်ထားတာ။ ဒါတွေ အကုန်လုံး အခုချိန်ထိ ရှင်းရှင်းပြောရင် ပြန်မရသေးဘူး။ ပင်စင်လစာ ဆိုတာ ကျွန်တော် လိုချင်လို့ မဟုတ်ဘူး။ ကိုယ့်အခွင့်အရေး အနေနဲ့ ရသင့်တယ်ထင်လို့ မတရားမှုကို တိုက်ရမှာမို့ ပြန်တောင်းတာ။ နောက် သူပြောတဲ့အထဲမှာ မပါတဲ့ကိစ္စက ၉၀ လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့တွေနဲ့ ပတ်သက်ပြီး သမ္မတကြီးကို ပူးပေါင်းဖို့ ထောက်ပံ့ ကူညီဖို့ စာတင်ခဲ့တာလည်း ရှိတယ်။ ဒါတွေကို အခွင့်အရေး တောင်းတယ်လို့ ပြောရင် ကျွန်တော်ရဲရဲကြီး ပြောရဲတယ်။ ဟုတ်တယ်။ ကျွန်တော် အခွင့်အရေး တောင်းခဲ့တယ်လို့ပဲ။ ကျွန်တော်က ရိုးရိုးသားသား လုပ်တဲ့သူဆိုတော့ အကုန်လုံး အမှန်အတိုင်း ပြောရဲတယ်။

အန်ကယ်ပြောသလိုပါပဲ။ ဒီတွေ့ဆုံ မေးမြန်းခန်းမှာ အဓိကကျတဲ့ အန်ကယ့်ကို ဦးအောင်မင်းတို့က ကားတွေ၊ အိမ်တွေ၊ ငွေစတာတွေ ပေးမပေး ပထမမေးပေမယ့် ဦးအောင်မင်း ဖြေတဲ့အထဲမှာ ပေး မပေး အတိအကျ မဖြေထားဘူး။ ဒါကိုလည်း နောက်ပိုင်း အဖြေအတိအကျ ရအောင် ထပ်မေးတာမျိုး မတွေ့ရဘူး။ ဒါပေမဲ့ ဒါက သူတို့မေးတဲ့၊ ဖြေတဲ့အပိုင်းမို့ ထားလိုက်ပါတော့။ တစ်ခုရှိတာက ကျွန်တော်တို့က အန်ကယ်နဲ့ တွေ့ဆုံ မေးမြန်းခန်းကို မဖော်ပြခင် ကတည်းက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်ဆီကို ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခွင့် ပေးဖို့ တင်ခဲ့တယ်။ ဒါပေမဲ့ အခုအန်ကယ်နဲ့ တွေ့နေတဲ့ အချိန်ထိ အကြောင်းပြန်ချက် မရှိသေးဘူး။ ဒါပေမဲ့ ဒီနေ့ 7 Day မှာ ဒီတွေ့ဆုံ မေးမြန်းခန်း ပါလာတယ်။ တွေ့ဆုံ မေးမြန်းခန်းရဲ့ မေးခွန်းတွေကို ကြည့်ရင် ကျွန်တော်တို့ သံတော်ဆင့် ထွက်ပြီးမှ ဒီတွေ့ဆုံ မေးမြန်းခန်း လုပ်ထားတာ ငြင်းလို့ မရဘူး။  ဒီတော့ ဒီအကြောင်းအရာတွေကို တရားဝင် ဖော်ပြခဲ့သလို ဒါတွေနဲ့ ပတ်သက်ပြီး မေးမြန်းခွင့်လည်း အစောကတည်းက တောင်းထားပေမယ့် မရဘဲ အခုလို 7 Day မှာ တွေ့ဆုံ မေးမြန်းခန်း ပါလာတဲ့အပေါ် အန်ကယ့် အနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ။

ကျွန်တော်တို့ တွေ့ဆုံမေးမြန်းခွင့် လှမ်းတင်တုန်းကပဲ ဦးအောင်မင်းရဲ့ ကိုယ်ရေးအရာရှိက ၀န်ကြီးအနေနဲ့ အခမ်းအနားတွေမှာ သတင်းမီဒီယာတွေနဲ့ ဆုံတွေ့မေးမြန်းနေတာမို့ သီးသန့် တွေ့ဆုံမေးမြန်းမှုမျိုး ဘယ်သူ့ကိုမှ ပေးလေ့မရှိပါဘူးလို့ ကြိုပြောထားတဲ့ အသံဖိုင်လည်း ကျွန်တော့်ဆီမှာ ရှိတယ်။

သူတို့ လုပ်ရပ်တချို့က လှည့်စားနေတာ။ ကျွန်တော်က သူနဲ့ပေါင်းပြီး လုပ်စားတယ်လို့ အဖြစ်မခံနိုင်ဘူး။ ဒီတော့ ဘယ်သူ ဘာလုပ်တယ်ဆိုတာ ပြည်သူကသိသလို ဒီအဖြစ်အပျက်တွေကို ကြည့်တာနဲ့ နိုင်ငံရေး အတွေ့အကြုံရှိတဲ့ လူတွေက သိတယ်။ ကျွန်တော်တို့ နိုင်ငံရေးလုပ်တာ တိုင်းပြည်မှာ ဗရုတ်ဗရက် အခက် တွေ့အောင် လုပ်နေတဲ့သူတွေ အုပ်ချုပ်နေတာ မဖြစ်အောင်လို့ တစ်ချိန်လုံး တားဆီးလာတာ၊ မသေမချင်း လည်း အမှန်တရားပဲ လုပ်သွားမှာ ဒီကိစ္စက ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာ လူတိုင်းသိတယ်။

စကားမစပ်ခင်ဗျ။ ကျွန်တော် မရှင်းတာလေး တစ်ခုလောက် မေးပါရစေ။ အန်ကယ် ပြောတဲ့အထဲမှာ ဦးအောင်မင်းတို့၊ ဦးစိုးသိန်းတို့က ကားသုံးစီးရှိတယ်။ ကြိုက်တဲ့ တစ်စီးယူသွားလို့ ပြောတယ်ဆိုတော့ အဲဒီကားတွေက သူတို့စီးလာတဲ့ ကားတွေလား။ ဘာအမျိုးအစားတွေ များလဲ။

သူတို့ စီးလာတာ မဟုတ်ဘူး။ အဲဒီ့အချိန်က ဦးစိုးသိန်းက စက်မှုဝန်ကြီးဆိုတော့ သူတို့စက်ရုံက ထုတ်ပြီး အခုအပြင်မှာ တက္ကစီ ဆွဲနေတဲ့ ကားတွေ ရှိတယ်။ အဲဒီလိုကားမျိုးတွေ။ အဲဒီထဲက တစ်စီး ယူသွားဖို့ ပြောတာ။ ပြန်သွားရင် ယူသွားရုံပဲ အဲဒီလို ပြောတာ။

ဒါဆို အန်ကယ်က ဒီကားပေးတာကို လက်မခံဘဲ ကိုယ့်ဘာသာ တရားဝင် လျှောက်ဖို့ ဆိုတာက ဘယ်ကားကို ပြောတာလဲ။ အစိုးရဆီက ကားကိုလား။

ဦးစိုးသိန်းတို့ စက်ရုံက ထုတ်တဲ့၊ သူတို့ယူသွားလို့ ပြောတဲ့ ကားမျိုးပဲ လျှောက်ခဲ့တာ။ အဲဒါကလည်း သူတို့နဲ့ တွေ့ပြီးနောက်မှ စာရေးပြီးတော့ ဦးလှမောင်ရွှေ ဆီကနေ တစ်ဆင့်လျှောက်တာ။

အခု အန်ကယ့် ကိုယ်တွေ့ကိစ္စရပ်နဲ့ ပတ်သက်ပြီး အခုလို ကြုံတွေ့ရတဲ့ အပေါ်မှာရော အန်ကယ့်အနေနဲ့ တစ်စုံတစ်ရာ ပြောချင်တာ ရှိပါသလား။

ရှင်းရှင်းပြောရရင် ကျွန်တော်က ယောက်ျား တစ်ယောက်။ နိုင်ငံရေးသမား။ ပြည်သူကို လိမ်ဖို့လည်း မစဉ်းစားဘူး။ ဘယ်သူ့ကိုမှလည်း လိမ်ဖို့မစဉ်းစားဘူး။ အမှန်ကို အမှန်အတိုင်း ဖြစ်စေချင်လို့။ တချို့က ဘယ်လိုပြောလဲ ဆိုရင် ယူသွားတယ်လို့ သတင်းထွက်လာတယ်။ နိုင်ငံခြားမှာ ယူသွားတယ်လို့ သတင်း ထွက်လာတယ်။ ဒီမှာလည်း သို့လောသို့လော ရသွားတယ်လို့ ပြောနေတဲ့လူတွေ ရှိတယ်။ မဟုတ်ပါဘူး ဆိုတာ ကျွန်တော် တိတိကျကျ ပြောပါတယ်။

ကျွန်တော်ကပဲ သူနဲ့ပေါင်းပြီး လုပ်စားတယ်လို့ အဖြစ်မခံနိုင်ဘူး။  ဒီဟာတွေ ဖြစ်လို့လည်း သူတို့ကို ပုဂ္ဂိုလ်ရေး မုန်းတီးမှု လုံးဝမရှိဘူး။ ဦးအောင်မင်းကိုလည်း ကျွန်တော် မုန်းတီးမှု မရှိဘူး။ ကျွန်တော်က ဘာကိုမုန်းလဲ ဆိုရင် လိမ်တာ၊ ညာတာ၊ လှည့်တာ၊ ကောက်တာကို မုန်းတယ်။ ကျွန်တော့် သဘောထားက ဒါပဲ။ ကျွန်တော် တပ်မတော် အပေါ်လည်း ဒီအတိုင်းပဲ။ တပ်မတော်ကို မုန်းတီးလို့ မဟုတ်ဘူး။ တပ်မတော်ထဲမှာ ချစ်စရာ ကောင်းတဲ့လူ၊ တိုင်းပြည်ကိုချစ်တဲ့ လူအများကြီးပဲ။ ကိုယ့်အတွက်ကိုယ် လုပ်နေတဲ့၊ ကိုယ့်အကျိုးအတွက် လုပ်နေတဲ့ ဟာတွေ အများကြီး ရှိနေတာကိုသာ တိုက်တာ။ ဒီတော့ ဦးအောင်မင်း အနေနဲ့လည်း ရိုးသားပါလို့ ပြောချင်တယ်။

အခု သူတို့ငြိမ်းချမ်းရေး လုပ်ငန်းတွေကို  တတ်နိုင်သလောက် ကြိုးစားနေတယ်လို့ ပြောတယ်။ ဒီတော့ ဒီလုပ်ငန်းတွေ မအောင်မြင်ဘူး၊ အောင်မြင်တယ် ဆိုတာက ရိုးသားမှုမှာ မူတည်တယ်။ ရိုးသားရင် အောင်မြင်မှာပဲ။ ရိုးသားဖို့ပဲ အရေးကြီးတယ်။ ကိုယ်ကျိုးကို လျှော့ပြီးတော့ တိုင်းကျိုး ပြည်ကျိုးကို လုပ်ကြပါ။

အန်ကယ်အခုပြောသွားတဲ့အထဲမှာ ကိုယ်ကျိုးအတွက် လုပ်နေတဲ့ သူတွေရှိသလို  တိုင်းပြည်ကို တကယ်ချစ်တဲ့ သူတွေလည်း ရှိတယ်ဆိုတဲ့အခါကျတော့ ပြည်သူတွေ အနေနဲ့ အန်ကယ့်လို ခွဲခြား သိမြင်နိုင်အောင် ပြောပြပေးပါဦး။

ဘယ်သူမရိုးသားဘူး၊ ရိုးသားတယ် ဆိုတာကိုယ့်ကိုယ်ကိုယ် သိတယ်။ ပြီးတော့ ကျွန်တော်တို့ အချင်းချင်း ငြိမ်းချမ်းရေး ဖြစ်စေချင်တယ်။ ဖြစ်အောင်လည်း တစ်ဖက်နဲ့ တစ်ဖက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး မဖြစ်တာ ပြည်သူတွေ အရမ်းနစ်နာတယ်။ တိုင်းပြည် ဆုတ်ယုတ်မှုတော့ ရှိတယ်။ တကယ့် ဒီမိုကရေစီ လမ်းကို သွားမယ်ဆိုရင် ငြိမ်းချမ်းရေးရမှ တပ်မတော်ရဲ့ လှုပ်ရှားမှုက နည်းသွားမယ်။ ပြီးရင် အရပ် အုပ်ချုပ်ရေးက ၀င်လာမယ်။ ငြိမ်းချမ်းရေးကို တကယ်လိုချင်ရင် အန်ကယ်ပါမယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို နှစ်ဖက်ဖြစ်အောင် လုပ်ပါလို့ ကျွန်တော်မေတ္တာရပ်ခံ ပါတယ်။

လောကကြီးမှာ မိသားစု တစ်ခုတောင်မှ ကောင်းတဲ့လူရှိတယ်။ မကောင်းတဲ့လူ ရှိတယ်။ လုပ်စားနေတဲ့လူ တော်တော်များများလည်း ရှိသလို ပြည်ထောင်စု အရေးကို ဆောင်ရွက်နေတဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ အရေးအကြီးဆုံးက လုပ်မစားဘဲနဲ့ ပြည်ထောင်စု အကျိုးကို လုပ်မယ့် လူတွေနဲ့ လုပ်လို့ရှိရင် အောင်မြင်မှာပဲ။ တကယ့် ပြည်ထောင်စု အကျိုးကို လိုချင်ရင် ငြိမ်းချမ်းရေးကို လုပ်မယ်။ ငြိမ်းချမ်းရေး မရှိရင် စစ်အုပ်ချုပ်ရေးက ကြာမယ်။ ပြီးရင် တရား ဥပဒေစိုးမိုးရေး လုပ်ရမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဘာကြောင့် ရေးဆွဲရလဲ ဆိုတာကို အုပ်ချုပ်သူ လူတန်းစားကနေ အုပ်ချုပ်ခံ လူတန်းစားကို ဖိနှိပ် မချုပ်ချယ်နိုင်အောင် ရေးဆွဲရမယ်။ ပြည်သူတွေ ရွေးချယ်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေက နေပြီးတော့ တရားဥပဒေ နားလည်တဲ့လူတွေ၊ ကျွမ်းကျင်တဲ့လူတွေ၊ တိုင်ပင်ပြီးတော့ ဒီဟာတွေကို ရေးဆွဲပါ။ အခုက တစ်ဖွဲ့တည်းက ရေးဆွဲပြီးထားတော့ ပြောစရာမလိုဘူး။ ရေး ဆွဲထားတာ အားလုံးကို ကြည့်ရင်လည်း ပြည်သူ့အကျိုး မဟုတ်ဘဲနဲ့ တပ်မတော်အကျိုးကို အများဆုံး ထည့်ထားတယ်။ အဲဒါတွေ ကတော့ လုပ်နေသမျှ ကာလပတ်လုံး ဒီမိုကရေစီဟာ ဟန်ပြပဲဖြစ်မယ်။ ပြည်သူတွေ ရွေးချယ်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက လွှတ်တော်မှာ ရှိရမယ်။ ကြေးစားလုပ်တဲ့ ၀န်ထမ်းတွေက ကြေးလည်းစား၊ ပြီးလို့ရှိရင် လွှတ်တော်ထဲလည်း ၀င်တယ်ဆိုတော့ အလုပ်နှစ်ခု လုပ်စရာမလိုဘူး။ ကြေးစား လုပ်မယ်ဆိုရင် ၀န်ထမ်းတစ်ခုက တကယ့် နိုင်ငံရေး လုပ်မယ်ဆိုရင် အဲဒီအလုပ်က ထွက်ပြီးတော့ နိုင်ငံရေးပဲ သူလုပ်ရမယ်။ အခုက လုပ်လို့မရဘူး။ တပ်မတော်က ကြေးလည်း စားထားသေးတယ်။ ကြေးစားတပ်မတော် ဖြစ်နေတယ်။ လွှတ်တော်ထဲ ၀င်တယ်ဆိုတာ မဖြစ်သင့်တဲ့အလုပ်။ စစ်တပ်ကို ပိုပြီးတော့ ပေးထားတဲ့ အခွင့်အရေးက စစ်က ၂၄ နာရီ အလုပ်လုပ်နေရလို့ စစ်တပ်ကို အခွင့်အရေးတွေ အများကြီး ပေးထားရတယ်။ အဲဒါတွေ အားလုံးက ပြည်သူက ပေးထားတဲ့ အခွင့်အရေးတွေပါ။

မြန်မာသံတော်ဆင့် 

လက်နက်ကိုင်တွေရဲ့ပြဿနာ ဘယ်လောက်ကြီးမားနက်ရှိုင်းလဲ


ခုတစ်လော နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ပြောဆိုမှု အများဆုံးကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စပြီးရင် ဖက်ဒရယ်တပ်မတော်ဆိုတဲ့ ကိစ္စပါ။အစိုးရဘက်ကတော့ ပြည်ထောင်စု တပ်မတော်လို့ သုံးနှုန်းပါတယ်။ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ပြဿနာအရပ်ရပ်ဖြေရှင်းမယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြဿနာကိုလည်း ချန်ထားလို့မရပါဘူး။

