ရုရှားနိုင်ငံတွင် နှစ်ပေါင်း ၁၂၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ရုရှား အရှေ့စွန်းပိုင်းဒေသတွင် Amur မြစ်ရေမှာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၁၄ စင်တီမီတာ ထပ်မံမြင့်တက် ခဲ့သည်။ အဆိုပါ မြစ်ကြောင်းတစ်လျှောက်ရှိ မြို့ပေါင်း ၁၈၅ မြို့တွင် နေထိုင်သော လူဦးရေတစ်သိန်း ကျော် မှာ ရေကြီးမှုများ ကြုံတွေ့ခဲ့ရပြီး နေအိမ် ၉,၅၀၀ ပျက်စီးခဲ့သည်။ Amur မြစ်ကမ်းနား မြို့များတွင် သဲအိတ် များထောင်နှင့်ချီ၍ ပိတ်ဆို့ကားဆီးထားပြီး ရေကြောင်းလမ်းလွဲစေရန် ရေနုတ်မြောင်းများ တူးဖော်မှုတို့ကို ဆောင်ရွက်လျက်ရှိသည်။ မြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးမှုကို တားဆီးရန်အတွက် ကယ်ဆယ်ရေး ဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်း ဒေသခံများက နေ့ရော ညပါ ဆောင်ရွက်နေရကြောင်း ရုရှားသတင်း ဌာန RT က ပြောကြားသည်။
မြစ်ရေမှာ ကြာသပတေးနေ့ (သြဂုတ် ၂၉ ရက်) က ၇.၆ မီတာသို့ ရောက်ရှိခဲ့ပြီး ဆက်လက်မြင့် တက်လာကာ ယနေ့ (သြဂုတ် ၃၀ ရက်၊ သောကြာနေ့) နံနက်ပိုင်းတွင် ၇.၇ မီတာသို့ ရောက်ရှိခဲ့ကြောင်း အရေးပေါ်အခြေအနေ ကိုင်တွယ်ဆောင်ရွက်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ရေကြီးမှုများကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံအထိရှိနိုင်ကြောင်း သိရသည်။ ရေကြီးမှုကြောင့် နေအိမ် ဆုံးရှုံးခဲ့ရသော ဒေသခံများကို ငွေကြေးထောက်ပံ့ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ကတိပြုပြောကြားသည်။ Amur မြစ်ကြောင်းရှိ Khabarovsk ဒေသတစ်ခုတည်းမှ မြို့နှင့် ကျေးရွာပေါင်း ၄၀ ခန့်မှာ ရေကြီးမှု ကြုံတွေ့ခဲ့ရပြီး နေအိမ် ၁,၀၀၀ ကျော်မှာ ရေကြီးမှုအတွင်း နစ်မြုပ်သွားခဲ့သည်။ ကလေးငယ် ၄၆၀ အပါအဝင် လူပေါင်း ၂,၂၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။ အလားတူ မြစ် ကြောင်းတစ်လျှောက်ရှိ အခြား မြို့ ရွာများတွင်လည်း ရေဘေးကယ်ဆယ်ရေးများ ဆောင်ရွက်နေရသည်။
ယခုဖြစ်ပွားသည် ရေကြီးမှုများကြောင့် လမ်းမအရှည် ၂၈၀ ကီလိုမီတာနှင့် တံတားအစင်းပေါင်း ၇၁ စင်း ပျက်စီးခဲ့ကြောင်း ရုရှားနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက စာရင်းထုတ်ပြန်သည်။ Amur မြစ်ရေမှာ စက်တင်ဘာလအထိ ဆက်လက်မြင့်တက်ဖွယ် ရှိနေရာ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏမှာလည်း ပိုမို တိုးမြင့်လာနိုင်ကြောင်း သိရသည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရေကြီးမှုကို ရင်ဆိုင်ဖြေရှင်းသည့် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် ဒေသအာဏာပိုင်များကို ညွှန်ကြားထားသည်။
Ref...Planet Myanmar Network








0 comments:
Post a Comment