Pages

Thursday, December 5, 2013

ကိုယ်ပိုင်ပြတိုက်တစ်ခု ဖွင့်လှစ်ရန် စီစဉ်နေသည့် ရော်နယ်လ်ဒို


ရီးယဲလ်မက်ဒရစ် အသင်း၏ တိုက်စစ်ကြယ်ပွင့်သည် မာဒီရာကျွန်းပေါ်တွင် ၎င်းနှင့် ဆက်နွယ်သည့် ပြတိုက်ကို တည်ဆောက်ရန် နောက်ဆုံးအဆင့် အပြီးသတ်နေပြီ ဖြစ်သည်

ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် ကိုယ်ပိုင် ပြတိုက်တစ်ခုကို တည်ဆောက်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။ ရီးယဲလ်မက်ဒရစ် အသင်း၏ တိုက်စစ်ကြယ်ပွင့်သည် မာဒီရာကျွန်းပေါ်တွင် ၎င်းနှင့် ဆက်နွယ်သည့် ပြတိုက်ကို တည်ဆောက်ရန် နောက်ဆုံးအဆင့် အပြီးသတ်နေပြီ ဖြစ်သည်။ အဆိုပါ ကျွန်း၏ မြို့တော် ဖန်ချယ်လ်တွင် ဒီဇင်ဘာလ (၁၅)ရက်နေ့၌ ပေါ်တူဂီ လက်ရွေးစင် ရော်နယ်လ်ဒိုက ယင်းပြတိုက်ကို ဖွင့်လှစ်မည်ဟု သတင်းများက ဖော်ပြခဲ့သည်။ အသက်(၂၈)နှစ်ရှိ ကစားသမားသည် အိုလံပစ်ဒီ ဇာတီဗာ အသင်းနှင့် ကိုပါဒယ်လ်ရေး ပွဲစဉ်တွင် ကစားခွင့် မရှိဘဲ ပွဲပယ်ခံထားရသည်။

ထို့ကြောင့် ရီးယဲလ်နည်းပြ ကာလိုအန်ဆလော့တီက ၎င်းကို ဆောင်းရာသီနားရက် မတိုင်ခင် ရက်အနည်းငယ် ကြိုတင် အနားပေးထားရာ မွေးရပ်မြေရှိ ပြတိုက်ဖွင့်လှစ်မည့် ကိစ္စအတွက် ပိုမိုအချိန်ပေးနိုင်မည် ဖြစ်သည်။ ရော်နယ်လ်ဒိုသည် ပေါင်ဒဏ်ရာ ရရှိထားသော်လည်း လတ်တလောတွင် တစ်စထက်စတစ်စ သက်သာပျောက်ကင်းလာခဲ့သည်။ မကြာသေးမီက စပိန်လာလီဂါ၏ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ရရှိထားသည့် ရော်နယ်လ်ဒိုသည် မာဒီရာသို့ပြန်ကာ နာလန်ထ အစီအစဉ်များဖြင့် အနားယူနေသည်။

ရော်နယ်လ်ဒိုသည် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် အိုစာဆူနာနှင့် ကစားမည့် လာလီဂါ ပွဲစဉ်၌ ပါဝင်ရန် စီစဉ်ထားပြီး ထိုပွဲပြီးသည်နှင့် ဖန်ချယ်လ်သို့ အလျင်အမြန် သွားရောက်မည် ဖြစ်သည်။ အဆိုပါ ပြတိုက်တွင် ၎င်းရရှိခဲ့သည့် အောင်မြင်မှုများနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို ထားရှိမည်ဟု သိရသည်။ အဆိုပါ ဆုများတွင် (၂၀၀၈)ခုနှစ်က မန်ချက်စတာ ယူနိုက်တက်တွင် ကစားနေစဉ် ရရှိခဲ့သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ထည့်သွင်းပြသထားမည်ဟု သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