ဒါပေမဲ့ တကယ့်တကယ် ဒီပြဿနာအကြောင်း ပြောဆိုနေကြတဲ့သူ တစ်ချို့ကိုယ်တိုင် ဒီပြဿနာ ဘယ်လောက်ကြီးတယ်၊ ဘယ်လောက် နက်ရှိုင်းတယ် ပြည့်ပြည့်၀၀ မသိကြပါဘူး။

အခု ဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။ တပ်မတော် လက်ရှိ တပ်မတော်ကို အစိုးရ စစ်တပ်လို့ ခေါ်ရတာတောင် ခပ်ခက်ခက်ပါ။ အကြောင်းကတော့ အစိုးရအဖွဲ့ လက်အောက်မှာ ရှိမနေလို့ပါ။

တပ်မတော် သမိုင်းကြောင်းကို ခပ်တိုတို ပြန်ပြောရရင် လွတ်လပ်ရေးရပြီးစ နှစ်တွေမှာ ကွဲထွက် မှုမျိုးစုံဖြစ်ပွားခဲ့ပေမယ့် နောက်ပိုင်း ပြန်လည် စုဖွဲ့ထားတဲ့ တပ်မတော်ကတော့ ကြီးကြီးမားမားကွဲ ထွက် တာမျိုး ဖြစ်ပေါ်တာ မတွေ့ရတော့ပါဘူး။

အာဏာရှင်တွေ လက်အောက်မှာ ဂိုဏ်းဂဏကြောင့် အုပ်စုလိုက် ဖြုတ်တာ၊ ထုတ်တာ၊ ဖမ်းဆီးထောင်ချတာမျိုးတွေ ရှိခဲ့ပေမယ့် ကြီးမားတဲ့ ပုန်ကန်မှုမျိုးတွေလည်း မကြုံခဲ့ရပါဘူး။

ဒီကနေ့အချိန်ထိ တပ်မတော်နဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်စရာ ပြဿနာ ကြီးကြီးမားမားရှိနေတဲ့တိုင် နိုင်ငံတကာ စံချိန်မီ၊ အမိန့်နာခံတဲ့ စစ်တပ်ဖွဲ့ဖြစ်နေသေး တာကတော့ ငြင်းလို့မရပါဘူး။

ဒါက တပ်မတော်နဲ့ ပတ်သက်ပြီး ကောင်းတဲ့ အချက်ပါ။ ဆိုးတဲ့အချက်ကတော့ တပ်မတော်ဟာရာစု နှစ်တစ်ဝက်ကျော်အထိ အာဏာရှင်တွေ လက်ထဲ ကျရောက်ခဲ့တာပါ။ တပ်မတော်ကိုလက်ကိုင် တုတ် လုပ်ပြီး တိုင်းပြည်ကို ထင်သလို စီမံခန့်ခွဲခဲ့ကြလို့ တိုင်းပြည်လည်း ဆင်းရဲတွင်းထဲရောက်၊ ဂုဏ်သိက္ခာတွေ လည်း ကျဆင်း၊ ကမ္ဘာ့အလယ်မှာလည်း မျက်နှာ ငယ်ခဲ့ရတာပါ။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ တပ်မတော် ခေါင်းဆောင်တွေ တိုင်းပြည်ကို အပြောင်းအလဲလုပ် စပြုလာ ပါပြီ။ နိုင်ငံရေးကို ရာခိုင်နှုန်းပြည့် ၀င်စွက်နေတာကနေ နည်းနည်းနောက်ဆုတ်ပေးလိုက်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးသမားတွေ စည်းရုံးနိုင်ခဲ့မယ်ဆိုရင် နောက် မျှော်မှန်းလို့ရတဲ့ ကာလတစ်ခု အတွင်း တပ်မတော်ဟာ နိုင်ငံတကာ တပ်မတော်တွေလို ပရော်ဖက်ရှင်နယ်တပ်မ တော်တစ်ရပ် ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။

ဆိုလိုရင်းကတော့ တပ်မတော် ပရော်ဖက်ရှင်နယ်ဖြစ်ရေး ကိစ္စဟာ နိုင်ငံရေးသမားတွေ စည်းရုံးနိုင်မှုနဲ့ နိုင်ငံရေးပြေလည်မှုရရေးအပေါ်မှာ မူတည်ပါတယ်။ အားလုံးဖျက်ပြီး အားလုံးအသစ် ပြန်တည်ဆောက် ဆိုတာမျိုး လုံးဝမလိုအပ်ပါဘူး။

လက်နက်ကိုင်အင်အား လက်ရှိ မြန်မာ့တပ်မတော်ဟာ သူ့ရဲ့ အင်အားကို လျှို့ဝှက်ထားပါတယ်။ဒါပေမဲ့ ခန့်မှန်းမှုတွေအရကတော့ အင်အား လေးသိန်းနဲ့ ငါးသိန်းကြားလို့ မှန်းကြပါတယ်။ ဆင်းရဲတဲ့တိုင်းပြည် တစ်ပြည်အတွက် အလွန်များတဲ့ အင်အားပါ။

နောက်ပိုင်း တပ်မတော်ရဲ့ လက်အောက်မှာ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေကို အသွင်ပြောင်း ထားတဲ့ နယ်ခြား စောင့်တပ်ဖွဲ့ ရှစ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ၁၇ ဖွဲ့လည်း ရှိလာပါတယ်။ ခုဆိုနယ်ခြားစောင့် တပ် တပ်ရင်းပေါင်း ၂၃ ရင်း ရှိနေပါပြီ။

နောက်တစ်ခုကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေပါ။ စုစုပေါင်းအင်အား တစ်သိန်းဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အခု ဒီအင်အားစုတွေနဲ့ အစိုးရ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ နေကြပါတယ်။

နောက်ပိုင်း ဒီတပ်ဖွဲ့တွေ ဘယ်လိုပုံစံနဲ့ တည်ရှိမလဲ၊ လက်ရှိတပ်မတော်နဲ့ ဘယ်ပုံဘယ်နည်း ပေါင်းစည်းမ လဲဆိုတာတွေကို ဆွေးနွေးကြရတော့မှာပါ။ လူတွေမသိတဲ့ ပြည်သူ့စစ် အင်အားနောက်ထပ် ပြည်သူတွေ သိပ်မသိသေးတဲ့ ကိစ္စတစ်ခုကတော့ ပြည်သူ့စစ်တွေ ပြဿနာပါ။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်အဖွဲ့ပေါင်း ၅,၀၀၀ ကျော်ရှိပါတယ်။ အလွန်များပါတယ်။ လက်နက်ကိုင်ထားတဲ့ ပြည်သူ့စစ်ရော၊ လက်နက်ကိုင် မထားသူတွေပါ ပေါင်းရင် ပြည်သူ့စစ်အင်အား စုစုပေါင်းတစ်သိန်း ရှစ်သောင်းကျော် ရှိပါတယ်။

ဒီလူတွေကို အစိုးရက တရားဝင်လစာ၊ ရိက္ခာ ထောက်ပံ့ထားတာ မရှိတဲ့အတွက် ဘယ်လိုရှာဖွေစား သောက်နေကြမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အားလုံးပေါင်းလိုက်ရင် မြန်မာနိုင်ငံမှာလက်နက်ကိုင် အင်အား ခုနစ်သိန်းကနေ ရှစ်သိန်း ၀န်းကျင်လောက် ရှိနေတဲ့ သဘောပါ။

ဒါဟာ ဆင်းရဲပြီး ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံအတွက် အလွန်ကြီးမားတဲ့ ၀န်ထုပ်ပါပဲ။ မြန်မာနိုင်ငံကပြည်ထောင်စု တပ်မတော်အကြောင်း ပြောမယ်ဆိုရင်၊ လက်နက်ကိုင် တပ်ဖွဲ့တွေ ပြဿနာဖြေရှင်းမယ်ဆိုရင် ဒါတွေအားလုံး လွှမ်းခြုံစဉ်းစားရပါလိမ့်မယ်။

ပင်မ ဖြစ်တဲ့ တပ်မတော်ကြီးကတော့ နိုင်ငံရေးအရ အဖြေရှာပြီး ပရော်ဖက်ရှင်နယ် တပ်မတော်ဖြစ်အောင် ပြောင်းလဲရပါမယ်။ တပ်အင်အား လျှော့ချပြီး အရည်အသွေးရှိတဲ့ တပ်မတော်တစ်ခုအဖြစ် အဆင့်မြှင့်တင်ရပါလိမ့်မယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အတွက်ကိုတော့ တချို့ ပြည်ထောင်စု တပ်မတော်ထဲ ပုံစံတစ်ခုနဲ့ ပါဝင်ကြရပါလိမ့်မယ်။ တချို့ လျှော့တန်တာလျှော့၊ တချို့ ဖျက်သိမ်းတန်တာ ဖျက်သိမ်းရပါမယ်။ ပြည်သူ့စစ် ဖျက်သိမ်းရေး အလားတူ ပြည်သူ့စစ်တပ်ဖွဲ့တွေဆိုတာလည်း ဖျက်သိမ်းကြရပါမယ်။

ဒါကလည်း အကြောင်းရှိပါတယ်။ လောလောဆယ်မှာပဲ အဲဒီလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့ ပြဿနာတချို့ မြင်နေရပါပြီ။ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၃ ခုနှစ်မှာဘိန်းစိုက်တာ ၁၃ ရာခိုင်နှုန်း တိုးတက်လာပြီး ဘိန်းဖြူထုတ်လုပ်တာကလည်း ၂၆ ရာခိုင်နှုန်း အထိတိုးတက်လာတယ်လို့ ကုလ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ သတင်းတွေက ဆိုပါတယ်။

အင်ဖက်တမင်းလို စိတ်ကြွဆေး ဖမ်းဆီးရမိမှုကလည်း တစ်ကြိမ်တည်းမှာကို သိန်းဂဏန်း၊သန်းဂဏန်း များပြားလာနေပါတယ်။ ဒါတွေက ပြည်သူ့စစ်တွေအနေနဲ့ လက်နက်ကိုင် ထားပြီးကိုယ့်စီးပွား ကိုယ်ရှာနေရတာ၊ လတ်တလော အပစ်အခတ်ရပ်ထားတာ စတာတွေနဲ့ ဆက်စပ်နေ ပါတယ်။

အဲလို လက်နက်ကိုင်အင်အားစုတွေ ဖျက်သိမ်းရေး လုပ်ရတာကလည်း မလွယ်ပါဘူး။ ကုလသမဂ္ဂ စစ်တမ်းတွေအရ လက်နက်ဖျက်သိမ်းခဲ့တဲ့ နိုင်ငံရှစ်နိုင်ငံကို လေ့လာရာမှာ တပ်ဖွဲ့ဝင် အင်အားခြောက် သောင်း ခုနစ်ထောင်ကျော် အတွက် ဘတ်ဂျက် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ ကုန်ကျခဲ့ပါတယ်။ လက်နက် ကိုင်တစ်ယောက်ကို လက်နက်ဖျက်သိမ်းဖို့ ကုန်ကျစရိတ် ဒေါ်လာ ငါးသောင်းကျော် ရှိနေတဲ့ သဘောပါ။

ဖျက်သိမ်းရမယ့် လက်နက်ကိုင်အင်အား၊ ကုန်ကျရမယ့် ကုန်ကျစရိတ်တွေခန့်မှန်းနိုင်ပါ တယ်။လက်နက် ကိုင် ပြဿနာ ဆွေးနွေးပါ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲခရီးစဉ်ရှေ့ကို ချီတက် နေပါတယ်။

မကြာခင် တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးပွဲကြီး ပေါ်ပေါက် လာပါလိမ့်မယ်။ပြီးရင် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ မူဘောင် ချမှတ်ရေး အစည်းအဝေး တွေ ပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။

အဲဒီမှာ ပြေလည်မှုရရင်တော့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီး မလွဲမသွေ ပေါ်ပေါက်လာ မှာဖြစ်ပါ တယ်။ အဲဒီ ဆွေးနွေးပွဲမှာ ပြည်ထောင်စု တပ်မတော် ကိစ္စတင်မက စောစောက တင်ပြခဲ့တဲ့ လက်နက်ကိုင် အင်အားစုတွေရဲ့ ပြဿနာကိုပါ ထည့်သွင်းဆွေးနွေးဖို့ သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

 စည်သူအောင်မြင့်  - မြန်မာတိုင်း(မ်)

Thursday, November 28, 2013

အိမ်နီးချင်း နိုင်ငံများသို့ သစ်မှောင်ခို ခိုးထုတ်မှု အရှိန်မြင့်တက်နေဆဲ ဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိ သစ်တောပြုန်းတီးမှု အမြင့်ဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေ

(တရုတ်နိုင်ငံ ရွှေလီဘက်သို့ ထွက်ခွာသည့် လမ်းပေါ်တွင် ယခုနှစ်အစောပိုင်းက တွေ့ရသော သစ်လုံးတင်ယာဉ်များ) 
မြန်မာနိုင်ငံမှ တစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ သစ်မှောင်ခို တင်ပို့မှု မြင့်တက်နေသောကြောင့် မြန်မာနိုင် ငံသည် ကမ္ဘာပေါ်ရှိ သစ်တောပြုန်းတီးမှု အမြင့်ဆုံး နိုင်ငံများထဲတွင် ပါဝင်နေကြောင်း မြန်မာနိုင်ငံနှင့် အမြတ်ရ လွယ်သော နယ်စပ်ဒေသရှိ တရားမ၀င် ရင်းနှီးမြုပ်နှံ မှုများအကြောင်း ဖော်ပြထားသော နယ် သာလန် အခြေစိုက် Transnational Institute ၏ မကြာမီက ထုတ်ပြန်လိုက်သော ထုတ်ပြန်ချက်အရ သိ ရသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း သစ်မှောင်ခို ထုတ်ယူမှု ပိုမိုများပြား လာကြောင်းနှင့် အထူးသဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် အဖြစ်များနေကြောင်း၊ အမှန်တွင် ထိုကာလအတွင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဋ္ဌာန်းချက်များ ပြင်းထန်လာခဲ့ခြင်း၊ တစ်နည်းအားဖြင့် ဥပဒေဖြင့် ချမှတ်အကာအကွယ် ပေးလာခြင်းကြောင့် မြန်မာနိုင်ငံမှ သစ်များကို မှောင်ခိုခိုးထုတ်မှု ပိုမြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Global Witness ၏ ခန့်မှန်းချက်အရ ၂၀၀၆ ခုနှစ် မတိုင်မီ ကာလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူ နန်ပြည်နယ်သို့ တရားမ၀င် လမ်းကြောင်းမှ တင်သွင်းနေသော သစ်ပမာဏမှာ နှစ်စဉ်ကုဗမီတာ တစ် သန်းခန့် ရှိကြောင်း၊ ၂၀၀၆ ခုနှစ်တွင် နယ်စပ်ဖြတ်ကျော်၍ သစ်မှောင်ခို ခိုးထုတ်မှု တားဆီးရေးအတွက် နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုး လိုက်သောကြောင့် နယ်စပ်မှ ခိုးထုတ်မှု အထိုက်အလျောက် ကျဆင်းသွားသော်လည်း ရန်ကုန်ဆိပ်ကမ်းမှ တင်ပို့မှု မြင့်တက်နေခဲ့သောကြောင့် သစ်တောပြုန်းတီးမှု မြင့်တက်နေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် အဆိုပါ သစ်မှောင်ခို ခိုးထုတ်မှုမှာ အမြတ်ရလွယ်သော စီးပွားရေး လုပ်ငန်းဖြစ်လာပြီး တရုတ်၊ အိန္ဒိယနှင့် ထိုင်းကုမ္ပဏီတို့ ၀င်ရောက် ရင်းနှီးမြုပ်နှံ လာကြကြောင်း၊ အထူးသဖြင့် တရုတ်နှင့် ထိုင်းကုမ္ပဏီများက အစိုးရနှင့် လည်းကောင်း၊ လက်နက်ကိုင် အင်အားစုများထံမှ လည်းကောင်း သဘောတူညီမှု ရယူကာ သက်ဆိုင်ရာ နယ်စပ်ဒေသ အသီးသီးတွင် ခုတ်ယူနေခဲ့ကြခြင်း ဖြစ်ကြောင်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။ အဓိက သစ်မှောင်ခို ခိုးထုတ်မှုဒဏ်ကို ခံနေရသော ပြည်နယ်များမှာ တရုတ် မြန်မာနယ်စပ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဖြစ်ပြီး ထိုင်းမြန်မာ နယ်စပ်တွင်မူ ကရင်၊ ကယားနှင့် ရှမ်း ပြည်နယ်တို့ ဖြစ်ကာ တနင်္သာရီတိုင်း ဒေသကြီးမှာလည်း သက်ရောက်မှုရှိသော ဒေသတစ်ခု ဖြစ်ကြောင်း သတင်းရရှိသည်။

''သစ်မှောင်ခို ခိုးထုတ်မှုတွေက လျော့မသွားလောက်ပါဘူး။ ကျွန်တော်တို့ တန်ချိန်အားဖြင့် အတိအကျ ပြောဖို့ခက်ပေမယ့် ပွင့်လင်းရာသီတွေဆိုရင် ၂၄ ဘီးကားနဲ့ တစ်ရက်ကို အစီး ၇၀၀၊ ၈၀၀ ရှိပါတယ်။ ကိုယ်ပိုင် စက်ကြီးတွေနဲ့ကို တရုတ်သစ်ခုတ်တဲ့ လုပ်ငန်းတွေက လာပြီး ခုတ်ယူကြတာ'' ဟု တရုတ် မြန်မာနယ်စပ်မှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

EMG

ကိုးတန်းကျောင်းသူတစ်ဦးကို အဓမ္မသားမယားပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ထား



ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်နေ အသက်(၂၁)နှစ်အရွယ်ကိုပြည့်ဖြိုးအောင် ဆိုသူသည် ကလေး မြို့နယ်၊မွန်းလိုင်ကျေးရွာနေကိုးတန်းကျောင်းသူတစ်ဦးကို အဓမ္မသားမယားပြုကျင့်သည်ဟုဆိုကာ အမှုဖွင့် ခံထားရကြောင်း ကလေးမြို့၊ မြို့နယ်ရဲစခန်းမှ သိရသည်။

"ကိုပြည့်ဖြိုးအောင်ကိုတော့ (ပ)၅၃၂/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၃၇၆ အရဖမ်းဆီးထားပြီး စစ်ဆေးနေပါပြီ။ မ .......ကိုလည်း ဆေးစစ်ဆေးမှုခံယူနိုင်ရေးသဘောထားမှတ်ချက်ရယူပေးဖို့မြို့နယ်တရားသူကြီးထံမှာ ခွင့်ပြုမိန့်ရယူနေပါပြီ။ တရားခံအဖြစ်ယူဆထားတဲ့ကိုပြည့်ဖြိုးအောင်ကိုလည်း ဆေးစာရေးသားထင်မြင်ချက် တောင်းခံပြီးအမှုကိုခိုင်မာအောင်တည်ဆောက်တရားစွဲဆိုတင်ပို့နိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟု မြို့နယ်ရဲ စခန်းမှ သိရသည်။

နိုဝင်ဘာ(၂၄)ရက်နေ့ (၁၂)နာရီတွင် ကိုပြည့်ဖြိုးအောင်၊ ကိုးတန်းကျောင်းသူမ ......နှင့် ရှစ်တန်းကျောင်းသူတစ်ဦးတို့သည် ဆိုင်ကယ်တစ်စီးတည်းဖြင့် ကလေးမြို့ရှုခင်းသာသို့ သွားခဲ့ကြကြောင်း၊ ရှုခင်း သာမှအပြန်ညနေ(၃)နာရီခန့်တွင် ဘီယာများသောက်နေခဲ့ကြပြီး မ .... က ရာဇဂြိုဟ်သို့ သွားလို သဖြင့် ဆိုင်ကယ်တစ်စီးတည်းဖြင့် သွားခဲ့ကြကြောင်းသိရသည်။
ကလေး-တမူး ကားလမ်းအတိုင်း မောင်းနှင်လာကြပြီး ည(၇)နာရီခွဲခန့် တွင်ကံလှကျေးရွာ အထွက်သို့အရောက်၌ ကိုပြည့်ဖြိုးအောင်သည်ဆိုင်ကယ်ကိုစက်ရပ်ကာ မ .... ၏ပါးကို နမ်းသဖြင့် မ ....က ခြေထောက်ဖြင့်ကန်ကြောက်ခဲ့ကြောင်း၊ကိုပြည့်ဖြိုးအောင်သည် မ.... ကိုနာရီဝက်ခန့်ကြာသည် အထိအတင်းအဓမ္မ သားမယားပြုကျင့် ခဲ့ကြောင်း အမှုဖြစ်စဉ် အကျဉ်းတွင်ဖော်ပြထားသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age

အစိုးရ သဘောထား မမှန်၍ နိုင်ငံတ၀န်း အပစ်ရပ်ရေး ကြာဦးမည်ဟု နိုင်ဟံသာ ပြော


တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရန် လက်မှတ်ရေးထိုးရေးမှာ အစိုးရဘက်က သဘောထား မမှန်၍ ကြန့်ကြာနေဦး မည်ဟု ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောဆိုလိုက် သည်။

“အဓိက အားဖြင့်က အစိုးရပိုင်းမှာ အစိုးရနဲ့ တပ်မတော်က အမြင်မတူတာ၊ အစိုးရထဲမှာ လွှတ်တော်ထဲမှာ တချို့ကတော့ ကျနော် တို့ကို တန်းတူဆွေးနွေးဖို့ဆိုတဲ့ သဘောထား မရှိဘူးဗျ။ အပေါ်စီးက ယူချင်တယ်။ အဲဒီ စိတ်ဓာတ် အခြေခံကိုက မပြောင်းလဲသမျှကတော့ တွေ့ဆုံဆွေးနွေးရေးက ကြာနေဦးမယ်လို့ ဒီလို ထင်တယ်”ဟု နိုင်ဟံသာ က ဧရာဝတီကို ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား လက်ရှိဆွေးနွေးမှုများနှင့် တဆက်တည်း အစိုးရဘက်က တင်ပြလာသော မူကြမ်း အချက်များထဲတွင် အဓိကအားဖြင့် ပြည်နယ်နှင့် ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးစဉ်က မပါဝင် သည့် အချက်များ ပါလာသည်ကို လက်မခံနိုင် ကြောင်းလည်း သူက ဆက်ပြောသည်။

“ကျနော်တို့ကို စခန်းသစ် မဆောက်ရေး၊ တပ်သားသစ် မစုဆောင်းဖို့၊ လူစာရင်း၊ လက်နက်စာရင်းတွေ ပေးရမယ်ဆိုတဲ့ကိစ္စတွေ၊ နောက် လူထုဆီမှာ အကောက်အခွန်တွေ မကောက် ရဆိုတဲ့ဟာတွေက ကျနော်တို့ အတွက် လက်ခံနိုင်စရာတော့ မရှိဘူး”ဟု မွန်ပြည်သစ် ပါတီ ဒု ဥက္ကဋ္ဌ လည်းဖြစ်သည့် နိုင်ဟံ သာက ပြောပြသည်။

ဆက်လက်၍ နိုင်ဟံသာက “ကျနော်တို့ တော်လှန်ရေးလုပ်တာ ကိုယ့်လူထုရဲ့ ထောက်ပံ့မှုအပေါ်မှာပဲ ရပ် တည်ရတာ။ ဒါတွေ မလုပ်ရင် ကျနော်တို့ တဖြည်းဖြည်းချင်း သေသွားမှာပေါ့”ဟု ပြောသည်။

မြန်မာငြိမ်းချမ်းရေး စင်တာ MPC နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ လုပ်ငန်းကော်မတီက ဦးဆောင်နေသော ငြိမ်းချမ်းရေး ဖြစ် စဉ်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ကို လွန်ခဲ့သည့် အောက်တိုဘာလက လက်မှတ်ရေးထိုးနိုင်မည်ဟု ဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့သည်။

ထို့နောက် နိုဝင်ဘာလအတွင်း လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် MPC တို့က ဆက်လက် ကြိုး ပမ်းနေကြသော်လည်း ယ ခု နှစ်ကုန်သည်အထိ တနိုင်ငံလုံးအတိုင်းအတာနှင့် လက်မှတ်ရေးထိုးပွဲ ကျင်း ပနိုင်ရန် မဖြစ်နိုင်သေးကြောင်း သုံးသပ်သူများက ပြော ဆိုသည်။

“သူတို့က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်တာကို ကမ္ဘာကို ပြနိုင်ရင် နိုင်ငံခြားက ကူညီမှုတွေ ပိုရမယ်ဆိုတဲ့ သဘော ထား မျိုးနဲ့ သွားနေတဲ့ ပုံပေါ်တယ်။ တကယ့် နားလည်မှု အခိုင်အမာမရှိသေးဘဲနဲ့ လိုအပ်ရင် ဆွေးနွေးလိုက်တာနဲ့ ရသလောက်ကို လက်မှတ်ထိုးပါဆိုတဲ့ ပုံစံတွေက များနေတယ်။ သဘောကတော့ Just For Show ပေါ့ဗျာ။ အဲဒီ့ ပုံစံတွေက များနေတယ်”ဟု နိုင် ဟံသာ က ပြောသည်။

UNFC အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး ပြောဆိုမှု အကြိမ်ကြိမ် လုပ်ဆောင်နေသော်လည်း ယခုအထိ နားလည်မှုတစုံတရာ မရရှိသေးကြောင်း၊ နားလည်မှု မရသေး၍ နိုင်ငံရေး ဆွေးနွေးပွဲကို တက်လှမ်းရန် မလွယ်ကူသေးကြောင်း၊ အစိုးရဘက်က တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှသာ နိုင်ငံရေး ဆွေးနွေးပွဲများကို လုပ်ဆောင်လိုကြောင်း ပြောကြားထားသည်။

သို့သော် တိုင်းရင်းသား အဖွဲ့များကမူ နိုင်ငံရေး အာမခံချက် တစုံတရာ ရရှိပြီးမှသာ တနိုင်ငံလုံး အတိုင်းအတာဆောင်သော အပစ် အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် ပါဝင်နိုင်မည်ဟု ပြောဆို နေကြသည်။

“တိုင်းရင်းသားများ အားလုံးပါဝင်တဲ့ ခိုင်မာ၍ ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပစ် အခတ်ရပ်စဲရေး တခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင် ပဋိပက္ခများရဲ့ ဇာစ်မြစ် ဖြစ်တဲ့ ပြဿနာတွေကို နိုင်ငံရေး နည်း လမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိက ဖြစ်တယ်ဆိုသည့် အချက်ပဲဖြစ်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုထားသည်။

ဦးသိန်းစိန်က အောက်တိုဘာလ ၁ ရက်နေ့က ထုတ်လွှင့်သည့် ရေဒီယို မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

“နိုင်ငံရေး ဆွေးနွေးမှုများအတွက် ပိုမိုခိုင်မာတဲ့ အာမခံချက်ရရှိစေဖို့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးတာနဲ့ တပြိုင်နက် နိုင်ငံရေး ဆွေးနွေးပွဲများ အစပြုရန် လိုအပ်မယ့် ပြင်ဆင်မှုတွေဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်(Political Dialogue Framework) များ ညှိနှိုင်းခြင်း၊ ရေးဆွဲခြင်းများကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ဦးသိန်းစိန် က ဆိုသည်။

“ဒါပေမယ့် Frame Work ညှိတယ်ဆိုတဲ့ဟာကလည်း အချိန်အများကြီး ရှိနိုင်တယ်” ဟု နိုင်ဟံသာက ပြောသည်။

နိုင်ဟံသာ အပါအဝင် UNFC ကိုယ်စားလှယ် ၃ ဦးသည် နိုဝင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့သို့ ပထမဆုံးအကြိမ် သွားရောက် ခဲ့ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)၏ အပစ်ရပ်ရေး မူကြမ်း အချောသတ် ဆွေးနွေးပွဲတွင် ရန်ကုန်ခရီးစဉ် အတွေ့အကြုံကိုလည်း မျှဝေကြောင်း သိရသည်။

ရန်ကုန်ခရီးစဉ်နှင့်ပတ်သက်ပြီး ပြည်တွင်းမှာ အပြောင်းအလဲမည်သို့ဖြစ်နေသည်ကို လာကြည့်ရန် ဖိတ်ကြားမှုအပေါ် နိပွန် ဖောင် ဒေးရှင်း က တာဝန်ယူ ပို့ဆောင်ပေးသည့်အတွက် သွားဖြစ်ခြင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ခေါင်းဆောင်များ၊ အခြားသော နိုင်ငံရေး နယ်ပယ်က လူတချို့ နှင့် တွေ့ဆုံ ဖြစ်ခဲ့ကြောင်း နိုင်ဟံသာက ပြောပြသည်။

သို့သော် UNFC ၏ ရန်ကုန် ခရီးစဉ်သည် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေး ဆိုင်ရာများ ညှိနှိုင်း တိုင်ပင်ခြင်းမျိုး မရှိကြောင်း၊ တိုင်းရင်းသားများ လိုလားသည့် ဖက်ဒယ်ပြည်ထောင်စုအရေး၊ ဖယ်ဒရယ် တပ်မတော် အရေးများသာ ဆွေးနွေးဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီခွဲလောက် ဆွေးနွေးဖြစ်တယ်။ ဖက်ဒရယ် တပ်မတော်ကိစ္စ မူဝါဒကို သူက ထောက်ခံတယ်။ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် တပ်မတော်ကိုလည်း ပြုပြင်ရမှာပေါ့၊ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးဖြစ်ရမှာပေါ့။ အသေးစိပ်တွေတော့ ကျနော်တို့ မဆွေးနွေးပါဘူး။ ဒါကိုလက်ခံတယ်တဲ့”ဟု နိုင်ဟံသာ က ပြောသည်။

ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရေး၊ ဖက်ဒရယ် တပ်မတော်ဖြစ်စေရေးတို့အတွက် UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များစွာပါဝင်သည့် အောက်တိုဘာ လကုန်ပိုင်းက ကျင်းပသော လိုင်ဇာဆွေးနွေးပွဲတွင် လိုင်ဇာ သဘောတူညီချက် ၁၁ ချက်ကို ချမှတ်၍ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမည့် အဖွဲ့ NCCT ကိုလည်း ဖွဲ့စည်းခဲ့သည်။

ထို့နောက် မြစ်ကြီးနားဆွေးနွေးပွဲတွင် အစိုးရ ကိုယ်စားလှယ်များနှင့် လိုင်ဇာသဘောတူညီချက်ကို အခြေခံကာ NCCT က ဆက် လက် ဆွေးနွေးသော်လည်း သဘောတူညီချက် မရရှိဘဲ လာမည့် ဒီဇင်ဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့တွင် ဆက်လက် ဆွေးနွေးရန်သာ သဘောတူနိုင်ခဲ့သည်။

“ညှိနှိုင်းရေး ကိစ္စတွေကိုတော့ NCCT အနေနဲ့ပဲ ကျနော်တို့က သွားမှာ။ UNFC ကတော့ ကျနော်တို့ရဲ့ စုစည်းမှုအပိုင်းက ဆက်ရှိနေ မယ်”ဟု နိုင်ဟံသာက ဆိုသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတွင်လည်း များစွာ မျှော်လင့် မထားကြောင်း၊ တိုင်းရင်းသားအများစုက လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးသည် အခက်အခဲများစွာ ရှိနေသောကြောင့် အသစ်ရေး ဆွဲ လိုကြောင်း ပြောဆိုကြသည်။

တိုင်းရင်းသားခေါင်းဆောင်များက လိုလားသော ဖက်ဒရယ်ပြည်ထောင်စုသည် လူမျိုးအပေါ် အခြေခံသည့် ပြည်ထောင်စုမျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် လူမျိုးပေါ် အခြေခံသည့် ပြဿနာက နယ်မြေပေါ် အခြေခံသည့် ပြဿနာထက် အဓိက များသောကြောင့် ဖြစ်ကြောင်း နိုင်ဟံသာက ပြောဆိုသည်။

ဧရာဝတီ

အစိုးရ၏ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် မူကြမ်း လက်ခံရန် အခက်အခဲဖြစ်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ၏ (၃) ရက်တာ ဆွေးနွေးပွဲသည် အစိုးရ တင်ပြသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ်မူကြမ်းအား လက်ခံနိုင်ရန် အခက်အခဲ ရှိကြောင်း ဆွေးနွေးရင်း ယနေ့ ပြီးဆုံး ခဲ့သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ပြောခွင့်ရသူ အတွင်းရေးမှူး (၂) ခွန်ဥက္ကာကဆိုပါသည်။

“ ဆွေးနွေးပွဲကိုတော့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့က (Win Place Hotel) မှာ (၃)ရက်တာ ကျင်းပခဲ့ပါတယ်။ ပြီးတော့ လိုင်ဇာ ဆွေးနွေးပွဲရဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးတယ်။ ပြီးတော့ တခြားအဖွဲ့ တွေနဲ့လည်း ဆက်လက်တင်ပြဖို့ အစီစဉ်ကိစ္စနဲ့ မြစ်ကြီးနား ဆုံးဖြတ်ချက်အရ ကရင်အမျိုးသား အစည်း အရုံး (KNU) နယ်ထဲမှာ ကျင်းပဖို့ရှိတဲ့ ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ ပွဲပါဘဲ။” ဟုဆိုပါသည်။

အဓိကအားဖြင့် အပိုင်း(၃)ပိုင်း ဆွေးနွေး ကြသည်ဟု ဆိုပါသည်။ အစိုးရ၏ သဘောတူညီချက် မူကြမ်းကို ဆွေးနွေးရာတွင် သုံးနှုန်းထားသော ဝေါဟာရများသည် လက်ခံနိုင်စရာ မရှိဟု ဆိုပါသည်။ ထို့အပြင် မပြီးပြတ် သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာ သဘောတူညီချက် (၁၁)ချက် ကိုလည်း ဆက်လက် ဆွေးနွေးပြီး ဖြည့်စွက်ခဲ့ပြီး အစိုးရနှင့်ဆွေးနွေးရမည့် နိုင်ငံရေး မူဘောင်ချမှတ်ရေး ကိစ္စများကို ညှိနှိုင်းခဲ့ကြ သည်ဟုဆိုပါသည်။

(NCCT) သည် (KNU) နယ်မြေထဲတွင် ကျင်းပရန် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံသို့ တင်ပြနိုင်ရန် ကျန်ရှိနေသေးသော တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်လည်း တွေ့ဆုံရန် ရှိပါသည်။ အထူးသဖြင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ၀ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးကြရန် ရှိပါသည်။

