Pages

Friday, September 27, 2013

တရုတ် ဗိုလ်ချုပ်ကြီးတစ်ဦး၏ သားအုပ်စုလိုက် မုဒိမ်းကျင့်မှုဖြင့် ထောင် ၁၀ နှစ်ကျ


ကြာသပတေးနေ့က တရုတ် ဗိုလ်ချုပ်ကြီးတစ်ဦး၏ ဆယ်ကျော်သက်အရွယ် သားဖြစ်သူကို အုပ်စုလိုက် မုဒိမ်းကျင့်မှုဖြင့် တရားရုံးတစ်ခုက ထောင် ၁ဝနှစ် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း တရားရုံး အာဏာ ပိုင်များက ပြောကြားခဲ့ သည်။ ၎င်းသားအား တရားခွင် စစ်ဆေးမှုက တရုတ်အထက်တန်း လွှာတို့၏ဘဝကို မီးမောင်းထိုးပြနေခဲ့သည်။

အသက် ၁ရ နှစ် လီထျန်ယီ နှင့် အခြားအမျိုးသားလေးဦးတို့ သည် ဖေဖော်ဝါရီလက ဘေဂျင်း ရှိ ဟိုတယ် တစ်ခု၌ အမျိုးသမီးတစ် ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်မှုတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည် ဟု အတည် ပြုထားသည်။

လီထျန်ယီ၏ဖခင်မှာ တရုတ် စစ်တပ်၏ အနုပညာအကယ်ဒမီ တွင် ဂီတဌာနမှူးဖြစ်ပြီး မျိုးချစ် သီချင်းများ သီဆိုရာတွင် ကျော် ကြားသူဖြစ်သည်။ မိခင်ဖြစ်သူ မုန်းကယ်မှာလည်း ထင်ရှားသည့် အဆိုတော်တစ်ဦး ဖြစ်သည်။ တခြားတရားခံ လေးဦး ကိုလည်း ထောင်ဒဏ် သုံးနှစ်မှ ၁၂ နှစ်အထိ ချမှတ်ခဲ့ကြောင်း တရား ရုံးအာဏာပိုင်များက ပြော ကြားခဲ့သည်။ အယူခံ ဝင်၊ မဝင် ကိုမူ ချက်ချင်းမသိရသေးပေ။ တရားခွင် မစမီကပင် ပြစ်ဒဏ်ချ မှတ်ခံရပါက အယူခံဝင်မည်ဟု လီ ၏မိသားစုက ပြောကြားခဲ့သည်။

Ref-AFP

အကြိမ် (၁၃၀) ကျော် အတိုက်ခိုက် ခံရသည်ကို RCSS ပြန်လည်သုံးသပ်


၅ ကြိမ်မျှ အပစ်ရပ်ရေး လက်မှတ် ထိုးထား ပါလျှက်နှင့် အကြိမ် (၁၃၀) ကျော် အတိုက်ခိုက် ခံခဲ့ ရသဖြင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)သည် ဒေသတွင်း တိုက်ပွဲလျှော့ချရေး အတွက် အကြို ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ပြီးခဲ့သည့် စက်တင်ဘာလ လယ်ပိုင်းတွင် ကျင်းပ ခဲ့ကြောင်း ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆိုင်မိဏ်း ကဆိုပါသည်။

 “ကျနော်တို့ ဆက်ဆံရေးရုံးဖွင့်ထားတဲ့ မြို့နယ်တဝိုက်မှာဆိုရင် တိုက်ပွဲတွေမဖြစ်သလောက်ပါဘဲ။ ဆိုတော့ နောက်ထပ် ဆက်ဆံရေးရုံးတွေ ထပ်ပြီး ဖွင့်လှစ်ရမဲ့ အခြေအနေမှာ ရှိနေတယ်။ ပြီးတော့ သက်ဆိုင်ရာ တပ်မှူးတွေ လှုပ်ရှားတဲ့ အခါမှာလည်း ဘယ်ဆက်ဆံရေးရုံးကို ဆက်သွယ် အကြောင်းကြား ထားရမယ် ဆိုတဲ့ ညှိနှိုင်းတဲ့ တွေ့ဆုံပွဲ ဖြစ်ပါတယ်” ဟုဆိုပါသည်။