ကချင်ပြည်နယ် ဖိုင်ဘာဆက်ကြောင်း ၂၀၁၄ ခုနှစ်မတ်လ အပြီးသတ်မည်

ကချင်ပြည်နယ် တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက်အတွက် လိုအပ်လျက်ရှိသော မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်း (Fiber Optic Cable ) တည်ဆောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် အဆုံးသတ်မည် ဖြစ်ကြောင်း ကချင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်နယ် မန်နေဂျာ ဦးအောင်ဖြိုးမြတ်က The Voice သို့ ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း GSM မိုဘိုင်းလ်ဖုန်း ကွန်ရက်ကို တည်ဆောက်ခဲ့သော ပြည်တွင်း ကုမ္ပဏီ တစ်ခုဖြစ်သည့် Nexus Network Company က မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်း (Fiber Optic Cable) တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နေပြီး လတ်တလောတွင် မိုးညင်း-နန့်စီးအောင်၊ ဟိုပင်-မိုးကောင်း လမ်းကြောင်း များအတွက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။
“လုပ်ငန်း အကောင်အထည်ဖော်တဲ့ နေရာမှာ ဒေသခံတွေ နစ်နာဆုံးရှုံးမှု မရှိအောင်လည်း စီစဉ် ဆောင်ရွက်ထားတယ်” ဟု ၎င်းကဆိုသည်။

မိုက်ခရို ဆက်ကြောင်းကိုသာ အသုံးပြုနေရသော ကချင်ပြည်နယ်၌ မိုဘိုင်းလ်ဖုန်း ခေါ်ဆိုရာတွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေကြရပြီး အထူးသဖြင့် ညနေပိုင်း အချိန်များ၌ ဖုန်းခေါ်ဆိုမှု ပိုမိုခက်ခဲကြောင်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူများက တူညီစွာ ပြောကြားသည်။

ယင်း ဖိုက်ဘာ ဆက်ကြောင်း ပြီးစီးသွားပါက လက်ရှိ ကြုံတွေ့နေရသော ဖုန်းလိုင်း မိသော်လည်း ခေါ်ဆို၍ မရခြင်း၊ အဝင်ဖုန်း လက်ခံ၍မရခြင်း စသည့် အခက်အခဲများ ပြေလည်သွားမည် ဖြစ်ပြီး ADSL အင်တာနက်လိုင်းများ ပိုမို ကောင်းမွန်လာမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြော ကြားသည်။

မြန်နှုန်းမြင့် ဖိုက်ဘာ ဆက်ကြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ထိ ချိတ်ဆက်သွားမည် ဖြစ်သည့် အပြင် မြစ်ကြီးနား မြို့ပေါ်တွင်လည်း မိုဘိုင်းလ်ဖုန်း တာဝါတိုင်များ ထပ်မံတိုးချဲ့ တပ်ဆင်သွားမည် ဖြစ်ကြောင်း ပြည်နယ် ဆက်သွယ်ရေးရုံးက သတင်း ထုတ်ပြန်ထားသည်။

The Voice Weekly

လူနည်းစုဘာသာဝင်များ၏ အခွင့်အရေးနှင့်ပက်သတ်၍ ချင်းအမျိုးသားညီလာခံ သတင်းစာရှင်းလင်းပွဲ တွင် ပြောဆို


ချင်းလူမျိုးများအပါအ၀င် အခြားလူနည်းစုဘာသာဝင်များတွင် ဖိနှိပ်ချုပ်ခြယ်မှုများ၊ ခွဲခြားဆက်ဆံမှုများ တွေ့ကြုံခံစားနေရကြောင်းနှင့် လူနည်းစု ဘာသာဝင်များ၏အခွင့်အရေးကိုကာကွယ်နိုင်မည့် ဥပဒေတစ်ရပ် ပြဌာန်းသင့်ကြောင်း ရန်ကုန်မြို့ Summit Park View Hotel တွင်ပြုလုပ်သော ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံ၏ သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောဆိုသွားခဲ့သည်။

“ ကျွန်တော်တို့ ခရစ်ယာန်တွေရဲ့သင်္ကေတဖြစ်တဲ့ လက်ဝါးကပ်တိုင်တွေကို ချင်းပြည်နယ်မှာရှိတဲ့ တောင်ထိပ်တွေမှာသော်လည်းကောင်း၊ မြို့အ၀င်တွေမှာသော်လည်းကောင်း စိုက်ထူထားတာတွေရှိတယ်၊ အဲ့ဒါတွေကို ပြီးခဲ့တဲ့နှစ် (၂၀) အတွင်း လက်ဝါးကပ်တိုင်ပေါင်း (၂၀) နီးပါး ဖြိုလဲဖျက်ဆီးခြင်းခံရပါတယ်၊ ပြိုလဲပျက်စီးရုံတင်မကပဲ အဲဒီ့နေရာတွေမှာ စေတီပုထိုးတွေတည်ပြီးတော့ အဲ့ဒီ့ခရစ်ယာန်တွေကိုပဲ အတင်းအဓမ္မလုပ်အားပေးခိုင်းပြီး တည်ဆောက်ခိုင်းတာတွေရှိတယ် ” ဟု Chin Human Rights Organization မှ ဆလိုင်းဘွေ့လျန်မန်း ကပြောကြားခဲ့သည်။