(NCCT) ၏ ယနေ့ ပြီးဆုံး သွားသော ဆွေးနွေးပွဲသည် (UNFC) အဖွဲ့ဝင်များနှင့် အဖွဲ့ဝင် မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား တင်ပြ ညှိနှိုင်းခဲ့ပြီး ဆွေးနွေးပွဲသို့ ကိုယ်းစားလှယ် (၂၀)ကျော် တက်ရောက် ခဲ့ပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) သည် ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)မှ နိုဝင်ဘာလ (၂)ရက် အထိ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့တွင် ပထမဆုံး အကြိမ် ကျင်းပသော လက်နက်ကိုင် တိုင်းရင်းသားများ ညီလာခံမှ ဖွဲ့စည်းပေးခဲ့သော အဖွဲ့ဖြစ်ပါသည်။

ဤအဖွဲ့သည် နိုဝင်ဘာ (၄)ရက်နေ့တွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့လုပ်ငန်း ကော်မီတီနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အပါဝင် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

အစိုးရ တင်ပြသော အချက် အပေါ် ဆက်လက် ညှိနှိုင်းရန် ရှိနေသေးသည့် အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံကို (KNU) နယ်မြေထဲတွင် ကျင်းပရန် ဆုံးဖြတ် ခဲ့ပါသည်။ ယင်းညီလာခံမှ ချမျတ်သော ဆုံးဖြတ်ချက်ဖြင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် ကရင်ပြည်နယ် ဖါးအံမြို့တွင် တွေ့ဆုံရန် သဘောထား ခဲ့ပါသည်။

ဤကဲ့သို့ ဆွေးနွေးနိုင်ရေး အတွက် (NCCT) သည် (UNFC) အပါဝင် အဖွဲ့ဝင် မဟုတ်သော တိုင်းရင်း လက်နက်ကိုင် များနှင့် လိုက်လံ တင်ပြ ဆွေးနွေးနေခြင်း ဖြစ်ပါသည်။ ဤကြားထဲတွင် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့မှ ၀န်ကြီး ဦးအောင်မင်း၏ ဖိတ်ကြားချက် အရ (NCCT) ခေါင်းဆောင်တချို့ သည် ရန်ကုန်မြို့သို့ အလွတ်သဘော သွားရောက် လည်ပတ်ခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါသည်။

ရွှေဟသာင်္

နောက်အိမ်ထောင်ပြုမည်စိုးသဖြင့် ကွာရှင်းပြတ်စဲထားသည့် ဇနီးကိုဓားဖြင့်ထိုးသတ်

မော်လမြိုင်မြို့နယ် ဖက်တန်းရပ်ကွက်တွင် ယခုလ ၂၃ ရက်က ကွာရှင်းပြတ်ဆဲထားပြီးသော လင်မယား နှစ်ဦး နောက်အိမ်ထောင်ပြု ခြင်းနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်ပွားပုံမှာ ယခုလ ၂၃ ရက် ညနေ ၄ နာရီတွင် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် မြိုင်ရတနာ လေးထပ် ဈေး အနောက်ဘက်လမ်းရှိ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းနေသော မဇင်ဇင်အောင် (၃၂)နှစ် (ဘ)ဦးသိန်းဇံထံသို့ လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲထားပြီးဖြစ်သူ လင်းလင်း(ခ)ငပြူး (၃၁)နှစ်ရောက်ရှိလာပြီး မဇင်ဇင်အောင်၏ နောက်အိမ်ထောင်ပြုရေး မပြုရေးနှင့်ပတ်သက်၍ အချင်းချင်း စကားများ ရန်ဖြစ်နေရာမှ လင်းလင်းက အသင့်ယူဆောင်လာသော စတီးဓားချွန်ဖြင့် မဇင်ဇင်အောင်အား ဝင်ထိုးခဲ့သဖြင့် ဝဲဘက်ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ် ရာနှစ်ချက်ရရှိပြီး မော်လမြိုင်အထွေထွေ ရောဂါကုဆေးရုံကြီးသို့ တင်ပို့စဉ်သေဆုံးသွားခဲ့သည်။ အဆိုပါဓားထိုးသေဆုံးမှုနှင့်ပတ်သက်၍ မော်လမြိုင်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ လင်းလင်း (ခ)ငပြူးအား(ပ) သတင်းပေးချက် အမှတ် ၁၃ဝ/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူ ဖမ်းဆီးထားကြောင်း သိရသည်။

The Union

ပခုက္ကူ - မြိုင် - ကျောသာ ရထားကြီး ပုံမှန် ပြေးဆွဲ နေ့ချင်း သွား / ပြန်နိုင်


မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် အတွင်း မြန်မာ့ မီးရထား လုပ်ငန်း မှ ပခုက္ကူ - မြိုင် - ကျောသာ ခရီး စဉ် ကို နေ့စဉ် ပုံမှန် ပခုက္ကူ မှ နံနက် ၅ နာရီ မှ စတင်၍ ထွက်ခွာရာ မြိုင် သို့ နံနက် ၆ နာရီခွဲ တွင် ရောက် ရှိ ပြီး မြိုင်မှ နံနက် ၆ နာရီ မိနစ် ၄ဝ မှ စတင်၍ ကျောသာ သို့ ထွက်ခွာ ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၄ဝ ၌ ရောက်ရှိ ခဲ့ကြောင်း သိရ သည်။

ထို့နောက် ကျောသာ မှ မွန်းလွဲ ၁၂ နာရီခွဲ တွင် မြိုင်မြို့သို့ ထွက်ခွာ ရာ ညနေ ၅ နာရီ မိနစ် ၂ဝ တွင် ရောက်ရှိကာ မြိုင်မှ ပခုက္ကူ သို့ ညနေ ၅ နာရီခွဲ တွင် ထွက်ခွာရာ ည ၇ နာရီ ခန့် တွင် ရောက်ရှိ ခဲ့သဖြင့် ယခင် အချိန်က တစ်ည အိပ် သွားလာ ရသည့် ခရီးစဉ် ကို ယခုအခါ နေ့ချင်း အသွား / အပြန် လိုရာ ခရီး နှင်နိုင်ပြီ ဖြစ်သည်။ အဆိုပါ ရထားကြီး ပြေးဆွဲခ နှုန်းထား မှာ ပခုက္ကူ မှ မြိုင် သို့ တစ်ဦးလျှင် ငွေကျပ် ၅ဝဝ၊ မြိုင်မှ ကျောသာ သို့ တစ်ဦး လျှင် ငွေကျပ် ၇ဝဝ ဖြင့် ပြေး ဆွဲနေရာ ပခုက္ကူ - မြိုင် - ကျောသာ ခရီးစဉ် အတွက် ငွေကျပ် ၉၅ဝ ဖြင့် ကျေးလက် နေပြည်သူ များ နှင့် မြို့နေ ပြည်သူ များ ပါ ဈေးနှုန်း ချိုသာစွာ ဖြင့် လိုရာ ခရီး သက်သောင့် သက်သာဖြင့် ခရီးသွား လာနိုင်ပြီး ယောနယ် ဒေသ ထွက် ကုန်ပစ္စည်း များ ဖြစ်သည့် ယော ဖျာ၊ နှီး၊ ရိုင်လိပ်၊ မျှစ်၊ ကြက်သွန် နီ၊ ကြက်သွန် ဖြူ၊ အာလူး၊ ယော ပြောင်းဖူး၊ ဖရုံ၊ သခွား၊ ဘူးစသည့် ယောနယ် ထွက်ကုန် များ ကို ပခုက္ကူ၊ မြိုင်မြို့များ သို့ သယ်ယူ ရောင်းချ သကဲ့သို့ ယော နယ် ဒေသမှ လည်း ဆန်၊ ဆီ၊ ဆား၊ လူ သုံးကုန် ပစ္စည်းများ ကို ပြန်လည် တင်ပို့ ရောင်းချ လျက် ရှိနေသည်။ ယောနယ် ဒေသနှင့် မြေပြန့် ဒေသ မြိုင်၊ ပခုက္ကူ မြို့သို့ ဒေသ စီးပွားချင်း အပြန် အလှန် ဆက်သွယ်ရာ တွင်လည်းကောင်း၊ လူမှုရေး၊ ကျန်းမာရေး တို့ပါ ယခင်နှင့် မတူ လွယ်လင့် တကူ သွားလာ နိုင်မည် ဖြစ် သဖြင့် မြို့ပြ နှင့် ကျေးလက် ပါ မကျန် ဖွံ့ဖြိုး စည်ပင် လာပြီဟု တာဝန် ရှိသူ တစ်ဦး၏ ပြောကြား ချက် အရ သိရ သည်။ 

အောင် (မန်း တက္ကသိုလ်)

သုံးကြိမ် သုံးခါ ပြော လိုက်မယ် ကျွန်တော်နိုင်ငံရေး မလုပ်ပါဘူးဟု ဦးခင်ညွန့်ကပြော


ဦးခင်ညွန့်အနေဖြင့်နိုင်ငံရေးလောက ထဲပြန်လည်ဝင်ရောက်လာဖွယ် ရှိကြောင်း သတင်းဂျာနယ်များ တွင် ရေး သားဖော်ပြချက်များ နင့်ပတ်သက်၍ ၄င်းအနေဖြင့်နိုင်ငံရေး လုံးဝလုံးဝ လုပ်မည်မဟုတ်ကြောင်း ၂၈ ရက်နေ့၌ ရန်ကုန်မြို့ ကရဝိတ်နန်းတော်တွင် ကျင်းပသည့် ဦးခင်ညွန့်နှင့် အင်တာဗျူး စာအုပ်မိတ် ဆက်ပွဲ တွင် ၄င်းက ယတိပျက် ပြောကြားလိုက်သည်။

“သတင်းဂျာနယ် အချို့ မှာ ရေးသားနေတဲ့ ကျွန်တော်နိုင်ငံရေး လုပ်နိုင်တယ်ဆိုတဲ့ ရေးသားမှုတွေ တွေ့ ရတယ်၊ ကျွန်တော့်မိတ်ဆွေတွေရဲ့ မေးမြန်းမှုတွေလဲ ရှိတယ် ၊ ကျွန်တော်ဒီနေရာမှာ သုံးကြိမ် သုံးခါ ပြော လိုက်မယ် ကျွန်တော်နိုင်ငံရေး မလုပ်ပါဘူး ”ဟု ဦးခင်ညွန့်ကပြောသည်။ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ဆက်လက်ပြောကြားရာတွင် အသက်အရွယ်အရ နိုင်ငံရေးလုပ်ရန် မသင့်တော်ကြောင်း၊ နိုင်ငံ ဦးဆောင်နိုင်မည့် ခေတ်ပညာတတ် လူငယ် အများအပြားရှိလာပြီ ဖြစ်သောကြောင့် ၄င်းအနေဖြင့် နိုင်ငံရေး လုပ်ရန် မလိုအပ်တော့ကြောင်း ပြောကြားသည်။

“နိုင်ငံရေးမှာလဲ ကျွန်တော်အကြံပေးစရာမလိုတော့ဘူး ကျွန်တော့်ထက် တော်တဲ့ တက်တဲ့ နိုင်ငံခြားမှာ ပညာသွားသင်လာတဲ့ ခေတ်ပညာတက် လူငယ်တွေ အများအပြားရှိလာပြီ ဒါ့ကြောင့် ကျွန်တော်မလို အပ်တော့ပါဘူး” ဟုဦးခင်ညွန်ကပြောသည်။

၁၉၈၈ အရေးအခင်းနောက် ၁၈-၁ဝ-၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န-ဝ- တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည် ၊၁၉၉၁တွင် ဗိုလ်ချုပ် ၁၉၉၃တွင် ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာပြီး ၄င်း၏ ထောက် လှမ်းရေးအင်အား စုကြီးကိုတိုးချဲ့လာခဲ့သည် ၊ ၁၉၉၇တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် အတွင်းရေးမှူး (၁) ဖြစ်လာပြီး တပ် မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေးမှူးချုပ် အဖြစ် တိုးမြှင့်ထမ်းဆောင်ခဲ့သည်။

၂ဝဝ၂ တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂ဝဝ၃ ခုနှစ်၊ သြဂုတ်လတွင် နိုင်ငံ တော်ဝန်ကြီးချုပ် ဖြစ်လာ ခဲ့သည်။ ၂ဝဝ၄ခုအောက်တိုဘာ၁၈ရက်တွင်အဂတိလိုက်စားမှုအကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ် ပယ်ခံခဲ့ရပြီး ရုံးတင်တရားစွဲဆိုခံရကာ ဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် (၄၄) နှစ် ပြစ်ဒဏ်ချ မှတ်ခဲ့ပြီး တပ် မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံးကိုဖျက်သိမ်းခဲ့သည်၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် သည် နေအိမ်အကျယ်ချုပ်ကျခံနေရင်း (၂ဝ၁၂) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့ နံနက် (၁ဝ)နာရီ တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ စတုတ္တအကြိမ်မြောက် အကျဉ်းသား ၆၅၁ ဦး လွတ်ရာ ၌ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်း၊ မိုး/ဇလဌာနရုံး အနောက်ဘက်၊ အမှတ် (၂၇) နေအိမ်၌ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

Venus News Weekly

စစ်ဘေးသင့်ကလေးများအား အထောက်အထားပြနိုင်ပါက အနှိုင်းမဲ့ မေတ္တာလူယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ လက်ခံမည်

ပြည်တွင်းစစ်ဖြစ်ပွားနေသော ကချင်ဒေသအတွင်းရှိ မိဘမဲ့ကလေးများအား စစ်ဘေးသင့်ဒေသမှ ကလေး ငယ်ဖြစ်ကြောင်း အထောက်အထား များ ပြသနိုင်ပါက လက်ခံကျွေးမွေး ပြုစုပေးမည်ဖြစ်ကြောင်း လှိုင်သာယာရှိ အနှိုင်းမဲ့မေတ္တာ လူယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ဂေဟာကော်မတီ ဥက္ကဋ္ဌ ဒေါ်ချယ်ရီ လွင် က ပြောကြားသည်။

လတ်တလောတွင် ကချင်ပြည်နယ် စစ်ဘေးသင့်ဒေသမှ ကလေး၁၈ဦးကို ဂေဟာတွင် လက်ခံပြုစုထားပြီး ၁၈ဦးအနက် လေးဦးမှာ လုပ်ငန်း ခွင် အသီးသီးသို့ ဝင်ရောက် နေကြပြီဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကချင်က ကလေးတွေမှ မဟုတ်ပါဘူး။ တကယ်ကို ခိုကိုးရာ မရှိဖြစ်နေတဲ့ကလေးတွေကိုလည်း သူဟာ တကယ်ကို မိဘမဲ့ ခိုကိုးရာမဲ့ ဖြစ်နေတယ်ဆိုတဲ့ အထောက်အထားတွေရှိရင်လည်း ကူညီမှာပါ” ဟု ဂေဟာ မှူး ဦးကြိုက်မောင်က ပြောကြားသည်။ 

ဂေဟာတွင်နေထိုင်သော ကလေးငယ်များအတွက် စားဝတ်နေရေးအခက်အခဲထက် ပညာသင်စရိတ် အခက်အခဲများရှိပြီးဂေဟာတွင် ကချင်စစ်ဘေးသင့်ဒေသမှ မိဘမဲ့ကလေးငယ်များ အပါအဝင် စုစုပေါင်း၃၃ ယောက်ကို ပြုစုပေးထားကြောင်း ၎င်းကပြောကြားသည်။

ကချင်ပြည်နယ်ရှိ အစိုးရထိန်းချုပ်နယ်မြေအတွင်းတွင် လူဦးရေ ၅၀၀၀၀ဝန်းကျင်နှင့် ကချင်လွတ် မြောက်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်နယ်မြေတွင် လူဦးရေ ၄၀၀၀၀ ဝန်းကျင် ရှိကြောင်း နိုဝင်ဘာလ ၂၈ရက်နေ့ ထုတ် Eleven Daily သတင်းစာတွင် ဖော်ပြထားသည်။

People power 

စက်မပြောနှင့် လက်မှုလယ်ယာပင် အဆင်မပြေ


အစိုးသည် စက်မှုလယ်ယာသို့ တက်လှမ်းလုပ်ကိုင်စေမည်ဆိုသော်လည်း လိုအပ်သည့် ပံ့ပိုးမှုများမရှိအပြင် လယ်ယာလုပ်သားများ ရှားပါး နေသောကြာင့် လက်မှုလက်ယာ လုပ် ကိုင်ရန်ပင် တောင်သူများ အဆင် မပြေ အခက်အခဲများ ကြုံတွေ့နေရကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌဦးကျော် စွာ စိုးကအစိုးရအကြံပြုပြော ပြောကြားသည်။

လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းလာသော်လည်း အချို့လယ်သမားများမှာမှု လိုအပ်သည့်စက်များ မ၀ယ်နိုင်ခြင်းေ ကြာင့် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကွမ်းခြံကုန်း၊ တွံတေး၊ ခရမ်းသုံးခွမြို့များအား ဂျပန်မှ စက်များဝယ်၍ နှစ်ရစ်ဆိုင်းကာ အရစ်ကျစနစ် ဖြင့်ရောင်းချခဲ့ခြင်း များလည်းရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းစက်များအား လယ်သမားအချို့မှာ အရစ်ကျအနေနှင့်မ၀ယ်နိုင်သဖြင့် အစိုးရသည့် နိင်ငံတကာကု မ္ပဏီများနှင့် ပူးပေါင်းကာ တောင်သူ များ၏ အခက်အခဲအား ကူညီဖြေရှင်းပေးစေလိုကြောင်း တောင်သူ လယ်သမားရေး ဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။ 