RCSS သည် တိုက်ပွဲဖြစ်ပွားမှု လျော့ချနိုင်ရန် ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က RCSS ကိုယ်စား လှယ် နှင့် ကရင် အမျိုးသား အစည်းအရုံး KNU ကိုယ်စားလှယ်တို့  ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် နေပြည်တော်၌ သွားရောက် တွေ့ဆုံသည့် ခရီးစဉ်၌ တင်ပြ တောင်းဆို ထားပါသည်။

သို့သော်လည်း တွေ့ဆုံပွဲ နောက်ပိုင်း စက်တင်ဘာ (၁၆) ရက်နေ့က စပြီး  အစိုးရ တပ်ဖွဲ့များသည် RCSS တပ်ဖွဲ့ များရှိရာ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည် တောင်ပိုင်းနှင့် ရှမ်းပြည် အရှေ့ပိုင်း ဒေသများတွင် လိုက်လံ တိုက်ခိုက် ခဲ့သဖြင့် နှစ်ကြိမ်ထက် မနဲ တိုက်ပွဲဖြစ်ပွား ခဲ့ပြန်ပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၂) ရက်နေ့က ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့နယ် ရှိ RCSS တပ် ဖွဲ့ကို အစိုးရ ခလရ (၁၇) တပ်ဖွဲ့တို့က လာရောက် တိုက်ခိုက် သောကြောင့် ရင်ဆိုင် တိုက်ပွဲ (၁) နာရီ ခန့် ဖြစ်ပွား ခဲ့ရာတွင် အစိုးရ တပ်ဖွဲ့ဘက်က တစ်ဦး ကျဆုံး သွားခဲ့ကြောင်း။

စက်တင်ဘာလ (၂၃) ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နတ်မော် လွယ်ငြိင်းရွာ အနောက် ဘက်တွင် အစိုးရ တပ်ဖွဲ့ ခလရ (၁၅၁) တပ်ဖွဲ့နှင့် RCSS/SSA တပ်ဖွဲ့တို့ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန် တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ရာတွင် အစိုးရ တပ်ဖွဲ့ ဘက်က တပ်ကြပ်ကြီး (၁) ဦး၊ တပ်ကြပ် (၁) ဦး၊ ဒုတပ်ကြပ် တစ်ဦး ကျဆုံး သွားခဲ့ပြီး (၃) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း။

ယင်းနေ့၌ပင် ရှမ်းပြည် အလယ်ပိုင်းရှိ ကွန်ဟိန်းမြို့နှင့် မိန်ပူကြီး ကြားရှိ တာဖါခေါင် သံလျင် ကူးတိုဆိပ် အနီးတွင် RCSS/SSA တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့ ခလရ ၂၂၇ တပ်ဖွဲ့တို့က (၉) နာရီခန့်ကြား ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် အစိုးရတပ်ဖွဲ့ဘက်က ဗိုလ်ကြီး တစ်ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၂ ယောက်နှင့် တပ်သား ၁ ဦး ကျဆုံးသွား ကာ တပ်ကြပ်ကြီး ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး ဒဏ်ရာ ရရှိခဲ့ပြီး RCSS/SSA တပ်ဖွဲ့ဘက်က တပ် သား ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြသည်ဟု ဆိုပါသည်။

ရှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ ဟိုင်းနန်းကျေးရွာအုပ်စု ပြူပေါ ကျေးရွာတွင် အစိုးရ တပ်ဖွဲ့ ခမရ ၅၁၃ တပ်ဖွဲ့တို့က ထောင်ထားသည့် မိုင်းကို နင်းမိကာ ပါနန်လွန် အသက် (၅၇) နှစ်၊ နန်မေစု အသက် (၈) နှစ်နှင့် နန်မေတူ အ သက် (၇) နှစ် သားမိ (၃) ဦး ဒဏ်ရာ ရရှိ သွားခဲ့ကြောင်း ဗိုလ်မှူးကြီး စိုင်လောဝ်ဆိုင် ကဆိုပါသည်။

အစိုးရ တပ်ဖွဲ့ဘက်က နယ်မြေ ရှင်းလင်းရေးကို အကြောင်းပြုကာ RCSS/SSA တပ်ဖွဲ့ရှိရာသို့ ရောက်ရှိ လာခဲ့ပြီး RCSS ဘက်မှ ပြန်လည် ခုခံ တိုက်ခိုက် သောကြောင့် ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွား ခဲ့ရသည်ဟု ဆိုပါသည်။