“ ဒါကြောင့် လူနည်းစုကိုးကွယ်တဲ့ဘာသာတွေကို အကာအကွယ်ပေးတဲ့ဥပဒေတစ်ခုပြဌာန်းပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတာဖြစ်ပါတယ်၊ ကျွန်တော်ကိုယ်တိုင် လွှတ်တော်ဥက္ကဌသူရရွှေမန်းနဲ့ သွားတွေ့ပြီးတော့ အဲ့ဒီ့ကိစ္စကို ဆွေးနွေးပါတယ်၊ လွှတ်တော်ဥက္ကဌကိုယ်တိုင်က ပြီးခဲ့တဲ့အချိန်မှာမှားခဲ့တာတွေရှိပါတယ် ခုပြုပြင်ပြောင်းလဲရေးကာလမှာအဲ့ဒီဟာတွေမဖြစ်အောင်ကြိုးစားနေပါတယ်လို့ပြောခဲ့တဲ့အတွက် ကျွန်တော်တို့ အင်မတန်မှအားရပါတယ်၊ ဒါပေမယ့် နှုတ်ကနေပြောတာမျိုးမဟုတ်ဘဲနဲ့ တကယ့်ဥပဒေနဲ့ပြဌာန်းပေးဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်ဆိုတာ ဒီနေရာကနေပြောချင်ပါတယ် ” ဟု ဆလိုင်းဘွေ့လျန်မန်း မှ ဆက်လက်ပြောကြားခဲ့သည်။

ချင်းလူမျိုးများ အပါအ၀င် အခြားလူနည်းစုဘာသာဝင်များ တွေ့ကြုံခံစားနေရသည့် ဘာသာရေး ဖိနှိပ်ချုပ်ခြယ်မှုများ၊ ခွဲခြားဆက်ဆံမှုများ ပပျောက်နိုင်ရန် လူနည်းစုဘာသာဝင်များ၏ လွတ်လပ်စွာတွေးခေါ်၊ ကိုးကွယ်၊ ယုံကြည်ခွင့်ကိုကာကွယ်သည့် ဥပဒေတစ်ရပ်ပြဌာန်းပေးရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ ဘာသာများအားလုံး တန်းတူအခွင့်အရေးရရှိနိုင်စေရန် သာသနာရေးဝန်ကြီးဌာနကို လွတ်လပ်၍ ဘက်မလိုက်သော သာသနာရေးဆိုင်ရာကော်မရှင်ဖြင့် အစားထိုးဖွဲ့စည်းရန် ဤညီလာခံမှတောင်းဆိုသည် ဟု ဒုတိယအကြိမ်မြောက်ချင်းအမျိုးသားညီလာခံမှ အချက်(၁၃)ချက်ဖြင့်ထုတ်ပြန်သော ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိထားသည်။

The Myanma Age

ယူကရိန်း ဆန္ဒပြမှုများကို သမ္မတဟောင်းများ ထောက်ခံ


ကိယက်ဗ်မြို့တော်တွင် ဥရောပယူနီယံ ဝင်ရောက်ခွင့်ကို ငြင်းဆန်သော သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျ အား ရာထူးမှ နုတ်ထွက်ပေးရန် ပြည်သူများက ဆန္ဒပြ တောင်းဆိုလျှက် ရှိသည်။