လယ်ယာလုပ်သားများသည် ၀င်ငွေမကောင်း အလုပ်အကိုင် မကောင်းသဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သူများ ရှိသကဲ့သို့ လယ် လုပ်ငန်းမဟုတ်သည့် အခြားအလုပ်များ လည်းပြောင်းလုပ် ကြသူများရှိကြောင်း အကျိုးဆက် အနေဖြင့် လုပ်သားရှားပါး၍ စက်များ သုံးစွဲလုပ် ကိုင်မည်ဆိုသော်လည်း လက်ရှိငွေကြေးအင်အားနှင့် အဆင်မပြေနိင်ကြောင်း တောင်ငူမြို့နယ် အုတ်တွင်းမှ လယ်သမားကြီး ဦးဖိုး ကျားက ပြောကြားသည်။

လယ်ယာလုပ်ငန်းစတင်သည့် မိုးရာတွင် စာရင်းငှားတစ်ဦးကို တစ်ရာသီအတွက် စပါးတင်း ၄၀ခန့်ပေး ရကြောင်း လယ်တစ်ဧက ထွန်ရန် အတွက်ဆို နွားနှင့်ဆိုလျှင် လေးနာရီခန့်ကြာမြင့်ပြီး စက်ဖြင့်ထွန်လျှင် တစ်နာရီခန့်သာ ကြာသော်လည်း စက်မ၀ယ်နိင်ကြောင်း တွံ့တေး မြို့နယ် တက်သစ်ကျေးရွာမှ ဦးအေးကို ကပြောကြားသည်။

“စက်ကမြန်တယ်ဆိုပေမယ့် စက်မ၀ယ်နိုင်တဲ့သူတွေအတွက်ကတော့ အခက်အခဲတစ်ခုပေါ့” ဟု လယ် ၁၅ဧက လုပ်ကိုင်သူ ဦးအေးကို ဆိုသည်။

ထိုင်းနိုင်ငံနှင့်နီးစပ်သည့် မွန်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများ၌ လယ်လုပ်သား ရှားပါးမှုမှာ အဓိကပြဿနာ တစ်ရပ် ဖြစ်နေပြီး ယခုကဲ့သို့ စပါးများရင့်မှည့်၍ ရိတ်သိမ်းချိန်တွင် ကောက် ရိတ်အလုပ်သမားများလုံလောက်မှု မရှိခြင်းကြောင့် တစ်ဧကကို လယ်ရိတ် သိမ်းခ ကျပ်လေးသောင်းခန့် ပေးသော်လည်း ရိတ်သိမ်းမည်သူ မရှိဖြစ်နေကြောင်း ဒေသခံလယ်သမား တစ်ဦးက ပြောကြားသည်။

ယခင်နှစ်က စပါးရိတ်သိမ်းသူများကို တစ်ဧကလျှင် ရိတ်သိမ်းခကျပ် ၁၆၀၀၀ကျပ်ခန့်သာရှိပြီး ယခုတွင် ၁၉၀၀၀ကျပ်ထိမြင့်တက်နေကြောင်း မြစ်ဝကျွန်းပေါ်မှ လယ်သမားများကဆိုသည်။

People power

အစိုးရ၏ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် မူကြမ်း လက်ခံရန် အခက်အခဲဖြစ်


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ၏ (၃) ရက်တာ ဆွေးနွေးပွဲသည် အစိုးရ တင်ပြသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သ ဘောတူ စာချုပ်မူကြမ်းအား လက်ခံနိုင်ရန် အခက်အခဲ ရှိကြောင်း ဆွေးနွေးရင်း ယနေ့ ပြီးဆုံး ခဲ့သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ပြောခွင့်ရသူ အတွင်း ရေးမှူး (၂) ခွန်ဥက္ကာကဆိုပါသည်။

“ ဆွေးနွေးပွဲကိုတော့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့က (Win Place Hotel) မှာ (၃)ရက်တာ ကျင်းပခဲ့ပါတယ်။ ပြီး တော့ လိုင်ဇာ ဆွေးနွေးပွဲရဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးတယ်။ ပြီးတော့ တခြားအဖွဲ့ တွေနဲ့ လည်း ဆက်လက်တင်ပြဖို့ အစီစဉ်ကိစ္စနဲ့ မြစ်ကြီးနား ဆုံးဖြတ်ချက်အရ ကရင်အမျိုးသား အစည်း အရုံး (KNU) နယ်ထဲမှာ ကျင်းပဖို့ရှိတဲ့ ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ ပွဲပါဘဲ။” ဟုဆိုပါသည်။

အဓိကအားဖြင့် အပိုင်း(၃)ပိုင်း ဆွေးနွေး ကြသည်ဟု ဆိုပါသည်။ အစိုးရ၏ သဘောတူညီချက် မူကြမ်းကို ဆွေးနွေးရာတွင် သုံးနှုန်းထားသော ဝေါဟာရများသည် လက်ခံနိုင်စရာ မရှိဟု ဆိုပါသည်။ ထို့အပြင် မပြီးပြတ် သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာ သဘောတူညီချက် (၁၁)ချက် ကိုလည်း ဆက်လက် ဆွေးနွေးပြီး ဖြည့်စွက်ခဲ့ပြီး အစိုးရနှင့်ဆွေးနွေးရမည့် နိုင်ငံရေး မူဘောင်ချမှတ်ရေး ကိစ္စများကို ညှိနှိုင်းခဲ့ကြ သည်ဟုဆိုပါသည်။

(NCCT) သည် (KNU) နယ်မြေထဲတွင် ကျင်းပရန် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံသို့ တင်ပြနိုင်ရန် ကျန်ရှိနေသေးသော တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့်လည်း တွေ့ဆုံရန် ရှိပါသည်။ အထူးသဖြင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ၀ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ထပ်မံ တွေ့ဆုံ ဆွေးနွေးကြရန် ရှိပါသည်။

(NCCT) ၏ ယနေ့ ပြီးဆုံး သွားသော ဆွေးနွေးပွဲသည် (UNFC) အဖွဲ့ဝင်များနှင့် အဖွဲ့ဝင် မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား တင်ပြ ညှိနှိုင်းခဲ့ပြီး ဆွေးနွေးပွဲသို့ ကိုယ်းစားလှယ် (၂၀)ကျော် တက်ရောက် ခဲ့ပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) သည် ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)မှ နိုဝင်ဘာလ (၂)ရက် အထိ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့တွင် ပထမဆုံး အကြိမ် ကျင်းပသော လက်နက်ကိုင် တိုင်းရင်းသားများ ညီလာ ခံမှ ဖွဲ့စည်းပေးခဲ့သော အဖွဲ့ဖြစ်ပါသည်။

ဤအဖွဲ့သည် နိုဝင်ဘာ (၄)ရက်နေ့တွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့လုပ်ငန်း ကော်မီတီနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အပါဝင် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

အစိုးရ တင်ပြသော အချက် အပေါ် ဆက်လက် ညှိနှိုင်းရန် ရှိနေသေးသည့် အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံကို (KNU) နယ်မြေထဲတွင် ကျင်းပရန် ဆုံးဖြတ် ခဲ့ပါသည်။ ယင်းညီလာခံမှ ချမျတ်သော ဆုံးဖြတ်ချက်ဖြင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် ကရင်ပြည်နယ် ဖါးအံမြို့တွင် တွေ့ဆုံရန် သဘောထား ခဲ့ပါသည်။

ဤကဲ့သို့ ဆွေးနွေးနိုင်ရေး အတွက် (NCCT) သည် (UNFC) အပါဝင် အဖွဲ့ဝင် မဟုတ်သော တိုင်းရင်း လက်နက်ကိုင် များနှင့် လိုက်လံ တင်ပြ ဆွေးနွေးနေခြင်း ဖြစ်ပါသည်။ ဤကြားထဲတွင် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့မှ ၀န်ကြီး ဦးအောင်မင်း၏ ဖိတ်ကြားချက် အရ (NCCT) ခေါင်းဆောင်တချို့ သည် ရန်ကုန်မြို့သို့ အလွတ်သဘော သွားရောက် လည်ပတ်ခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါသည်။

ရွှေဟင်္သာ

Wednesday, November 27, 2013

သြော်.... လူမျိုးစွဲဝါဒီ မပျောက်သေးတဲ့ မျိုးရိုးက အထက်တန်းစားတွေ တဲ့လား...


မျိုးရိုးက အထက်တန်းစားတွေ ဆိုကတည်းက ကျနော်ဘာကို ဆိုလိုတယ်၊ ဘာကိုပြောချင်တယ် ဆိုတာ အထူးပြောစရာမလိုဘူးထင်ပါတယ်။ ဟုတ်ကဲ့  အဲဒီ..ကျောင်းတွေကမှာ ဆိုရတဲ့  ပဒေသရာဇ် အနံ့မပျောက်တဲ့၊ တဖက်စွန်း အမျိုးသားရေးဝါဒီ သီချင်းကို ပဲပြောတာပါ။

အဲဒီ ဘယ်သူမဆိုချင်တဲ့၊ အော်ဂလီဆန်စရာ သီချင်းကို ကလေးတွေက သီချင်းစာသားတွေ အမျိုးမျိုးပြောင်းပြီး ( “အောက်က မခံဘူးဟေ့…. အမျိုးသားတို့ရေ”….. “မျိုးရိုးက အောက်တန်းစားတွေ” )စသည်ဖြင့် နောက်ပြောင်ဆိုနေတဲ့ ကြားထဲမှာ (ဗမာကျောင်းသား ကလေးတွေ အပါ) မြစ်ကြီးနား၊ အ.ထ.က(၃) က ကိုးတန်းကျောင်းသူ မမယ်ဆာဝေ နဲ့ သူငယ်ချင်းတယောက် ကျောင်းဆယ်ရက် နားခံ ခဲ့ရတယ်။

မနေ့ နဲ့ ဒီနေ့ ဖြစ်ခဲ့တဲ့ အဖြစ်လေးပါ။ ဖြစ်ပုံက အဲဒီ အ.ထ.က (၃)၊ ကိုးတန်း၊ Eco တွဲ၊ တန်းခွဲ (D)၊ ကျောင်းသူ မမယ်ဆာဝေက သူတို့ဆိုရတဲ့ အဲဒီ တဖက်စွန်းအမျိုးသားရေးဝါဒီသီချင်းရဲ့ အဓိကစာသား တခုဖြစ်တဲ့ “မျိုးရိုးက အထက်တန်းစားတွေ” ဆိုတဲ့ စာသားကို “မျိုးရိုးက အောက်တန်းစားတွေ” ဆိုပြီး မနေ့က နောက်ပြောင် ဆိုခဲ့တာကို သူ့ရဲ့ အတန်းပိုင် ဆရာမ ဒေါ်ဂျွန်မာဘီ က အတန်းထဲမှာ ခေါ်ရိုက်ခဲ့တယ်။ အတန်းထဲမှာ အပြစ်ပေးအရိုက်ခံရ ရုံနဲ့ ပြီးမသွားပဲ အဲဒီကလေးမ နှစ်ယောက်ကို ဒီကနေ့ ကျောင်းအုပ်ရုံးခန်းကို ပို့ပစ်ပြီး ကျောင်း (၁၀) ထုတ်ခဲ့ပါတယ်။ ကျောင်းအုပ်ကတော့ ဒေါ်မြတ်ကေသွယ်ပါ။ ကျောင်းရုံးခန်းရောက်ချိန်မှာလည်း တခြားဘေးက ဆရာမတွေက ကလေးတွေကို ခွင့်မလွတ်နိုင်တဲ့ အမှား ကျူးလွန်သလို၊ နိုင်ငံတော် (အစိုးရနေမှာပေါ့) ကိုပဲ ပုန်ကန်သလို မျိုးပြောဆိုခဲ့ပါတယ်။ ကလေးတွေရဲ့ အုပ်ထိန်းသူတွေက ဆရာမတွေကို တောင်းပန်ပြောဆိုပေမယ့် မခွင့်လွတ်ပေးပဲ ကျောင်းသူလေးတွေကို ကျောင်း (၁၀) ရက် ထုတ်ခဲ့တာ လို့ မြစ်ကြီးနား ဒေသခံ တဦးက အင်ဂွန်ဂျဝါ ကို သတင်းပို့လာပါတယ်။
ဒီအဖြစ်လေးကို ပြန်ကြည့်ရင် ကလေးကို အရှက်ရအောင်၊ နောင်မှာ မတရားမှုတွေ၊ လူမျိုးကြီးဝါဒကို မကြိုက်ပေမယ့် ငြိမ်ခံနေအောင် သင်ပေးတာ၊ ရိုက်သွင်းတာ၊ ကိုယ်တိုင်လည်း တဖက်စွန်းအမျိုးသားရေးဝါဒီကို အားပေးတာလို့ ပဲမြင်မိတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ဘယ်သူမှ မဆိုချင် (မြစ်ကြီးနား ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်းက ဆရာမ တယောက် ကိုယ်တိုင်ပြောပြတာ)၊ ကျောင်းသား/သူ တိုင်းနောက်ပြောင်တဲ့ အဲ့သီချင်းကို ဘာလို့ အခု မမယ်ဆာဝေနဲ့ သူငယ်ချင်း (ကချင် မျိုးနွယ်စု၊ လီဆူတိုင်းရင်းသူ) ကိုပဲ ဖမ်းမိရသလဲ။ အတန်းပိုင်က အပြစ်ရှိတယ်လို့ယူဆရင် (တကယ်တော့ လုံးဝ အပြစ်မဟုတ်.. တဖက်စွန်းရောက်အမျိုးသားရေး သီချင်းသာ ပြဿနာ) အတန်းထဲမှာ ရိုက်ရုံနဲ့ မပြီးလိုက်ပဲ ကျောင်းရုံးခန်းပို့ပစ်ပြီး ကလေးကို အရှက်ရအောင်၊ အငုံ့စိတ်တွေ ဝင်လာအောင် ကျောင်း (၁၀) ရက်ထုတ်ပြီးအပြစ်ပေးတာကို လုံးဝ ရှုံ့ချပါတယ်။

နောက်ထပ်ပိုဆိုးတာက အဖိနှိပ်ခံရတဲ့ သူအချင်း မရပ်တည်ပဲ၊ ပိုဒုက္ခရောက်အောင်တွန်းပို့တဲ့ အတန်းပိုင် ဆရာမ ဂျွန်မာဘီပဲ။ သူက ကုလား။ ကိုယ့်ကိုကိုယ် သားကောင်ဖြစ်မှုကနေ သက်သာရာကအောင် အနိုင်ကျင့်သူတွေ အားရှိအောင်၊ ပြုကျင့်နိုင်အောင် လုပ်ခြင်းဟာ ကျင့်ဝတ်ပိုင်းအရ လုံးဝ လက်ခံနိုင်စရာမရှိပါ။ ကလေးကို သောက်မြင်ကပ်လို့ပဲဖြစ်ဖြစ်၊ သူ့ဆီ ကျူရှင်မယူလို့ ဒုက္ခပေးတာဖြစ်ဖြစ် အဲ့လောက်အထိ လုပ်စရာမလိုပါ။ ထားပါ… ဒါက ကောက်ချက် သတ်သတ်။


အဓိက ပြောချင်တာက ကလေးကို ကျောင်း (၁၀) ရက်ထုတ်ပစ်တဲ့၊ ကျောင်းအုပ်ဆရာမအပါအဝင်၊ အတန်းပိုင်အစ၊ ပါဝင်အားလုံးက ကလေးတွေရဲ့ မတရားတာကို တော်လှန်တဲ့စိတ်ဓာတ်၊ ရဲရင့်တဲစိတ်ဓာတ်၊ ပျော်ရွင်တတ်တဲ့ ဟာသဥာဏ်စိတ်ဓာတ် (ဟာသ ဥာဏ်ရှိခြင်းဟာလည်း အကြမ်းမဖက် လူထုလှုပ်ရှားမှုမှာ အားကောင်းတဲ့ ကိရိယာ တခုဖြစ်ကြောင်းနောက်များ အချိန်ရ ရင်ရေးပါမယ်) ကို ရိုက်ချိုးပစ်တာ။ ကလေးတွေကို အငုံစိတ်ဝင်အောင် လုပ်ပေးတာ။ တကယ်တော့ ပညာရေး၊ ပညာ သင်ကြားရခြင်းဟာ လွတ်မြောက်မှု ရရှိဖို့ ဖြစ်တယ်။ ဘာအရောင်မှ မရှိသေးတဲ့ ကလေးတွေကို အဲ့လို လုပ်ခြင်းဟာ ကလေးကို အရောင်ဆိုးပစ်လိုက်တာ။ လူမျိုးရေး ပုံစံခွက်ထဲ ကန်ချပစ်တာ။ အဲ့လို အပြစ် ပေးလိုက်ခြင်းကြောင့် ကလေးမှာ ရှက်စိတ်အတူ လူမျိုးရေးမုန်းတီးမှုပါ ကပ်ပါလာနိုင်တယ်။ ဘာလို သူ့ကိုမှ ရွှေးလုပ်ရတာလဲ ဆိုပြီး စသည်ဖြင့်ပေါ့ဗျာ….။ 

ပိုပြီးဆိုးတာကတော့ ကလေးရဲ့ အုပ်ထိန်းသူတွေက တောင်းပန်ပြောဆိုတာကို လက်မခံခြင်းပဲ။ သီချင်းထဲအတိုင်းပဲ အထက်တန်းမျိုးရိုးမှန်ရင်… လာတောင်းပန်တာကို ဘာလို့ မကြေအေးတာလဲ။ ဘာလဲ ထိုင်မ ရှိခိုးလို့လား….။ ခများတို့က ကလေးမလေးဆိုသလို “မျိုးရိုးက အောက်တန်းစားတွေ” လို့ပဲ ဆဲချင်တယ်။