ဤကဲ့သို့ အစိုးရ တပ်ဖွဲ့များမှ လိုက်လံတိုက်ခိုက်နေမှုကြောင့် RCSS သည် ပါတီပိုင်း ဆိုင်ရာ အကြို ညှိနှိုင်း ပွဲ တ ရပ်ကို စက်တင်ဘာလ (၁၈) ရက်နေ့မှ (၁၉) ရက် နေ့ အထိ ရှမ်းပြည် တောင်ပိုင်းရှိ ဟိုမိန်မြို့နယ်ခွဲ နှင့် မိန် ထား မြို့နယ်ခွဲ အကြားရှိ (လွိုင်တိုင်းလျန်း) ဗဟိုဌာနချုပ်၌ ကျင်းပခဲ့ရခြင်း ဖြစ် သည်ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆိုင် မိဏ်းက ဆိုပါသည်။

ဤကဲ့သို့ အစည်းအဝေး ကျင်းပပြီးနောက် RCSS သည် ပြီးခဲ့သည့် စက်တင်ဘာ (၂၀) ရက်နေ့တွင် တောင်ကြီးမြို့ တွင် ကျင်းပသည့် ရှမ်းကယားမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း အစည်း အဝေးသို့ တက်ရောက် ခဲ့ပါသည်။

ယင်းအစည်း အဝေးသို့ တက်ရောက်နေစဉ် နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းက တွေ့ဆုံ လိုသည်ဟု ဖိတ်ကြားရာ RCSS ကိုယ်စားလှယ်သည် ရှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နှင့် ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ့မြို့တို့၌ RCSS ဆက်ဆံရေးရုံး ဖွင့်လှစ် ပေးပါရန် ထပ်မံ တင်ပြ ခဲ့ပါသည်။

RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်၏ သြဂုတ်လ ပြည်တွင်း ခရီးစဉ် တွင်လည်း  ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ RCSS တို့သည် ရှမ်းပြည်တောင်ပိုင်း အတွင်း၌သာ တပ်စွဲ ထားသင့် သဖြင့် မိုင်းပန်မြို့တွင်ဆက် ဆံရေးရုံး ဖွင့်ခွင့်ပေးခဲ့သော်လည်း ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ဆက်ဆံရေးရုံးကိုမူ အစိုးရဘက်ကဖွင့် လှစ် ခွင့်မပေးခဲ့ကြောင်း ဦးအောင်မင်းက ဆိုပါသည်။

RCSS ၏ ဆက်ဆံရေးရုံး များသည် လောလောဆယ်၌ (၅) နေရာ ရှိပါသည်။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ၊ ရှမ်းပြည် အလယ်ပိုင်း ခိုလံမြို့၊ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၊ မိုင်းဆတ်မြို့နှင့် တာချီလိတ်မြို့ ဟူ၍(၅) နေရာမျှ သာရှိပါသည်။ ၂၀၁၁ ခုနှစ်ကုန်ပိုင်း၌ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့စဉ် နေရာ (၁၀) ခု ဖွင့်လှစ်ရန် သဘော တူထား ခဲ့ပါသည်။

ရွှေဟင်္သာ 

Thursday, September 26, 2013

ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ကရင်နှစ်သစ်ကူးကို စုပေါင်းကျင်းပရန် စီစဉ်


၂၀၁၃ ခုနှစ် ကရင်နှစ်သစ်ကူး ပွဲတော်ကို ကရင် လက်နက်ကိုင် အဖွဲ့အစည်းများမှ တနေရာတည်း စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် မြ၀တီခရိုင် ရွှေကုက္ကိုမြိုင်၌ ယနေ့ အစည်းအဝေးကျင်းပသွားခဲ့သည် ဟု ပြောခွင့်ရသူ အစိုးရ နယ်ခြား စောင့်တပ်မှ ဗိုလ်မှူးချုပ် ချစ်သူက ဆိုပါသည်။

“ မြို့နယ် ငါးခုကို တနေရာထဲ စုပေါင်း ကျင်းပဖို့ ဆွေးနွေးနေကြတာ ဖြစ်တယ်။ အပြီးသတ် အစီအစဉ် ကိုတော့ လာမည့် အောက်တိုဘာ (၁၅)ရက်နေ့မှာ ထပ်မံ ဆွေးနွေးကြမှာ ဖြစ်တယ်။ လူပေါင်း သုံးရာ လောက်တက်မယ် ထင်ပါတယ်” ဟု ဆိုပါသည်။

