Pages

Sunday, October 6, 2013

ရန်ကုန် ချင်းလူထုနှင့် ချင်းအမျိုးသားတပ်ဦး အောက်တိုဘာ ၁၉ ရက်တွင် တွေ့ဆုံမည်



ချင်းလူမျိုးများ၏ အမြင်များကို စုစည်းနိုင်ရန်အတွက် ချင်းပြည်နယ် အတွင်းရှိ လူထုနှင့် တွေ့ဆုံပွဲများ ပြုလုပ်နေသော ချင်းလက်နက်ကိုင် အဖွဲ့ဖြစ်သည့် ချင်းအမျိုးသား တပ်ဦးသည် ရန်ကုန်တိုင်းဒေသကြီးရှိ ချင်းလူထုနှင့် အောက်တိုဘာ ၁၉ ရက်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲကို ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ချင်းလူမျိုး ၂၀၀ ခန့်ကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုကို မူလက သြဂုတ်လကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သော်လည်း ခွင့်ပြုချက် အခက်အခဲကြောင့် ရွှေ့ဆိုင်းထားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ချင်းအမျိုးသားတပ်ဦး အနေဖြင့် လာမည့်နိုဝင်ဘာလအတွင်း ပြုလုပ်မည့် ချင်းအမျိုးသား ညီလာခံတွင် တင်ပြနိုင်ရန် ချင်းလူမျိုးများ၏ အမြင်များကို စုစည်းနိုင်ရန်နှင့် လက်နက်ကိုင်ဆောင်စဉ်အတွင်း အမှားအယွင်းများ ရှိခဲ့ပါက ပြန်လည်တောင်းပန်မှုများ ပြုလုပ်ရန်ဟုဆိုကာ ချင်းလူမျိုးများနှင့် တွေ့ဆုံနေခြင်းဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း တွေ့ဆုံမှုများကို ပြီးခဲ့သည့် ဧပြီမှ စတင်ကာပြုလုပ်ခဲ့ပြီး မန္တလေး ချင်းလူထုနှင့်လည်း ထပ်မံတွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။

ယခု တွေ့ဆုံမှုများမှ ရရှိလာမည့် ရလဒ်များကို စာတမ်းပြုစုပြီး ချင်းအမျိုးသား ညီလာခံတွင် တင်ပြသွားရန် ရှိကြောင်းလည်း သိရသည်။

အစိုးရဘက်က ၂၀၁၅ မတိုင်မီ ပြုလုပ်ပေးမည်ဟု ပြောကြားထားသော ပင်လုံကဲ့သို့သော ညီလာခံတွင် တင်ပြမည့် အချက်များကို စုစည်းနိုင်ရန် တိုင်းရင်းသားများက ညီလာခံများ ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး မွန်အမျိုးသား ကွန်ဖရင့်ကိုလည်း စက်တင်ဘာ လကုန်ပိုင်းက ပြုလုပ်ပြီးဖြစ်ကာ ကရင်အမျိုးသား ညီလာခံတစ်ခုလည်း ပြုလုပ်ရန် ကြိုးစားနေသည်။

0 comments:

Post a Comment