နောက်ဆုံးပြောချင်တာကတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေတဲ့ ကျနော်တို့ နိုင်ငံမှာ အဲဒီ လူမျိုး၊ ဘာသာ  တခုတည်းကိုပဲ ရွေးပြီးချီးမြှေက်တဲ့သီချင်းဟာ… စိတ်အနှောင့်အယှက်ဖြစ်စေတယ်၊ စိတ်မလုံခြုံမှု၊ နဲ့ တဖက်က လူမျိုးဝါဒကို ရိုက်သွင်းပေးနေတာကြောင့် (အထူးသဖြင့် အာဇာနည် ဗုဒ္ဓဘာသာ အမျိုး သားတိုင်းပြည်အပိုင်း) မဆိုသင့်တော့ပါဘူး။ ရပ်သင့်ပါပြီ။ လူမျိုးဝါဒ မရှိပါဘူး။ မကျင့်သုံးပါဘူးလို့ ပြော နေတဲ့ ဗမာမိတ်ဆွေများလည်း ဒီကိစ္စကို အလေးအနက်ထားသင့်ပါပြီလို့ ပြောချင်ပါတယ်။


နိုဝင်ဘာလ ၂၆၊ ၂၀၁၃

ည ၁၀နာရီ ၉ မိနစ်


အင်ဂွန်ဂျဝါ


တပ်မြေအဖြစ် သိမ်းထားသော မိကျောင်းကန်မြေကိစ္စ သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးခြင်း မရှိ၍ မြေသိမ်းခံရသူများက ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြ


ဒုတိယအကြိမ် သပိတ်စခန်းဖွင့် တောင်းဆိုမှုကို နိုဝင်ဘာ ၂၆ ရက်ညက ဝေဇယန္တာလမ်းရှိ မိကျောင်းကန် အပိုင်း (၁) ရှေ့မြစရံအေး စေတီအနီးတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

တပ်မြေအဖြစ် သိမ်းထားသော မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေကိစ္စကို သက်ဆိုင်ရာ အစိုးရအဖွဲ့က ညှိ နှိုင်းဆောင်ရွက်ပေးမှု မရှိသေးသည့်အတွက် မြေသိမ်းခံရသူများ၏ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် တောင်း ဆိုမှုကို နိုဝင်ဘာ ၂၆ ရက်တွင် ဝေဇယန္တာလမ်းရှိ မိကျောင်းကန် အပိုင်း (၁) ရှေ့မြစာရံအေး စေတီအနီး၌ ပြုလုပ်နေကြောင်း သိရသည်။

မိကျောင်းကန် ဆန္ဒပြမှုကို သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ နံနက် ၈ နာရီမှ ၁၀ နာရီအထိသာ ခွင့်ပြုထားပြီး သတ်မှတ်ချိန် ကျော်လွန်ပါက ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်္ယန်းကျွန်း မြို့မရဲစခန်းမှ မြို့နယ်မှူး ရဲမှူးသက်ထွန်းက နိုဝင်ဘာ ၂၆ ရက်က ပြောကြားသည်။

မိကျောင်းကန် အပိုင်း (၁) တွင် နေထိုင်သော ဆန္ဒပြသူ မနေနွယ်သန်းက "လွှတ်တော်ကိုယ်စား လှယ်တွေက ကြားဝင်ညှိနှိုင်း ပေးတာပဲ လုပ်နိုင်ပါတယ်။ အစိုးရ အဖွဲ့ကသာ ဖြေရှင်းတာ လုပ်ပေးနိုင်တာ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်မတို့ မိကျောင်းကန် ပြည်သူတွေရဲ့ ကိစ္စကို တိုင်းဒေသကြီး အစိုးရက တာဝန် ယူ ဖြေရှင်းပေးစေ ချင်ပါတယ်။ သက်ဆိုင်ရာ လူကြီးတွေက ညှိနှိုင်းပေးစေ ချင်ပါတယ်။ ကျွန်မတို့ရဲ့ ဘိုး ဘွားပိုင် မြေပေါ်မှာ ခရိုနီတွေက ပထမ ခြံစည်းရိုးခတ်တယ်။ အခု အုတ်တံတိုင်းတွေပါ ခတ်လာပြီ။ ဘုရား မြေလည်း မချန်ဘူး။ ဆန္ဒပြတာ ဒါနဲ့ဆို ကိုးကြိမ်ရှိပါပြီ" ဟု ပြောကြားသည်။

အဆိုပါ ဆန္ဒပြ တောင်းဆိုနေသူများသည် အောက်တိုဘာ ၂ ရက်မှ စတင်ပြီး ရန်ကုန်မြို့တော် ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံ လမ်းနံဘေးတွင် ယင်းမြေသိမ်းခံရမှုနှင့် ပတ်သက်ပြီး သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ပြီး အောက်တိုဘာ ၅ ရက်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော် မရှင်မှ အထက်ပါ မြေသိမ်းခံရမှုနှင့် ပတ်သက်ပြီး တာဝန်ယူ တင်ပြပေးမည်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားပြီးနောက် ထိုစဉ်က သပိတ်စခန်းဖွင့် တောင်းဆိုမှုကို ရုပ်သိမ်းခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က "ကျွန်တော်တို့ ကော်မတီကို အရင်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ပုဒ်မ ၁၈ နဲ့ အရေးယူတာကို ဆန္ဒပြမယ်လို့တော့ အကြောင်းကြားတယ်။ မိကျောင်းကန် ကိစ္စက တပ်ပိုင်းဆိုင်ရာတွေ ပါတယ်။ တပ်ပိုင်းဆိုင်ရာကို စာပို့ထားပြီးပြီ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကော်မတီက ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ်။ ပြည်ထောင်စု လွှတ်တော်မှာလည်း အဆိုတင်သွင်း ပြီးပြီ" ဟု နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက "မိကျောင်းကန်က လူတွေက တိုင်းဒေသကြီး အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက် ချင်တယ် ဆိုတာ ကောင်းပါတယ်။ ဘယ်အဖွဲ့အစည်းမဆို ပြည်သူတွေရဲ့ အခက်အခဲကို ညှိနှိုင်းဆောင်ရွက် ပေးမယ် ဆိုရင် ကောင်းပါတယ်" ဟု ပြောကြားသည်။

မိကျောင်းကန် ဆန္ဒပြမှုကို ဦးဆောင်သူ ဦးစိန်သန်းက "ဘုရားမြေတွေကို ခိုးကြောင်ခိုးဝှက်လုပ် အုတ်တံတိုင်း ခတ်နေတာတွေကို ကျွန်တော်တို့ ပြည်သူတွေ လုံးဝမကျေနပ်တဲ့အတွက် ထပ်ပြီး သပိတ်စခန်းဖွင့် ဆန္ဒပြတာပါ။ သက်ဆိုင်ရာ အစိုးအရ အဖွဲ့က ဒါတွေကို မမြင်ကွယ်ရာ ဆောင်နေတယ်" ဟု ယင်းဆန္ဒပြပွဲတွင် ပြောကြားသည်။

ထို့နောက် ဦးစိန်သန်းကို ယခင်မိကျောင်းကန် ဆန္ဒပြမှုများနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် တရား ရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ ကျခံစေရန် နိုဝင်ဘာ ၂၆ ရက်က အမိန့်ချမှတ်ခဲ့ပြီး အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း မိကျောင်းကန် သပိတ်စခန်းမှ မနေနွယ်သန်းက ပြောကြားသည်။

ဆန္ဒပြ တောင်းဆိုသူများသည် မိကျောင်းကန်မြေ ပြန်လည်ရရှိရေး ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင် ကာ သင်္ဃန်းကျွန်းမြို့နယ် အ.ထ.က (၁) ကျောင်းရှေ့မှ ဝေဇယန္တာလမ်း၊ မြစာရံအေး စေတီရှေ့အထိ လမ်းလျှောက်ဆန္ဒပြမှုကို လူအင်အား ၃၀၀ ခန့်ဖြင့် နံနက် ၈ နာရီမှ နံနက် ၁၀ နာရီအထိ ပြုလုပ်ခဲ့ကြောင်း၊ သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုမှုကို ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။


ငြိမ်းချမ်းရေးအတွက် ငွေဒဏ်၊ လက်ပံတောင်း အရေးအတွက် ထောင်ဒဏ်၊ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရသော ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဝင် နှစ်ဦးကို ငွေဒဏ်ကျပ် ၁၀၀၀၀ ချမှတ်


ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမှုကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထား ရသော ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ကိုမရန်ဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့အား စမ်းချောင်းမြို့နယ် တရာ ရုံးနှင့် ဒဂုံမြို့နယ် တရားရုံးတို့က နိုဝင်ဘာ ၂၆ ရက် နံနက်က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ပုဒ်မ-၁၈ ဖြင့် တရားစွဲဆို ခံထားရသော ကိုမရန်ဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့ကို မြို့နယ်တရားရုံး နှစ်ရုံးက နိုဝင်ဘာ ၂၆ ရက်တွင် ငွေဒဏ်တစ်သောင်း (သို့မဟုတ်) ထောင်ဒဏ်တစ်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ၎င်းတို့က မြို့နယ်တရားရုံး နှစ်ရုံးတွင် ငွေဒဏ်တစ်သောင်းစီ ပေးဆောင်ခဲ့ကြောင်း သိရသည်။

"အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ငြိမ်းချမ်းဖို့အတွက် ဆန္ဒဖော်ထုတ်တာကို ခွင့်ပြုချက် မရှိလို့ဆိုပြီး စမ်းချောင်းမြို့နယ် တရားရုံးနဲ့ ဒဂုံမြို့နယ် တရားရုံးတို့က ပုဒ်မ ၁၈ နဲ့ ငွေဒဏ်ချမှတ်ခဲ့တယ်။ ငွေဒဏ်ချမှတ်တာပဲ ဖြစ်စေ၊ ထောင်ဒဏ်ချမှတ်တာပဲ ဖြစ်စေ ငြိမ်းချမ်း ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတဲ့ ပြည်သူတွေကို အမိန့်ချမှတ်တယ် ဆိုကတည်းက ပြည်သူ တွေရဲ့ ဆန္ဒကို အစိုးရ အနေနဲ့ လျစ်လျူရှုထားတာပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် ဒုက္ခသည် စခန်းမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုယ်စား၊ ကျွန်တော်တို့ အနေနဲ့ ဆန္ဒပြ တောင်းဆိုတယ်။ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ဟာ ဒုက္ခသည် ပြည်သူတွေရဲ့ တောင်းဆိုချက်ပါပဲ။ ခွင့်ပြုချက်တွေကိုလည်း သက်ဆိုင် ရာကို တောင်းခံခဲ့တယ်။ သက်ဆိုင်ရာက ခွင့်ပြုပေးခြင်း မရှိတဲ့အတွက် နိုင်ငံသား တစ်ယောက်ရဲ့ ရပိုင် ခွင့်အရ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်တဲ့အခါ အခုလို ပုဒ်မ ၁၈ နဲ့ တရားစွဲဆို အမိန့်ချမှတ်ခြင်း ခံရတယ်။ ဒဏ်ငွေကတော့ နှစ်ယောက်ပေါင်း လေးသောင်းဆောင်ရပါတယ်" ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ကိုမရန်ဂျော်ထွန်းက နိုဝင်ဘာ ၂၆ ရက် နံနက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

နိုဝင်ဘာ ၂၁ ရက်က လက်ပံတောင်းတောင်ကိစ္စ မီးလောင်ဗုံး သုံးစွဲသူများအား ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုဆန္ဒပြခဲ့သည့် ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်း အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ခြောက်ဦးအား ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့သည်။ ထို့သို့ ချမှတ်ခဲ့သည့် စီရင်ချက်နှစ်ခုအား နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက နိုင်းယှဉ်ကာ မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြော ကြားခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးမြင့်အောင်က "ဥပဒေအရဆိုရင် စွပ်စွဲတဲ့ အကြောင်းအရာက ခွင့်ပြုချက် မယူဘဲ ဆန္ဒဖော်ထုတ် တာကြောင့်ပါ။ အဲဒီလို ပုဒ်မအတူတူပဲ စွဲဆိုထားတဲ့ ပြစ်ဒဏ်က တရားရုံး တစ်ခုကနေ တစ်မျိုးချတယ်။ နောက်တရားရုံး တစ်ခုကနေ တစ်မျိုးချတယ်ဆိုရင် တရားစီရင်ရေးမှာ ကွဲပြား တဲ့သဘော ရှိနေတယ်။ လူပုဂ္ဂိုလ်ကို လိုက်ပြီး ပြစ်ဒဏ်ချမှတ်တဲ့ပုံ ဖြစ်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို တရားမျှတမှု ရှိ၊ မရှိ သံသယ ဖြစ်လာနိုင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တရား စီရင်ရေးကို ပြည်သူတွေ သံသယ ဖြစ်လာနိုင်တယ်" ဟု ဝေဖန်ပြောကြားလိုက်ပြီး AAPP အဖွဲ့ဝင် ကိုအောင်မျိုးကျော် ကတော့ အစိုးရ အနေနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးပေး လုပ် ဆောင်နေစဉ် ဖြစ်သောကြောင့် ကချင်ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်သူများကို ပေါ့လျော့သော ပြစ် ဒဏ်များ ပေးခဲ့ခြင်းဖြစ်ပြီး ဒီငြိမ်းလင်း အပါအ၀င် ခြောက်ဦးအား ထောင်ဒဏ်ချမှတ် ခဲ့ခြင်းမှာ လက်ပံ တောင်းတောင်နှင့် သက်ဆိုင်သည့် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သောကြောင့် အစိုးရ အနေနှင့် တရုတ်ကုမ္ပဏီ အကျိုးစီးပွားအတွက် ကာကွယ်လိုခြင်းကြောင့်ဟု ယူဆကြောင်း ပြောကြားလိုက်ပြီး မြန်မာ့တရား စီရင် ရေးနှင့် သက်ဆိုင်သည့် မမျှတမှုများ၊ လာဘ်ပေးလာဘ်ယူ မှုများမှာ အမည်ဆိုးဖြင့် ကျော်ကြား လှသော်လည်း အစိုးရ အနေနှင့် ယခုအချိန်အထိ ထိန်းချုပ်နိုင်မှု မရှိသေးကြောင်း ပြောကြားလိုက်သည်။

ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့မှ ကိုမရန်ဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့သည် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ စုဝေးဆန္ဒ ပြခဲ့ခြင်းကြောင့် စမ်းချောင်းမြို့နယ် တရားရုံး၊ တာမွေမြို့နယ် တရားရုံး၊ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၊ ပုဇွန်တောင်မြို့နယ် တရားရုံး၊ ဒဂုံမြို့နယ် တရားရုံးတို့တွင်လည်း ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရကြောင်း သိရသည်။

ယခုလအတွင်း လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုအပေါ် ဆန္ဒပြခဲ့သူ ခြောက်ဦးကို မြို့နယ်တရားရုံး သုံးရုံးမှ ပုဒ်မ ၁၈ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ ချခဲ့ပြီး အဆိုပါ ပုဒ်မ ၁၈ ပြင်ဆင်ရန်အတွက် နိုင်ငံရေး လှုပ်ရှားသူများ၊ ဥပဒေရေးရာ ကျွမ်းကျင်သူများနှင့် အရပ်ဘက် လူ့အဖွဲ့ စည်းများက အစိုးရကို တောင်းဆိုလျက် ရှိသကဲ့သို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင် ကိုကလည်း အခြေခံ ဥပဒေနှင့် ဆန့်ကျင်နေသည့် ပုဒ်မ ၁၈ အား ပြန်လည်သုံးသပ်ရန် တင်ပြခဲ့မှုအပေါ် လွှတ်တော်မှ ပြန်လည်သုံးသပ်မည်ဟု ပြောဆိုနေချိန်တွင် လက်ပံတောင်းအရေး ဆန္ဒပြသူများအား ယခုလို ထောင်ဒဏ်သတ်မှတ် ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဧရာဝတီ 

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက မြေမြုပ်မိုင်းအသုံးပြုမှု ကျဆင်းလျက်ရှိ သော်လည်း မြန်မာအစိုးရတပ်မတော်၏ မြေမြှုပ်မိုင်း အသုံးပြုမှုမှာမူ မြင့်တက်


နမ့်ခမ်းဆေးရုံတွင် တက်ရောက် ကုသခံနေသည့် မြေမြှုပ်မိုင်း နင်းမိသူ မောင်ဇမ်မိုင်
(ဓာတ်ပုံ – ကောင်းထက်) 
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက မြေမြုပ်မိုင်း အသုံးပြုမှု ကျဆင်းလျက်ရှိ သော်လည်း မြန်မာအစိုးရတပ်မတော်၏ မြေမြှုပ်မိုင်း အသုံးပြုမှုမှာမူ မြင့်တက်လာကြောင်း နိုင်ငံတကာ မြေမြုပ်မိုင်း အသုံးပြုမှု စောင့်ကြည့် လေ့လာ ရေး အဖွဲ့(ICBL) ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာ သိရသည်။

ICBL က မြန်မာနိုင်ငံ၏ မြေမြုပ်မိုင်း သုံးစွဲမှုအခြေအနေ စောင့်ကြည့် လေ့လာခြင်း ရလာဒ် အစီရင် ခံစာ နှင့် ပတ်သက် သော သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမတွင် ယနေ့ ကျင်းပပြုလုပ် ခဲ့ပြီး အစီရင်ခံစာ ရေးသား သူ သုတေသန ပညာရှင် Mr.Yeshua Moser Paungsuwan  ကိုယ်တိုင် တက် ရောက်ရှင်းလင်းခဲ့သည်။

