တိုင်းရင်းသားများ၏ ပညာရေး အခက်အခဲအကြောင်းကို သုတေသန ပြုလုပ်ထားပြီး ယင်းကို ဘက်စုံ လွှမ်းခြုံ ပညာရေး သုံးသပ်ချက် (CESR) သို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း တင်ပြ သွားမည် ဖြစ်ကြောင်း ထိုသုတေသနကို ပြုလုပ်ထားသည့် ငြိမ်းဖောင်ဒေးရှင်း စီမံကိန်းမန်နေဂျာက The Voice သို့ ပြောကြားသည်။
“အခု ဘက်စုံလွှမ်းခြုံပညာရေး သုံးသပ်ချက်အဆင့် (၂) မှာတော့ တိုင်းရင်းသား ဘာသာစကားနဲ့ ပတ် သက်ပြီးတော့ ထည့်သွင်း ရေးဆွဲဖို့ရှိတယ်” ဟု CESR ၏ စီမံကိန်းမန်နေဂျာ ဒေါ်တင်တင်ရှုက လက်ရှိ ရေးဆွဲနေပြီ ဖြစ်သော သုံးသပ်ချက်အဆင့် (၂) နှင့် ပတ်သက်ပြီး The Voice သို့ ပြောဆိုသည်။
CESR စီမံချက်ကို ဆောင်ရွက်နေသည့် ပညာရေးဝန်ကြီးဌာနသို့ ငြိမ်း ဖောင်ဒေးရှင်းက တင်ပြရာ၌ တိုင်း ရင်းသားများ အားလုံးတွင် ကြုံတွေ့ရသော ယေဘုယျ စကားလုံး အခက်အခဲများနှင့် ယေဘုယျ ထုံးတမ်း အစဉ်အလာ ပြဿနာများ ပါဝင်သွားမည် ဖြစ်ကြောင်း ငြိမ်းဖောင်ဒေးရှင်း၏ စီမံကိန်းမန်နေဂျာထံမှ သိရသည်။
“သုတေသန လုပ်တာက ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ် ၂ နှစ်လုပ်တယ်။ တိုင်းရင်းသား ဘာသာစကား အခက်အခဲတွေကို လုပ်တာ” ဟု ပြီးခဲ့သည့် စီမံချက် အဆင့် (၁) နှင့် ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောကြားသည်။
ယခုလက်ရှိ သင်ရိုးညွှန်းတမ်းများသည် မြန်မာကျောင်းသားများအတွက် ရည်ရွယ်ကာ ရေးဆွဲထားသည့် သင်ရိုးများသာ ဖြစ်ကြောင်း၊ တိုင်းရင်းသားများအတွက် လက်ဆုပ်လက်ကိုင် ပြ၍မရသော အရာ ဝတ္ထုများသည် နားလည်ရန် အခက်အခဲ ရှိကြောင်း ငြိမ်းဖောင်ဒေးရှင်းထံမှ သိရသည်။
“တိုးတက်ကောင်းမွန်တဲ့ ပညာရေး မျိုးရချင်ရင် အမျိုးမျိုးသော အဖွဲ့အစည်းက လူတွေအားလုံး ပါဝင်ဖို့ လိုအပ်တယ်” ဟု ပညာရေးမူဝါဒ ရေးဆွဲရေး လုပ်ငန်းများတွင် အတွေ့အကြုံရှိသည့် Vanderbilt University မှ Mr. Stephen P.Heyneman က အောက်တိုဘာ ၇ ရက်နေ့တွင် ပြုလုပ်သော ပညာရေးနှင့် လူမှုအသိုင်းအဝိုင်း စည်းလုံးညီညွတ်မှု ဟောပြောပွဲတွင် ပြောကြားသည်။
CESR သည် ပညာရေးဝန်ကြီးဌာန၊ Australian Aid၊ ယူနီဆက်၊ ဗြိတိသျှ ကောင်စီနှင့် အခြားသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံ၏ ပညာရေးကို သုံးဆင့်ခွဲကာ ပြန်လည် သုံးသပ်ခြင်း ဖြစ်သည်။ ယင်းစီမံချက်ကို ၂၀၁၂ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။
0 comments:
Post a Comment