ယူကရိန်း ဆန္ဒပြမှုများကို သမ္မတဟောင်းများ ထောက်ခံ ယူကရိန်း နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ယခင်သမ္မတဟောင်းများက ထောက်ခံခဲ့ကြောင်း သိရှိရသည်။ ကိယက်ဗ်မြို့တော်တွင် ဥရောပယူနီယံ ဝင်ရောက်ခွင့်ကို ငြင်းဆန်သော သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျအား ရာထူးမှ နုတ်ထွက်ပေးရန် ပြည်သူများက ဆန္ဒပြ တောင်းဆိုလျှက် ရှိသည်။ ဗုဒ္ဓဟူးနေ့ကမူ သမ္မတဟောင်း (၃)ဦးက ပူးပေါင်းကြေညာချက်တစ်စောင် ထုတ်ပြန်ကာ မိမိတို့၏ သဘောဆန္ဒသည် ပြည်သူအများနှင့် တစ်ထပ်တည်းဖြစ်ကြောင်း ထောက်ခံရပ်တည်ခဲ့သည်။ လီယိုနစ် ကရက်ဗ်ချက်၊ လီယိုနစ်ကူချမားနှင့် ဗစ်တာ ယက်ရှ်ချန်ကိုတို့က ပြည်သူ့ဆန္ဒကို ယင်းကဲ့သို့ ကူညီအားဖြည့်ပေးခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယူကရိန်း၏ အိမ်နီးချင်း မော်လ်ဒိုဗာ နိုင်ငံတွင် ယူကရိန်း ပြည်သူများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အနာဂတ်ကို ရွေးချယ်ခွင့် ရှိနေကြောင်း ပြောဆိုခဲ့သည်။ ထို့အတွက် မည်သည့် နိုင်ငံရပ်ခြား လွှမ်းမိုးမှုကိုမျှ မလိုအပ်ဟုလည်း ၎င်းက ထောက်ပြခဲ့သည်။ လက်ရှိသမ္မတ ယာနူကိုဗစ်ခ်ျသည် မဟာမိတ် ရုရှားကိုသာ ဆက်လက်ဖက်တွယ်ပြီး ဥရောပယူနီယံနှင့် ပူးပေါင်းခွင့်ကို ငြင်းဆန်ခဲ့သည့်အပေါ် ကယ်ရီက ရည်ညွှန်းသွားခြင်း ဖြစ်သည်။ ထိုအချိန်တွင် ယူကရိန်း သမ္မတ မာကိုလာ အာဇရော့ဗ်က ဆန္ဒပြသူများ အနေဖြင့် ရာဇဝတ်မှု စွဲချက်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ ၎င်းက ဆန္ဒပြသူများသည် အကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် လှုံ့ဆော်ရာ ရောက်နေကြောင်း စွပ်စွဲခဲ့သည်။ သို့သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာနကမူ ငြိမ်းချမ်းစွာ ဆန္ဒပြသူ ပြည်သူတိုင်းကို အင်အားသုံး ဖြိုခွဲခြင်း မပြုရန် ရဲတပ်ဖွဲ့ကို အတိအလင်း အမိန့်ပေးထားကြောင်း သိရှိရသည်။

Planet Myanmar Network

Monday, December 2, 2013

ကျေးလက်မီးလင်းရေးအတွက် ချထားပေးသော ဆိုလာမီးများအား အာမခံချက် မကောင်းသည့် ကုမ္ပဏီတစ်ချို့ ကြောင့် ကျေးလက်ပြည်သူ များ အခက်မကြုံချင်