ကော့ကရိတ်၊ ဖါးအံ၊ လှိုင်းဘွဲ၊ မြ၀တီနှင့် ကြာအင်း ဆိပ်ကြီး မြို့နယ်မှ ကျေးရွာ အုပ်စု (၁၇၀) မှ ကိုယ်စား လှယ်များ တက်ရောက် ခဲ့ကြပါသည်။ ထို့အပြင် ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ကရင် အမျိုးသား အစည်းအရုံးနှင့် အစိုးရ နယ်ခြား စောင့်တပ် အဖွဲ့မှ ကိုယ်စားလှယ်များ၊ ဖလုံစဝေါပါတီ၊ ဇွဲက ပေါင်ပါတီနှင့် ကရင် အမျိုးသား စာပေ ယဉ်ကျေးမှု အနုပညာ ဂီတ အစည်းအရုံးမှ ကိုယ်စားလှယ်များပါ မကျန် တက်ရောက် ခဲ့သည်ဟု ဆိုပါသည်။

စစ်ရေး အခမ်းအနားကို ပူးပေါင်း ဆောင်ရွက်ရန် စီစဉ် ထားပြီး၊ အထူးသဖြင့် KNU နှင့် BGF တပ်များ ပါဝင် မည် ဖြစ်ရာ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီနှင့် BGF မှ ဗိုလ်မှူးချုပ် ချစ်သူတို့ တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

နှစ်သစ်ကူး ပွဲတော်အား ပူးပေါင်း ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်သည် ကရင် တမျိုးသားလုံး ညီ ညွတ်ခြင်းကို ပြသရာ ရောက်စေပြီး ကွဲပြားနေသော ကရင် လက်နက်ကိုင်များ၊ ပြန်လည် ပေါင်းစည်း ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် အားမာန်သစ်များ ဖြစ်လာရန် သင်္ကေတ သဘောကို ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ချစ်သူက ဆိုပါသည်။

ကရင် လက်ကိုင်အဖွဲ့ စုစုပေါင်း (၈) ဖွဲ့ ခန့် ရှိနေပြီး ထိုအထဲတွင် KNU နှင့် BGF သည် အင်အား အ များဆုံးဟု ယူဆရပါသည်။ နိုင်ငံရေး ပါတီတွင်မူ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင် ထား သော ကရင်နိုင်ငံရေး ပါတီ (၄) ပါတီ ရှိပြီး  တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တွင် အခြေခံထားပါ သည်။

ကရင် လူမျိုးများသည် မြန်မာနိုင်ငံ၏ တတိယ အများဆုံး လူဦးရေ ရှိသည့် လူမျိုးဖြစ်ပါသည်။ စစ်ရေးအရ လည်းကောင်း၊ နိုင်ငံရေးအရ လည်းကောင်း၊ အမျိုးမျိုး ကန့်သတ် ခံနေရခြင်းကြောင့် ရွေးကောက်ပွဲ တိုင်း တွင် နစ်နာခဲ့ရသည်ဟု ဆိုကြပါသည်။ ကရင်လူမျိုးများ မှတ်ပုံတင် မရှိခြင်း၊ နိုင်ငံရေးအရ ရွေးကောက် ပွဲနယ် ကန့်သတ်ခံရခြင်း၊ စစ်ရေးအရ ကန့်သတ် ခံရခြင်းများ ခံခဲ့ရသည်ဟု ဆိုပါသည်။

ဤစနစ်ဆိုးမှ လွတ်မြောက်နိုင်ရန် ကရင် လက်နက်ကိုင် အဖွဲ့အစည်းများသည် အမျိုးသား ပြန်လည် ရင် ကြားစေ့ရေးကို ဦးတည်သည့် အနေဖြင့်လာမည့် ပြာသိုလဆန်း တရက်နေ့တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့ကို စုပေါင်း ကျင်းပခြင်း အားဖြင့် ညီညွတ်မှုကို ပြသကြတော့မည် ဖြစ်ပါသည်။




ခိုင်ပြည်နယ်အတွင်း ပုဒ်မ(၁၈)ဖြင့် ထောင်ချခံရမှု များပြားလာသဖြင့် ဒေသခံအဖွဲ့အစည်းများ ကန့်ကွက်