မြန်မာ့တပ်မတော်က မြေမြှုပ်မိုင်းအသုံးပြုမှု တိုးတက်လာခြင်းကို ၂၀၁၂ ခုနှစ် နှစ်လယ်မှ ၂၀၁၃ ခုနှစ် နှစ် လယ်ပိုင်း အတွင်း   လေ့လာ တွေ့ရှိခဲ့ကြောင်း၊ တပ်မတော်သည် လူသတ်မိုင်းကို ဆက်လက် သုံးစွဲနေပြီး ထပ်ဆင့်ပေါက်ကွဲ စေသော စစ်လက်နက် များကိုလည်း ယခုနှစ်တွင် ပထမဆုံးအကြိမ် အသုံးပြုခဲ့ကြောင်း၊ မြန်မာ့ တပ်မတော်၏ လက် အောက်ခံ တိုင်းရင်းသား နယ်ခြားစောင့်တပ်(BGF) များကလည်း ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်း အထိ မြေမြှုပ်မိုင်း အသုံးပြု နေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ်ပေါင်း ၄၉ ခု တွင် မြေမြှုပ်မိုင်း အန္တရာယ် အများဆုံး ကြုံတွေ့ နေရပြီး ကရင်နီပြည်နယ်(ကယားပြည်နယ်)ရှိ မြို့နယ် ၇ ခုလုံးတွင် လည်းကောင်း၊ ကရင်ပြည် နယ်ရှိ မြို့နယ် ၇ ခုလုံး တွင် လည်းကောင်း၊ ကချင်ပြည်နယ်ရှိ ချီဝီ၊မန်ရှီ၊ မိုးကောင်း၊ မိုးမောက်၊ မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့များ တွင် လည်း ကောင်း၊ မွန်ပြည်နယ် ဘီးလင်း၊ ကျိုက်ထို၊ မော်လမြိုင်၊ သံဖြူဇရပ်၊ သထုံ နှင့် ရေးမြို့များတွင် လည်းကောင်း၊  ပဲခူးတိုင်း ဒေသကြီး ကျောက်ကြီး၊ ရွှေကျင်၊ သနက်ပင်နှင့် တောင်ငူ မြို့များ တွင် လည်းကောင်း၊ ရခိုင်ပြည်နယ် မောင်တော မြို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ် ဟိုပုံး၊ ဆီဆိုင်၊ လန်ခို၊ မောက်ခိုင်၊ မိုင်းပန်၊ မိုင်းတုံ၊ မိုင်းဖြတ်၊ နမ့်ဆန်၊ တာချီလိတ်၊ နမ်ခမ်း၊ ယောက်ဆပ်နှင့် ဝမ်းဂန်မြို့များတွင် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်း၊ ထားဝယ်၊ တနင်္သာရီ ၊ သရက် ချောင်းနှင့် ရေဖြူမြို့များတွင်လည်းကောင်း၊ ချင်းပြည်နယ်ရှိ အိန္ဒိယနယ်စပ်ရှိ မြို့နယ် တချို့တွင် လည်း ကောင်း မြေမြှုပ်မိုင်း အန္တရာယ် ကြုံတွေ့နေရကြောင်း အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနစ်မှ ၂၀၁၂ ခုနှစ်ကုန်အထိ မြေမြုပ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၈၂၉ ဦးနှင့်  သေဆုံးသူ ၃၁၉ ဦး ခဲ့ပြီး အစီရင်ခံစာက ပြောဆိုထားသော်လည်း အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနနှင့် တပ်မတော်က မြေမြှုပ်မိုင်း ကြောင့် ထိခိုက်ဒဏ်ရာရရှိသူစာရင်းကို ထုတ်ပြန်ခြင်းမရှိဟု ဝေဖန်ထားသည်။

“မိုင်း အန္တရာယ် ကြောင့် မသန်စွမ်းမှု ဖြစ်ခဲ့ရသူတွေအတွက် ၂၀၁၂ ခုနှစ်က အထောက်အကူပြု ကိရိယာ(ခြေတု၊ လက်တု စသဖြင့်) ၅၀ ရာခိုင်နှုန်းကျော် တပ်ပေးနိုင်ခဲ့တာကို တွေ့ရတယ်။ ထိခိုက်ခံရသူတွေကို ကုသပေးတဲ့ လုပ်ငန်းတွေမှာ အစိုးရက လိုက်ပါဆောင်ရွက်ဖို့ လိုအပ်နေတာကတော့ မြေကြီးလက်ခတ် မလွဲပါပဲ”ဟု Mr.Yesha Moser Paungsuwan က ပြောသည်။

မြေမြုပ်မိုင်းကြောင့် မသန်စွမ်းမှုဖြစ်ခဲ့သူများကို ကူညီထောက်ပံ့မှုများပေးလျှက်ရှိသည့် Peace Myanmar Aid (PMA) ဥက္ကဋ္ဌ ဦးသန့်ဇင်က မြေမြှုပ်မိုင်းထောင်သူများသည် အစိုးရတပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း များမှ ဖြစ်ပြီး  တချို့နေရာများတွင် ဒေသခံ ရွာသားများကိုယ်တိုင် မြေမြှုပ်မိုင်း ထောင်သူများရှိကြောင်း ပြောသည်။

“မိုင်းတွေ မထောင်ဖို့က အဓိက ကစစ်ပွဲဆိုတာ မရှိဖို့ လိုတယ်။ ငြိမ်းချမ်းရေးရဖို့လိုတယ်။ ငြိမ်းချမ်းရေးရရင် ဒါတွေက ပြီးသွားပြီ။ ကျနော် KNU နဲ့လည်းတွေ့တယ်။ တပ်မတော်နဲ့လည်းတွေ့တယ်။ ရွာသားတွေနဲ့လည်းတွေ့တယ်။  သူတို့က စစ်ကိုတော့ပင်ပန်းနေကြပြီ။  ငြိမ်းချမ်းချင် ကြပြီ။ ပြည်သူ့ ဆန္ဒကအဓိကပဲ။ ပြည်သူ့က ဆန္ဒ ပြင်းပြလာပြီ ဆိုရင် လုပ်လို့ မရတော့ဘူး”ဟု ဦးသန့်ဇင်က ရှင်းပြသည်။

နိုင်ငံတကာ မြေမြှုပ်မိုင်း အသုံးပြုမှုစောင့်ကြည့်လေ့လာရေးအဖွဲ့ (ICBL)သည် နိုင်ငံပေါင်း ၇၀ ကျော်ရှိ အင်န်ဂျီအို အဖွဲ့အစည်းပေါင်း ၁၃၀၀ ကျော်ပါဝင်သည့် ကွန်ရက်တခုဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိခဲ့သည်။

မြန်မာနိုင်ငံ ၊အဖဂန်နစ္စတန်၊ ကိုလံဘီယာ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီးယား နိုင်ငံများသည် မြေမြှုပ်မိုင်း များကြောင့် သေကျေ ပျက်စီးမှု အများဆုံး နိုင်ငံများဖြစ်ကြောင်း ICBLအဖွဲ့၏ ၂၀၁၂ ခုနှစ် အစီရင်ခံ စာအရ သိရသည်။

ဧရာဝတီ 

အောင်မြင်သာ ရွှေ့ပြောင်းရွာသားများကို လျှပ်စစ်မီး ၂၄ နာရီ တပ်ဆင်ပေးခြင်းပေါ် စိုးရိမ်


 အောက်မြင်သာ ရွှေ့ပြောင်းကျေးရွာ။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေခမြစ်နှင့် မလိခမြစ် မြစ်ဆုံပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံ ကိန်းကြောင့် ရွှေ့ပြောင်းခံခဲ့ရသော ပြန်လည်နေရာချထားရေး အောင်မြင်သာ စံပြကျေးရွာတွင် နိုဝင်ဘာ လမှစပြီး ချီဖွေရေအားလျှပ်စစ်မှ ၂၄ နာရီ လျှပ်စစ်မီး ရရှိနေပြီဖြစ်သော်လည်း တဖက်တွင် စိုးရိမ်ပူပန် မှုများရှိနေကြသည်။

တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI)မှ လျှပ်စစ်မီးများပေးလာခြင်း ထောက်ပံ့ဆန်များ ထောက်ပံ့ပေး ခြင်းဖြင့် အောင်မြင်သာရွှေ့ပြောင်းရွာသားအချို့ ၎င်းမြစ်ဆုံစီမံကိန်းပြန်လည်ဆောက်လုပ်ရန် လက်ခံလာ မည်ကို တဖက်တွင် စိုးရိမ်နေရသည်ဟု တန်ဖရဲဒေသခံ လူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့ (Mungchying Rawt Jat)မှ ဒေါ်ခေါန်ဂျာပြောသည်။

“၁ နှစ် ၂ နှစ်ဘဲမြစ်ဆုံရွာ ဒေါင်ပန်ရွာ မြစ်ကမ်းနားတွေမှာနေပြီး မြစ်ဆုံဒေသခံအဖြစ်ခံယူပြီး အခုလိုမီးတွေ ရလာတာ။ ဒီစီမံကိန်းတွေကိုသဘောတူသလိုမြင်နေရတယ် တချို့တွေက မီးလာလို့ပျော်နေကြတယ်။ မီးရ လည်းမပျော်ဘူး မီးနဲ့လည်းထမင်းမချက်စားတတ်ဘူး မီးနဲ့ချက်တဲ့ထမင်းအိုးလည်း ကျမတို့ အတွက်ခက် တယ် ထင်းနဲ့ဘဲချက်စားနေတာ” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့မှစ၍ မီးများဖြန့်ချီပေးခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့တွင် တရုတ်စွမ်းအင်ရင်း နှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) လျှပ်စစ်အင်ဂျင်နီယာ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာ၊ ဘူးဂါးလျှပ်စစ်ရုံးမှ လျှပ်စစ် အန္တရာယ် ကင်းရှင်းရန်အတွက် ဟောပြောပွဲကိုလည်း ပြုလုပ်ပြီး ထိုနေ့တွင် ဒေသခံများအား ၂ လစာ ဆန်များပြန်ထုတ်ပေးခဲ့ကြောင်း ဒေသခံများပြောသည်။

ထိုလျှပ်စစ်မီးသည် ချီဖွေရေအားလျှပ်စစ်မှ တိုက်ရိုက်ပေးခြင်းဖြစ်ပြီး ရေကာတာတည်ဆောက်ရေးအတွက် အကြိုသုံးရန်နှင့် မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်ရန်အစီအစဉ်များဖြင့် ပေးနေသည့် လျှပ်စစ်မီး ဖြစ်သည်ဟု ဒေသခံများဆိုသည်။

ထိုနည်းတူ တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) သည် ကျန်ရှိနေသည့် ရေကာတာ ၆ ခုကို တည် ဆောက်ရာတွင် လျှပ်စစ်မီးများအသုံးလိုခြင်းကြောင့် ချီဖွေရေအားလျှပ်စစ်ငယ်ကို စတင်တည် ဆောက်ခဲ့ ခြင်းဖြစ်ပြီး အောင်မြင်သာရွာသို့ အကြိုပေးနေခြင်းဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)မှ မအားနန် ပြောသည်။

“ကချင်ပြည်နယ်မှာရှိတဲ့ ရေကာတာကနေ လျှပ်စစ်မီးတွေ ရတဲ့အတွက် ကချင်ပြည်သူများကိုအကျိုးရှိစွာ ပေးနိုင်ရင်တော့ ပိုကောင်းတယ် ဆက်ပြီးတည်ဆောက်မယ့် ရေကာတာ ၆ ကို ရပ်တန့်ရန် KDNG က တောင်းဆိုတယ် အခုချိန်မှာ ကချင်ပြည်တွင်းစစ်ဖြစ်ပွားနေတယ် ဒေသခံတွေလည်း ခက်ခဲမှုများစွာနဲ့ ရင် ဆိုင်နေရတယ် မြစ်ဆုံရေကာတာ တည်ဆောက်ဖို့ကိုလုံးဝရပ်တန့်စေချင်တယ်”

လွန်ခဲ့သည့် ၂၀၁၀ မေလမှ စ၍ မေခ-မလိခ မြစ်ဆုံပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံ ကိန်းကြောင့် ကျေးရွာများအား အောင်မြင်သာရွာသစ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး လူဦးရေ ၂၀၀၀ ကျော် နေ ထိုင်ကာ ၄င်းတို့သည် နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေစားသောက်နေရကြောင်း ဒေသခံများပြောသည်။ 

kachin news 

Tuesday, November 26, 2013

မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းအချို့တွင် ကူညီပေးရေးအဖွဲ့နှောင့်နှေးမှုကြောင့် ရိက္ခာပြတ်လပ်နေ

မြစ်ကြီးနား ကျွန်းပင်သာရပ်ကွက်မှ ကချင်ဒုက္ခသည်စခန်း

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (World Food Program) မှလစဉ်ကူညီပံ့ပိုးပေးနေသော ကချင်ပြည်နယ် မြစ်ကြီး နားမြို့ရှိ ဒုက္ခသည်စခန်း ၃ ခုတွင် အခြေခံအစားအစာများ ပုံမှန်ရရှိနေသည့်အချိန်အတွင်း ရောက်ရှိမလာသေး သောကြောင့် စခန်းအချို့အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။

ထိုစခန်းများမှာ တပ်ကုန်းနှစ်ခြင်းအသင်းတော်ဒုက္ခသည်စခန်း၊ အင်ဂျန်ဒုန်နှစ်ခြင်းအသင်း တော်ဒုက္ခသည် စခန်းနှင့် စံပြနှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်းများတွင်ဖြစ်ကြောင်းသိရသည်။

“သူတို့ရောက်မလာလို့ဆန်တွေမနက်ဖြန်ကနေစပြီးဝယ်စားရတော့မယ်၊ အကြွေးနဲ့ယူဖို့ ရင်းနှီးတဲ့ အသိဆန်ဆိုင်နဲ့ညှိထားတယ်၊ ထမင်းစားရတော့ မယ်ဆိုတော့ ဘယ်လိုမှမတတ်နိုင်ဘူး ဒီကြားထဲမှာရတဲ့ အလှူငွေ တချို့နဲ့ဖြေရှင်းထားတယ် ဒါလည်းကုန်ပြီလေ” ဟု တပ်ကုန်းရပ်ကွက် စံပြနှစ်ခြင်းအသင်းတော် စခန်း တာဝန်ခံ ဆရာနော်ဆိုင်း ကပြောသည်။

အဆိုပါ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှပံ့ပိုးပေးနေသော အခြေခံအစားအစာများဖြစ်သော ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲများနှင့် မြို့ပေါ်ရှိဒုက္ခသည်များက အစားအသောက်အတွက် အမှီပြုစားသောက် နေကြ ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၄ မှစ၍ ပြင်ပမှ ၀ယ်ယူစားသောက်ရမည်ဖြစ်ကြောင်း စခန်းတာဝန်ရှိ သူများက ပြောသည်။

ထိုသို့ အကူအညီပေးမှုများ အချိန်မှီမရရှိပါကစခန်းတွင် အစားအသောက်ပြတ်လပ်ခြင်း ပြဿနာ ရင်ဆိုင်ရ မည်ဖြစ်ကြောင်း ဆရာနော်ဆိုင်းက ဆက်ပြောသည်။

“လဆန်းပိုင်း ၅ ရက်နဲ့ ၁၀ ရက်ကြားမှာ အချက်အလက်အသစ် လာကောက်ခံတယ် ၁၀ ရက် ကျော် လောက်မှာ ဒုက္ခသည်တစ်ဦးအတွက် ခွဲတမ်းစာလာပေးနေကျဖြစ်တယ်၊ ဒီလက သူတို့ လာပေးနေ ကျအချိန်မှာ ရောက်မလာနိုင်တာ တစ်ပတ်လောက်ရှိနေပြီ၊ အခုထိရောက်မလာသေးဘူးဆိုတော့ အစားအ သောက် ပြတ်သွားတယ်၊ သူတို့ပေးတဲ့အကူအညီကိုပဲ အဓိက မှီခိုစားသောက်နေရတာပါ၊ တခြားက၀င်တာ လည်းမရှိဘူး၊ တချို့စခန်းတွေလည်း ကျွန်တော်တို့စခန်းကို မေးမြန်းလာတာတွေ ရှိတယ်” ဟု ပြောသည်။

ထို့ပြင် ဒုက္ခသည်များသည်လည်း အကူအညီရောက်မလာခြင်းကြောင့် စိတ်ပူပန်နေကြရပြီး၊ ကျောင်းသား များသော အိမ်ထောင်များမှာ ပို၍အခက်ကြုံခဲ့နေရကြောင်း ဒုက္ခသည်စခန်းမှ မိသားစု ၉ ဦးရှိ သူ ဦးလထော်တူး (Slg. Lahtaw Tu) ကပြောသည်။

“အရင်ကကလေးတွေ ကျောင်းသွားဆိုရင် ထမင်းကြော်ပေးလိုက်တယ်၊ အခုဆီမစားရတာတောင် နှစ်ပတ် ကျော်နေပြီဆိုတော့ ဘယ်လိုမှမလုပ်တတ်ဘူး၊ ကလေးတွေကိုလည်းထမင်း ကောင်းကောင်း မကျွေးလိုက်ရ ဘူး၊ အပြင်ထွက်ပြီးပိုက်ဆံရအောင် ဆိုလည်း ဘယ်မှာသွားရှာမယ်မသိတော့ခက်နေတယ်” ဟု ပြောသည်။

