ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ခွဲ လဘန်ကထောင်ကျေးရွာတွင် အောက်တိုဘာလ (၇) ရက်နေ့ မနက် (၁၀) နာရီခန့်တွင် လယ်ကွင်းမှကောက်လာသောလက်ထောက်မော်တာ တစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ် (၁) ဦးသေဆုံးကာ (၄)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိ၍ မြစ်ကြီးနားဆေရုံးကြီးတွင် ဆေးကုသနေကြောင်း ဒေသခံ အသင်းတော်ဆရာများထံမှ သိရသည်။
အသက် (၂) နှစ်အရွယ် ဖောင်ယမ်လ အမည်ရှိကလေးငယ်မှာ အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၄င်းမိဘဖြစ်သူနှင့်အလည်လာသော အိမ်နီးချင်း လူငယ်နှစ်ဦးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိကာ စိုးရိမ်ရသောအခြေအနေဖြစ်ကြောင်း အသင်းတော်ဆရာ ဦးဂွန်ဂျော်လီက ပြောသည်။
“မနက်ပိုင်းဧည့်ခန်းထဲမှာ လူကြီးတွေက လယ်ကွင်းထဲက ကောက်လာတဲ့ဗုံးကို တယောက်တလှည့်စီ ကိုင်နေကြတာ ဘာမှမဖြစ်ဘူး၊ ဘေးနားမှာရှိတဲ့ကလေးက အဲဒီဗုံးကိုင်ဆော့ကစားပြီး ထုလိုက်ပုံရတယ် အဲဒါနဲ့ ပေါက်ကွဲသွားပြီး ကလေးကပွဲချင်းပြီး အဲဒီမှာသေသွားတယ်၊ ကလေးရဲ့ ဖခင်လည်း တော်တော်စိုးရိမ် ရတဲ့အခြေအနေရှိတယ်” ဟုဆိုသည်။
ထိုပေါက်ကွဲမှုတွင် သေဆုံးသွားသောကလေးငယ်၏ မိဘများ ဦးဖောင်ယမ်လဂျာနှင့် ဒေါ်ဘောက်ဂျာ တို့နှစ် ဦး စလုံး ထိခိုက်ဒဏ်ရာရရှိပြီး အိမ်နီးချင်းမှ လူငယ်အင်ဒတန်နှင့် ဇင်ထုန်းလ တို့လည်း ဒာဏ်ရာရရှိကာ ၄င်းတို့ ၄ ဦးကို မြစ်ကြီးနားဆေးရုံးကြီးသို့ တင်ထားဆဲဖြစ်ကြောင်းသိရသည်။
ယခုအချိန် ၄င်းတို့ကို မြစ်ကြီးနားဆေးရုံးကြီးတွင် အရေးပေါ်လူနာခန်းတွင် တင်ထားရာတွင် သေဆုံးသူ၏ဖခင် ဦးဖော်ယမ်လဂျာမှာ လိမ်အင်္ဂါတွင်ထိခိုက်ထားသောကြောင့် အခြေအနေစိုးရိမ်နေရကာ အရေးပေါ်လူနာခန်းတွင် အောက်ဆီဂျင်ပေးထားရကြောင်း အစောင့်တာဝန်ကျ ဆေးရုံသူနာပြုတစ်ဦး ထံမှ သိရသည်။
အဆိုပါ လက်ထောက်ဗုံးအား ယခင်နှစ် လဘန်ကထောင်ကျေးရွာအနီးတွင် မြန်မာအစိုးရတပ်နှင့် KIAကြား တိုက်ပွဲဖြစ်ပွားခဲ့ချိန် မြန်မာအစိုးတပ်မှလယ်ကွင်းတစ်ခုတွင် ပေါက်ကွဲမှုမအောင်မြင်ပဲ ကျန်ရစ်ထားသော ဗုံးဖြစ်ကြောင်း ဒေသခံများကပြောသည်။
ထိုဗုံးအား ဦးဖောင်ယမ်လဂျာက တွေ့ရှိကာ ရွာသို့ယူဆောင်လာခြင်းဖြစ်ရာ ၄င်းကိုရွာသူ/ သားများက တယောက်တလှည့်ကိုင်ပြီး ဟောင်းနေပြီးဖြစ်သောဗုံးလည်း ဖြစ်ကြောင်းလည်းသိရသည်။
ယခုချိန် မြစ်ကြီးနားဆေရုံ အရေးပေါ်လူနာခန်းတွင် လက်ရှိလူနာ(၈) ဦးခန့်ရှိသည့်အနက် ရာဇဝတ်သား ဟုယူဆရသော မသိင်္ကာသူ လူနာတစ်ဦးကိုဒေသခံရဲများစောင့်ကြည့်နေသောကြောင့် အရေးပေါ်လူနာခန်း တွင် ရဲများ (၅)ဦး ထက်မနည်း လုံခြုံရေးချထားကြောင်းသိရသည်။
KNG
0 comments:
Post a Comment