ရခိုင်ပြည်နယ်အတွင်း ပုဒ်မ(၁၈)ဖြင့် ထောင်ချခံရမှု ဆက်တိုက်ရှိနေခဲ့ရာ ဒေသခံ လူမှုအဖွဲ့အစည်းတစ်ချို့မှ ကန့်ကွက် ပြောဆိုမှုများ ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါပုဒ်မ ၁၈ ဖြင့် ထောင်ချ ခံထားရသူများသည် အနည်းဆုံး ထောင်ဒဏ် သုံးလ စီချမှတ်ခံခဲ့ရပြီး သံတွဲ၊ ကျောက်တော်၊ ရသေ့ တောင်၊ တောင်ကုတ်မြို့များမှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းတွင် ဦးဆောင်ပါဝင် သူများနှင့် တစ်ကိုယ်တော် ဆန္ဒပြသူများလည်း ပါဝင်ကြောင်း သိရသည်။

အလားတူစွာပင် ရသေ့တောင်မြို့မှ ပုဒ် မ ၁၈ ဖြင့် တရားစွဲဆိုခံထားရသူ နှစ်ဦးဖြစ်သော ကိုတိုးတိုးနှင့်ကို သိန်းဌေးတို့ကိုလည်း စက်တင်ဘာ ၂၃ ရက်က ရသေ့တောင် မြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလစီ ချ မှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထောင်ဒဏ်ချမှတ်ခြင်းများနှင့် ပတ်သက်ပြီး ရသေ့တောင်မြို့မှ ဒေသခံ တစ်ဦးက ''အခုထောင်ချတယ် ဆိုတာကလည်း သူတို့က ဦးဆောင်သူမဟုတ်ဘူး။ ဦးဆောင်တာက သံဃာ တွေ ဦးဆောင်ပြီး စာတင်တယ်။ ဆန္ဒထုတ်ဖော်တယ်။ အဲဒါကို မဆီမဆိုင်နှစ်ဦးကို တရားစွဲပြီး ထောင်ချ တာ ဖြစ်တဲ့အတွက် ဒေသခံတွေကလည်း ဒီအပေါ်မှာ အမြင်မရှင်းသလို၊ တရားစီရင်ရေးဟာ မျတမှု  မရှိဘူးလို့ မြင်နေကြတယ်။ အဲဒါကို သံဃာထုကလည်း ကန့်ကွက်နေကြပါတယ်''ဟု ပြောကြားသည်။

ထို့အတူပင် သံတွဲမြို့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ ကိုစိုးဝေအား သုံးကြိမ် ဆန္ဒထုတ်ဖော်ခဲ့မှုဖြင့် စက်တင်ဘာ ၉ ရက်က သံတွဲတရားရုံးမှ ထောင်ဒဏ် ၉ လ ချမှတ်ခဲ့ခြင်းအပေါ် ဒေသခံများက မကျေ မနပ်ဖြစ်လျှက်ရှိရာ ဒေသခံတစ်ဦးဖြစ်သူ ဦးမြင့်မိုးက ''ဒီပုဒ်မ ၁၈ နဲ့ ထောင်ချတဲ့ ကိစ္စကို တစ်ယောက်မှ မကျေနပ်ကြဘူး။ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်မှာကျတော့ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ကျခံစေလို့ မပါဘဲ တိုက်ရိုက်ကြီး ထောင်ဒဏ်သုံးလ ကျခံစေဆိုတဲ့အချက်က အများကြီး ကွဲလွဲနေတာကို တွေ့ရပါတယ်။ ဒါ ကြောင့် ပြည်သူတစ်ရပ်လုံး မကျေမနပ် ဖြစ်နေကြပါတယ်''ဟု ဆိုသည်။

ယင်းအပြင် စက်တင်ဘာ ၁၃ ရက်ကလည်း တောင်ကုတ်တရားရုံးမှ ကိုစိုးဝင်း၊ ကိုမင်းထွန်း(ခ)သုံးလုံးနှင့် ကိုသန်းလွင်စိုးတို့အား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုကိစ္စနှင့်ပတ် သက်ပြီး တောင်ကုတ်မြို့ ရခိုင်လူမှုကွန်ယက်မှ ကန့်ကွက်သော ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။ ယင်းနှင့်ပတ်သက်ပြီး တောင်ကုတ် ရခိုင်လူမှုကွန်ယက်မှ ကိုဇေယျကျော်က ''တောင်ကုတ်က ကိုစိုး ၀င်းတို့သုံးဦး ကို ပုဒ်မ ၁၈ နဲ့ထောင်ဒဏ်ချမှတ်တာဟာ လုံးဝမတရားဘူးလို့ ယူဆတယ်။ ဒါကြောင့် ကျွန် တော်တို့က ကန့်ကွက်သလို တောင်ကုတ် မြို့သူမြို့သားတွေကလည်း မကျေနပ်ကြဘူး'' ဟု ပြောကြား ခဲ့သည်။