နိုဝင်ဘာ ၂၂ ရက်နေ့တွင် မြစ်ကြီးနား ရိုမင်ကက်သလစ် ‘ကရုဏာအဖွဲ့’ မှ တာဝန်ခံတစ်ဦးက စခန်းအတွင်း ရင်ဆိုင်နေရသည့်အခြေအနေများကို အချက်အလက်အသစ် များလာရောက်ကောက်ခံ ရန်ဖြစ်သော်လည်း ၄င်းကလည်း ညွှန်ကြားချက်ရောက်မလာခြင်းကြောင့် စခန်းများတွင် Data အသစ်များ လာရောက် မကောက်ခံ ခဲ့ကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရှိသော ဒုက္ခသည်စခန်းများတွင် ကူညီပေးနေသည့် အဖွဲ့များမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ ရုံးအသေးသုံးများ ထောက်ပံ့ပေးနေပြီး၊ WASH အဖွဲ့မှ လစဉ် ကျပ် ၁ သန်းနှင့် OXFAM မှ သန့်ရှင်းရေး အသုံးအဆောင် များနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ အခြေခံအစားအစာများ ထောက်ပံ့ပေးကာ၊ ခရစ်ယာန်အသင်း များက လိုအပ်သောအကူအညီများ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့တို့တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရှိ ဒုက္ခသည် လူဦးရေစုစုပေါင်းမှာ ၇၀၀၀ ကျော် ရှိပြီး စခန်းပေါင်း (၂၁)ခုရှိကြောင်းသိရသည်။

Kachin News Group

တရားစွဲဆိုခံရမှုများ အမြန်ဆုံး အမိန့်ချရန် ဒေါ်ဘောက်ဂျာ တောင်းဆို


အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ၏ ကချင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကတည်းက တရားစွဲဆိုထားရာ အမြန်ဆုံး အမိန့်ချပေးရန် ဖားကန့်မြို့နယ် တရားရုံးသို့ ဒေါ်ဘောက်ဂျာက နိုဝင်ဘာ ၂၅ ရက်တွင် လျှောက်ထားခဲ့သည်ဟု သူမ၏ရှေ့နေဦးယော်ထုံက မဇ္ဈိမကို ပြောသည်။

“သူက အပြစ်ရှိတယ်ဆိုရင်တော့ အမြန်အမိန့်ချပေးဖို့ ပြောတယ်။ အချုပ်မှာနေရတဲ့ အချိန်တွေအတွက် နစ်နာတယ်ဆိုပြီး ဒေါ်ဘောက်ဂျာ ပြောတယ်။ ဒီနေ့ ရုံးချိန်းမှာက အဝေးရောက်သက်သေခံချက်နဲ့ ပတ် သက်လို့ တရားဝင် ပြောတယ်”ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၂၅ ရက် ရုံးချိန်းတွင် တရားလိုပြသက်သေဖြစ်သူ အထွေထွေအုပ်ချုပ်ရေးရုံးမှ ၀န်ထမ်းဦးလှမျိုး ထွန်းက သက်သေထွက်ဆိုရန် တရားရုံးသို့ ရောက်ရှိလာခြင်းမရှိသဖြင့် အဝေးရောက်သက်သေခံရန် တရားရုံးက ယနေ့ (နိုဝင်ဘာ ၂၅) တွင် လျှောက်လဲခဲ့ကြောင်း ရှေ့နေဦးယော်ထုံက ဆက်ပြောသည်။

လာမည့် နိုဝင်ဘာလ ၂၈ ရက်တွင် ရှေ့နေများဘက်မှ မေးမြန်းလိုသည့် မေးခွန်းများအား စစ်ဆေးပေး မည့် ကော်မရှင်သို့ ပေးပို့ထားပြီး ၎င်းမေးခွန်းများကို ဆားလင်းကြီးမြို့နယ် တရားရုံးတွင် စစ်ဆေးသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဦးလှမျိုးထွန်းက အုပ်ချုပ်ရေးရုံးက ၀န်ထမ်းဖြစ်တဲ့အတွက်ကြောင့် ခရိုင်အဆင့်ဆင့်ကနေ ခရီးသွားလာ မှုကို ခွင့်မပြုဘူး။ ဒါကြောင့် အဝေးရောက်သက်သေခံပေးဖို့ပဲ ခွင့်ပြုတယ်”ဟု ဦးယောထုံက ပြောသည်။

ဒေါ်ဘောက်ဂျာကို ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် တရားစွဲဆိုထားသော်လည်း အမှန်တကယ် နိုင်ငံရေးအမှု နှင့်ဆက်စပ်၍ ဖမ်းဆီးခံရခြင်းဖြစ်သည့်အတွက် နိုင်ငံရေးအကျဉ်းသားများနှင့်အတူ လွှတ်ပေးရန်တောင်း ဆိုလိုကြောင်း ရှေ့နေဦးယော်ထုံက မဇ္စျိမကို ပြောသည်။

“ခု နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ရှိတယ်။ ဒီထဲမှာလဲ ပါစေချင်တယ်။ အခုက သူ့ကို စွဲထားတာ က ပြစ်မှုပိုင်းနဲ့ သွားထားတယ်။ နိုင်ငံရေးနဲ့ မစွဲတာ၊ ဒါပေမဲ့ နိုင်ငံရေးလုပ်လို့ဖြစ်သွားတဲ့ ကိစ္စဆိုတာ ပေါ် ပေါက်တယ်”ဟု ပြောသည်။

လာမည့်ဒီဇင်ဘာလ ၉ ရက်တွင် တရားစွဲခံထားရသူ ဒေါ်ဘောက်ဂျာအား စွဲဆိုထားသော လိုင်စင်မရှိဘဲ ဆေးပစ္စည်းများ ကိုင်ဆောင်မှု (မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေ ပုဒ်မ ၃၃) ကို စစ်ဆေးမည်ဖြစ်ပြီး တရား လိုဘက်မှ လျှောက်လဲချက်ပေးရန်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရဲတပ်ဖွဲ့သည် ဒေါ်ဘောက်ဂျာကို ဖမ်းဝရန်းထုတ်ခြင်းမရှိဘဲ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေပိုင်းက နေအိမ်၌ဖမ်းဆီးခဲ့ပြီး လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်းကိုင်ဆောင်မှုနှင့် လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်ထားမှုများဖြင့် တရားစွဲဆိုထားသည်။

Mizzima Burmese

Thursday, November 21, 2013

ဒီမိုကရေစီရဲ့ ထိချက်၊ တပ်မတော်နဲ့ မိတ်ဖက်


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို စည်းရုံးရနိုင်တယ်လို့ ဥရောပတိုက် (၅) နိုင်ငံ နိုင်ငံတကာ ခရီးစဉ်တစ်ခုမှာ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး NLD ရဲ့ လူထုဆန္ဒခံယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို ရည်ရွယ်ပြီး ပြောဆိုသွားခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတာဟာ တပ်မတော်ရဲ့ အခွင့်အရေးတွေကို လျှော့ချချင်လို့ မဟုတ်ဘဲ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့တပ်မတော်ဖြစ်ဖို့ ပြည်သူတွေက လေးစား ချစ်ခင်တဲ့ တပ်မတော်ကောင်း တစ်ခုဖြစ်စေချင်လို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဆိုသွားပါတယ်။

မကြာသေးမှီကပင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ အခွင့် အလမ်းများ ပေါ်ထွက်ခဲ့တယ်လို့ စစ်ရုံးနဲ့ နီးစပ်သူများထံမှ သတင်း ရရှိပါတယ်။ တပ်ချုပ်က ဒေါ်အောင် ဆန်းစုကြည်ကို စတင် ကမ်းလှမ်းနိုင်မည်၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်က တပ်ချုပ်ကို ကမ်းလှမ်း နိုင်မည် ဆိုတာကိုတော့ အမည်မဖေါ်လိုသူ စစ်ရုံးအရာရှိကြီး တဦးကတော့ သူ့လုံခြုံရေးနဲ့ တပ်ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဂုဏ်သိက္ခာအရ ငြင်းဆိုသွားခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ် တွေ့ဆုံဖို့ အခြေအနေ (၅) ကြိမ်ထက်မနည်း အခွင့်အလမ်းများ ပေါ်ထွက်ခဲ့တယ်လို့လည်း အဲဒီ အရာရှိကြီးက ဆိုပါတယ်။ အဲဒီ အကြိမ်တွေထဲက အထင်ရှားဆုံး အခြေအနေက ယခုနှစ် တော်လှန်ရေးနေ့ (တပ်မတော်နေ့) စစ်ရေးပြ အခမ်းအနားမှာ ဒေါ် အောင်ဆန်းစုကြည်ကို တပ်ချုပ်က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ တပ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတာနဲ့ စပ်လျဉ်းပြီး တပ်မတော် အရာရှိကြီး (ငြိမ်း) တစ်ဦးက စည်းလုံးခြင်းရဲ့အင်အားကို သုံးသပ် ပြောဆိုခဲ့ပါတယ်။

“သာမန်အားဖြင့် အကြောင်း ကိစ္စမရှိဘဲ တပ်ချုပ်က ဒေါ်စုကို မတွေ့ရဲဘူးဗျ၊ သူ့ကို စောင့်ကြည့်နေကြတဲ့ အစိုးရနဲ့ လွှတ်တော်၊ ပြည်ခိုင်ဖြိုးတို့မှ စီနီယာ တပ်အရာရှိကြီးတွေရဲ့ ငြိုငြင်မှုကို ခံရနိုင်တယ်၊ ဒါပေမဲ့ တပ်မတော်ဆိုင်ရာ အခမ်းအနားတွေမှာ တပ်ချုပ်အနေနဲ့ ဆက်လက် ဖိတ်ကြားဖို့ အလားအလာ ကောင်းတွေ ရှိနေတယ်။ တကူးတက မဟုတ်တောင် ခရီးသွားဟန်လွှဲ လွတ်လပ်ရေးနေ့ အခမ်းအနားလိုမျိုး နိုင်ငံတော်အဆင့် အခမ်းအနား ညစာစားပွဲတွေမှာလည်း တွေ့နိုင်တယ်ဗျာ။ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာတာနဲ့အညီ နိုင်ငံတကာမှ လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခေါင်းဆောင် တွေနဲ့ စစ်ဖက် ခေါင်းဆောင်များ လာကြဖို့ ရှိနေတယ်။ သူတို့ကို ဧည့်ခံပွဲ အခမ်းအနားတွေနဲ့ ဆွေးနွေးပွဲ တွေမှာ တပ်ချုပ်အား သမ္မတက စစ်တပ် အကြီးအကဲ တဦးအဖြစ် လက်တွဲ ခေါ်ခဲ့ရင် ဖြစ်ဖြစ်၊ အလွတ်သ ဘော ညစာစားပွဲတွေမှာဘဲ ဖြစ်ဖြစ်၊ ဒေါ်စုနဲ့ ပေးတွေ့ဖို့ အခြေအနေ ဖန်တီးနိုင်တယ်ဗျာ။ နောက်ဆုံးဗျာ နိုင်ငံတကာ အကြီးအကဲ တဦးက တွန်းအားပေး တောင်းဆိုလို့ ဖြစ်ဖြစ် သံတမန်အခင်းအကျင်းအရ မီဒီယာပေါ်မှာ တရားဝင် တွေ့ဆုံရင် မလိုလားအပ်တဲ့ ဖြစ်စဉ်များ မဖြစ်ပွားစေဖို့ အလွတ်သဘော လျှို့ဝှက်သီးသန့် တွေ့ဆုံခွင့် ဖန်တီးပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ်ဗျ။ ဆိုလိုတာ သမ္မတကို ခွင့်ပြုချက်တောင်းပြီး ဆွေးနွေးကြည့်ခိုင်းတဲ့ သဘော ဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

နိုင်ငံတကာက လိုလားနေကြတဲ့ အဓိက ဥပဒေပြင်ဆင်ရမည့် အချက်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို တားထားတဲ့ ပုဒ်မ (၅၉)၊ တပ်မတော်မှ ရွေးကောက်ပွဲ မဝင်ဘဲ ၂၅% ပါဝင်နေတဲ့ ကိစ္စ၊ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်တဲ့ မဲ ၇၅% ကျော် ရရန်နဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှု ၅၀% ကျော် ရဖို့ ဆိုတဲ့ အချက်တွေဘဲ ဖြစ်ပါတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ အဓိက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ တပ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ လိုအပ်ပါတယ်။ ဒါမှသာ အပြန်အလှန် ယုံကြည်မှု၊ တဦးနှင့် တဦး ချစ်ကြည် လေးစားစွာ ဆက်ဆံရေး တိုးတက် ခိုင်မာလာမှာ ဖြစ်သလို ဘက်ပေါင်းစုံမှ တွက်ချက်မြင်ကြည့်တတ်ဖို့ လိုအပ်တယ်လို့ စစ်ဖက် နီးစပ်သူများက သုံးသပ်ကြပါတယ်။ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည် ၁၀ နှစ်ခန့် ငယ်တာမို့ မောင်လေး အရွယ်သာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အနာဂါတ်ကို ဘယ်လို ဖန်တီး ပြုပြင်ပေးသွားမယ်၊ တပ်မတော်ကို နိုင်ငံရေး ကဏ္ဍတောင့်တနေရာမှ ဘယ်အချိန်အတိုင်းအတာတစ်ခု လောက်ထိ ဆက်ရှိမယ်။ ဒါမှမဟုတ် ရာခိုင်နှုန်း လျော့ပေးမယ် ဆိုတာကတော့ တပ်မတော်အား Professional Army ဖြစ်ရေးနဲ့ ဆက်စပ် မူတည်နေပါ ကြောင်း တင်ပြလိုက်ပါတယ်။

 စည်းလုံးခြင်းရဲ့ အင်အား

တမူးနယ်စပ် မူးယစ်ဆေးဝါးနှင့်လက်နက် ဖမ်းဆီးအဖွဲ့ဝင်များ ပြောင်းလဲမည်


ကလေး- တမူးနယ်စပ်တစ်လျောက် မူးယစ်ဆေးဝါးနှင့်လက်နက် ဖမ်းဆီးရေးအဖွဲ့ဝင်များ ပြောင်းလဲတာ ၀န်ပေးမည်ဖြစ်ကြောင်း ကလေးမြို့ အခြေစိုက် အထက်ချင်းတွင်းလူငယ် ကွန်ယက်အဖွဲ့မှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်က အထက်ချင်းတွင်း လူငယ်ကွန်ယက်အဖွဲ့နှင့် ယခုလအပတ်၌ တွေ့ဆုံ စဉ်က ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ကိုကျော်သက်ဝင်းက ပြော ကြားသည်။

“မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်မှုတွေမှာ တာဝန်ရှိသူတွေက သတင်းရမှသာ ဖမ်းဆီးမှုလုပ်တော့ ထိရောက်မှုမရှိဘူး။ ဒါကြောင့် တိုင်း ဒေသကြီးဝန်ကြီးချုပ်က ဖမ်းဆီးရေးအဖွဲ့တွေကိုတော့ ပြောင်းလဲဖို့ မရှိဘူး။ တကယ်အလုပ်မလုပ်တဲ့ အဖွဲ့ဝင်တွေကို ပြောင်းလဲတာဝန်ပေးမယ်လို့ပြောသွားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် ကလေး-တမူး နယ်စပ်တစ်လျောက်မူးယစ်ဆေးဝါး လက်နက်ရောင်းချမှုနှင့် ပတ်သက်၍ ထိရောက်သောအရေးယူမှုများ မပြုလုပ်နိုင်သေးကြောင်း၊ စစ်ဆေးရေးဂိတ်များကို ထပ်မံတိုးချဲ့ သင့် ကြောင်း ကလေးမြို့ဒေသခံတစ်ဦးက ဆိုသည်။

ကလေးမြို့ဒေသခံများဖြင့် ဖွဲ့စည်းထားသော အထက်ချင်းတွင်း လူငယ်များ ကွန်ယက်သည်ယခုလ ၁၇ ရက်နေ့တွင် ပြည်ထောင် စုလွှတ်တော် နာယကသူရဦးရွှေမန်း အပါဝင်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကလေးမြို့၌ တွေ့ဆုံခဲ့ပြိး မြန်မာ- အိန္ဒိယနယ်စပ်ရေးရာပြဿနာများ၊ မူးယစ်ဆေးဝါး လက်နက်ရောင်း ချမှုပြဿနာများကို အဓိကထား၍ တင်ပြဆွေးနွေးခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှသိရသည်။

အထက်ချင်းတွင်း လူငယ်များကွန်ယက်အဖွဲ့သည် သူရဦးရွှေမန်းနှင့်တွေ့ဆုံစဉ် မြွေတောင်ဖားတောင် စီမံကိန်းနှင့်ပတ်သက်သော သဘောထားမှတ်တမ်းများအား တက်ပြပေးအပ်ခဲ့ပြီး အထက်ချင်းတွင်းလူငယ် များ ကွန်ယက်အဖွဲ့၏တင်ပြချက်များကိုလက်ခံစဉ်းစားမည်ဟု သူရ ဦးရွှေမန်းကပြန်လည်ပြောကြား ခဲ့ကြောင်း ကို ကျော်သက်ဝင်းကပြောကြားသည်။

People power