ကချင်ပြည်နယ် တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက်အတွက် လိုအပ်လျက်ရှိသော မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်း (Fiber Optic Cable ) တည်ဆောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် အဆုံးသတ်မည် ဖြစ်ကြောင်း ကချင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်နယ် မန်နေဂျာ ဦးအောင်ဖြိုးမြတ်က The Voice သို့ ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း GSM မိုဘိုင်းလ်ဖုန်း ကွန်ရက်ကို တည်ဆောက်ခဲ့သော ပြည်တွင်း ကုမ္ပဏီ တစ်ခုဖြစ်သည့် Nexus Network Company က မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်း (Fiber Optic Cable) တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နေပြီး လတ်တလောတွင် မိုးညင်း-နန့်စီးအောင်၊ ဟိုပင်-မိုးကောင်း လမ်းကြောင်း များအတွက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။
“လုပ်ငန်း အကောင်အထည်ဖော်တဲ့ နေရာမှာ ဒေသခံတွေ နစ်နာဆုံးရှုံးမှု မရှိအောင်လည်း စီစဉ် ဆောင်ရွက်ထားတယ်” ဟု ၎င်းကဆိုသည်။
မိုက်ခရို ဆက်ကြောင်းကိုသာ အသုံးပြုနေရသော ကချင်ပြည်နယ်၌ မိုဘိုင်းလ်ဖုန်း ခေါ်ဆိုရာတွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေကြရပြီး အထူးသဖြင့် ညနေပိုင်း အချိန်များ၌ ဖုန်းခေါ်ဆိုမှု ပိုမိုခက်ခဲကြောင်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူများက တူညီစွာ ပြောကြားသည်။
ယင်း ဖိုက်ဘာ ဆက်ကြောင်း ပြီးစီးသွားပါက လက်ရှိ ကြုံတွေ့နေရသော ဖုန်းလိုင်း မိသော်လည်း ခေါ်ဆို၍ မရခြင်း၊ အဝင်ဖုန်း လက်ခံ၍မရခြင်း စသည့် အခက်အခဲများ ပြေလည်သွားမည် ဖြစ်ပြီး ADSL အင်တာနက်လိုင်းများ ပိုမို ကောင်းမွန်လာမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြော ကြားသည်။
မြန်နှုန်းမြင့် ဖိုက်ဘာ ဆက်ကြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ထိ ချိတ်ဆက်သွားမည် ဖြစ်သည့် အပြင် မြစ်ကြီးနား မြို့ပေါ်တွင်လည်း မိုဘိုင်းလ်ဖုန်း တာဝါတိုင်များ ထပ်မံတိုးချဲ့ တပ်ဆင်သွားမည် ဖြစ်ကြောင်း ပြည်နယ် ဆက်သွယ်ရေးရုံးက သတင်း ထုတ်ပြန်ထားသည်။
The Voice Weekly
0 comments:
Post a Comment