Eleven Media Group

ကင်တားနားအား မြန်မာ့လူ့အခွင့်အရေး ကိုယ်စားလှယ် တာဝန်မှ ရပ်နား


 ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကင်တားနားအား ရာထူးသက် တမ်းကို ထပ်မံတိုးပေး တော့မည်မဟုတ်ဘဲ ရပ်ဆိုင်းတော့ မည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၄ရက်ကပြု လုပ်ခဲ့သော ကုလသမဂ္ဂလူ့ အခွင့်အရေးဆိုင်ရာ အစည်းအဝေးတစ်ခုတွင် ယင်း သို့ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ''သူ့ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူအဖြစ် တာဝန်သက်တမ်းကို ထပ်မံတိုး မပေးတော့တာလို့ သိရပါတယ်။

သူ့နေရာမှာ အသစ်တစ်ဦး ခန့်ထားရမှာဖြစ် ပါတယ်''ဟု နိုင်ငံ တော်သမ္မတ ရုံးမှ တာဝန်ရှိသူတစ်ဦးက အ တည်ပြုပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအင် အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ''အရင် စစ်အစိုး ရလက်ထက်ကတည်းက သူလာခဲ့တယ်။ အကျဉ်းထောင်တွေထဲဝင်ကြည့်တယ်။ တွေ့တယ်၊ ဆုံတယ်၊ ပြန် သွားတယ် စတာတွေလုပ်ခဲ့တယ်။ ဒါပေမဲ့ သူလုပ်ကိုင်တာတွေနဲ့ ပတ်သက်လို့ စစ်အစိုးရက အရေး တယူ လုပ်ခဲ့တာ မရှိဘူး။ ကင်တားနားကြောင့်လဲ ကျွန်တော်တို့ ထောင်ထဲက လွတ်ခဲ့တာမဟုတ်ပါဘူး။ အခုချိန်ကျတော့ လူ့အဖွဲ့ အစည်းဟာ ပွင့်လင်းလာပြီဆိုတဲ့အချိန်မှာ ကင်တားနားအနေနဲ့တော့ မြန်မာနိုင်ငံ နောက်ဆုံး ခရီးစဉ်မှာ ဘုန်းတော်ကြီးတွေကို မရိုမသေလုပ်တယ်၊ ဘက်လိုက် မှုတွေရှိတယ်ဆိုပြီးတော့ သူ့ကို ပြောဆိုကြတာတွေရှိတော့ ကုလသမဂ္ဂအနေနဲ့ စဉ်းစားမယ်ထင်တယ်။ နောက် သူ့ရဲ့သက်တမ်း ကုန် တာလဲ ဖြစ်နိုင်ပါတယ်''ဟု ပြောသည်။

ကင်တားနားသည် မြန်မာနိုင်ငံ၏နောက်ဆုံးဆယ်ရက်ကြာ ခရီးစဉ်အတွင်း ဩဂုတ်လအတွင်းက မိတ္ထီလာ မြို့သို့ရောက်ရှိစဉ် ဒေသခံများက သူ၏လမ်း ကြောင်းအား ပိတ်ဆို့ကာ ယင်း လိုက်ပါစီးနင်းလာသော ကားအား ဝိုင်းဝန်းထုနှက်ခဲ့ကြကြောင်း ဩ ဂုတ်၂၁ရက်တွင် ရန်ကုန်လေဆိပ်၌ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင်ပြောကြားခဲ့ပြီး ယင်းပြော ကြားချက်အား ပြန်ကြားရေးဝန် ကြီးဌာနဒုတိယဝန်ကြီးဦးရဲထွဋ် က ယင်း၏ပြောကြားချက်သည် မှန်ကန်မှုမရှိကြောင်းနှင့် ပြည်သူများက ယင်းအား အေးချမ်း စွာဆန္ဒပြရန် ရောက်ရှိနေခြင်း သာဖြစ်ကြောင်း၊ ယင်းလိုက်ပါစီး နင်းလာသောကားအား ပြည်သူများက ဝိုင်းဝန်းကန် ကျောက်သည် ဆိုသည်မှာမဟုတ်မှန်ကြောင်း ပြန် လည်ရှင်းလင်းခဲ့သည်။