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်မီးမရရှိသေးသောဒေသများ အတွက် ဆိုလာမီးများအား ကျသင့်ငွေတစ်ဝက်အား တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ကျခံပြီး ကျန်တစ်ဝက်အား ကျေးလက်နေပြည်သူများမှ ကျခံ ပြီး ဆောင်ရွက်ပေးလျှက်ရှိနေရာတွင် ကုမ္ပဏီတစ်ချို့၏
မသမာမှုများ ကြောင့် အာမခံကာလမတိုင်မီပျက်စီးမှုများဖြင့် ကြုံတွေ့ရင် ဆိုင်နေကြရသဖြင့် နောက်ထပ် ထပ်မံချထားပေးမည့် ဆိုလာမီးစနစ်တွင် အာမခံချက်မကောင်းသည့် ကုမ္ပဏီများကြောင့် အခက်အခဲများမတွေ့ကြုံ ချင်တော့ကြောင်း ဟုမ္မလင်းမြို့နယ် ဒေသခံတစ်ဦးမှ သလ္လာဝတီတိုင်းမ် ကိုပြောကြားခဲ့ပါတယ်။
" တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လျှပ်စစ်မီးမရရှိသေးတဲ့ ဒေသတွေကို အခုလိုမျိုး စေတနာရှေ့ထားပြီး ဆောင်ရွက်ပေးနေတာကို အထူးကျေးဇူး တင်ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ကို ရောင်းချပေးတဲ့ ကုမ္ပဏီတွေက (၁)နှစ် အာမခံဆိုပြီးတော့ ရောင်းချပေးပါတယ် ဒါပေမဲ့ ပစ္စည်းက တစ်ချို့ဆိုရင် (၁)နှစ် မဆိုထားနဲ့ (၁)လနဲ့လည်းပျက်တယ်။တစ်ချို့ဆိုရင် ရက်(၁)ပတ်
တောင်မခံပါဘူးပျက်တော့တာပါဘဲ။
အဲဒီလိုပျက်စီးသွားပြီဆိုရင် အာမခံကာလကလည်းမပြည့်သေးတာတော့ မှန်ပါတယ် ဘယ်ကို သွားပြီးပြင်ရမှာလဲ။ တိုင်းရုံးစိုက်တဲ့ မုံရွာမြို့ကိုသွားပြီးတော့ပြင်ရမှာလား။ မုံရွာနဲ့ နီးပြီး လမ်းပန်ဆက်သွယ်ရေးကောင်းတဲ့ ဒေသ ဆိုရင်တော့ လွယ်ကူတာပေါ့ ။ ဝေးလံခေါင်းပါးတဲ့ ဒေသတွေဆိုရင် ဒီပစ္စည်း ကို သွားပြင်ဘို့ လမ်းစရိတ် စားစရိတ် နဲ့ ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်မှာ လဲ။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကလည်း အခုလိုစေတနာတွေရှေ့ထား ပြီးဆောင်ရွက်တဲ့နေရာမှာ တိုင်းဒေသကြီးအစိုးရအနေနဲ့လည်း လုပ်ဆောင် ပေးရကျိုးနပ်အောင် တစ်ကယ့် အရည်အသွေးမှန် ပစ္စည်းမှန် တွေကို တင်သွင်းရောင်းချပေးနိုင်တဲ့ ကုမ္ပဏီတွေကို ရွေးချယ်ပေး
နိုင်ဘို့ လိုအပ်မယ်" လို့ ဟုမ္မလင်းမြို့နယ်မှ ဒေသခံတစ်ဦးက ဆိုပါတယ်။
" ကျွန်တော်တို့ ပုလဲမြို့နယ်မှာ တိုင်းအစိုးရအဖွဲ့က ဆိုလာမီးတွေကို စီစဉ် ပေးတာ အများကြီးဝမ်းသာပါတယ်။ ဒါပေမဲ့ ဆိုလာမီးတွေက (၁)နှစ် အာမခံလို့သာပြောတယ် (၁)လတောင်မခံဘူးဖြစ်နေတော့ စိတ်ပျက်မိ တယ်။ ကျွန်တော်ထင်တာတစ်ခုတော့ရှိပါတယ် အာမခံမယ်ဆိုပြီး တိုင်းအစိုးရအဖွဲ့ဝင်လူကြီးတွေကို ယုံကြည်အောင်လိမ်ညာပြီး ပြောဆိုကာ သူတို့ကိုပြသတဲ့အချိန်မှာ ပစ္စည်းကောင်းတာလေးတွေ ချပြပြီး နယ်တွေကို ချပေးပြီးဆိုမှ အရည်အသွေးမမှီတဲ့ ပစ္စည်းတွေ ကိုချပေး တာလဲဖြစ်နိုင်ပါ တယ်။
အဲလိုမှမဟုတ်ရင်လဲ လူကြီးတွေက သူတို့နဲ့ ရင်နှီးတဲ့ပုဂ္ဂိုလ်တွေ ကုမ္ပဏီတွေ ကို ချပေးလို့ အခုလိုအဖြစ်တွေနဲ့ရင်ဆိုင်ကြုံတွေရတာလည်း ဖြစ်နိုင်တယ်လို့ " ပုလဲမြို့နယ်မှ ဒေသခံတစ်ဦးက ဆိုပါတယ်။
အရည်အသွေးမမှီဆိုလာများရောင်းချမှုများနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးမှ ကုမ္ပဏီတစ်ချို့ကို စစ်ဆေးဆောင် ရွက်လျှက်ရှိနေပြီး နောက်ထပ်ချထားပေးမည့် အစီအစဉ်များအားယခုကဲ့ သို့ အဆင်မပြေမှုများ မကြုံတွေရအောင် စီစဉ်နေလျှက်ရှိကြောင်းလည်း တိုင်းအစိုးရရုံးအဖွဲ့ ၀န်ထမ်းတစ်ဦးထံမှသိရပါသည်။